9
Mar

ဆေးစစ်ခ မတတ်နိုင်၍ ဆေးယဉ်ပါးအိတ်ခ်ျအိုင်ဗီ လူနာများ အခက်တွေ့

ဆေးယဉ်ပါးမှုကြောင့် ဆေးဝါးပြောင်းလဲ သောက်သုံးရတော့မည့် အိတ်ခ်ျအိုင်ဗီ ကူးခံရသူများသည် ပိုးကောင်ရေ စစ်ဆေးရန် လိုအပ်သော်လည်း ဆေးစစ် ခမြင့်မားမှုကြောင့် လက်လှမ်း မမီဆဲ ဖြစ်နေကြောင်း Myanmar Positive Group (MPG) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗီပိုး အကောင်ရေတစ်သောင်းရှိရင် Second Line ပြောင်းသောက်ရတော့မယ်။ ဒါပေမဲ့ အဲလို ပိုးကောင်ရေစစ်ဖို့အတွက် ဈေးကြီးလွန်းတော့ မလုပ်နိုင်ကြဘူး။ ပိုးစစ်ခက တစ်သိန်းကျော်ရှိတယ်”ဟု MPG မှ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင် ကပြောသည်။

ဆေးဝါးပြောင်းလဲ သောက်ရမည့်သူများအတွက် စစ်ဆေးရမည့် စက်ကိရိယာများလည်း ရှားပါးမှုရှိနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်နေကြောင်း ဦးမျိုးသန့်အောင်ကပြောသည်။

ထို့အပြင် First Line မှ Second Line သို့ ပြောင်းရန် လိုအပ်၊ မလိုအပ်ကို မိမိဘာသာ မဆုံးဖြတ်ဘဲ ပိုးကောင်အရေအတွက် စစ်ဆေးခြင်းကို ဦးစွာ လုပ်သင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေထိုင်သူ နှစ်သိန်းတစ်သောင်းကျော်ရှိပြီး ARV ဆေးသောက်သုံးရန် လိုအပ်နေသူ တစ်သိန်းတစ်သောင်းကျော် ရှိသည်။ ၂၀၁၂ ခုနှစ် ဇွန်လအထိ ဆေးဝါး ရရှိ သူ လေးသောင်းလေးထောင်ကျော်သာ ရှိပြီး ဆေးဝါးလိုအပ်နေသူ ဦးရေ၏ သုံးပုံတစ်ပုံသာ ဆေးကုသမှု ပေးနိုင်သေးကြောင်း သိရသည်။

မကြာသေးမီက နိုင်ငံတော်အစိုးရက ARV ကျပ်သိန်းနှစ်ထောင်ကျော်ဖိုး ၀ယ်ယူရန် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် HIV Positive တစ်ယောက်အနေဖြင့် ARV ဆေးဝါးကုထုံး သောက်သုံးရန် လိုအပ်၊ မလိုအပ်ကို စစ်ဆေးသည့် CD4 စက်သည်လည်း ဒေါ်လာသောင်းဂဏန်း အထိရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ဆေးရန် ခက်ခဲကြောင်း သိရသည်။

မြတ်စုမွန်
 
7 Days News - ဆေးစစ်ခ မတတ်နိုင်၍ ဆေးယဉ်ပါးအိတ်ခ်ျအိုင်ဗီ လူနာများ အခက်တွေ့ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top