ရောဂါပိုးနဲ့ ဆေးဝါးယဉ်ပါးသွားတဲ့ ဆေးမတိုးမှုတွေ
မြန်မာပြည်မှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစပြီး သိသိသာသာ များပြားလာတယ်လို့
ရန်ကုန်အရှေ့ပိုင်း ဆေးရုံက တွဲဖက်ပါမောက္ခ သမားတော်ကြီး ဒေါက်တာဦးချစ်စိုး
ပြောပြချက်အရ သိရပါတယ်။ ပဋ္ဋိဇီဝဆေးတွေ များပြားလာပြီး ဆေးဝါး အလွယ်တကူ ဝယ်ယူရရှိမှု၊
ဆေးလည်ပတ်အောင် မသောက်သုံးမှု ဆေးကိုသောက်လိုက် ဖြတ်လိုက် ပြုလုပ်မှုတွေကြောင့်
ရောဂါပိုးဟာ ဆေးမတိုးတော့ဘဲ ဆေးယဉ်ပါးမှုတွေ ဖြစ်ရတာပါ။
ပဋ္ဋိဇဝဆေးကို ပေါင်မုန့်မှာပေါက်တဲ့ မှို၊ မစင်၊
မြောင်းထဲမှာ ပေါက်တဲ့မှို စသည်ဖြင့် မှိုတွေထဲက ထုတ်ယူတယ်လို့ သိရပါတယ်။
သမားတော်ကြီး ဒေါက်တာ ဦးချစ်စိုးက “မှိုက ဘက်တီရီးယား ကိုအနိုင်ကျင့်ချင်တယ်၊
ဘက်တီးရီးယားကို သတ်တဲ့ ဓာတ်ထုတ်တယ်။ အဲဒီဓါတ် (ပဋ္ဋိဇီဝ) ဆေးကို လူကိုထိုးတော့
လူထဲက ဘက်တီးရီးယားတွေ သေတာပေါ့။ ဒါပေမဲ့ ကြီးသူက အနိုင်ကျင်ရင် ငယ်သူက
ထွက်ပေါက်ရှာသလိုဘဲ ဘက်တီးရီးယားက ပြန်တိုက်ထုတ်ဖို့ အမြဲတမ်းကြံစည်တယ်။
ဆေးယဉ်ပါးမှု(ဆေးမတိုးမှုဟာ) တစ်ယောက်မှာဖြစ်ရင် အခြားတစ်ယောက်ကို သက်ရောက်မှု
ရှိတယ်လို့ ဆိုပါတယ်။
ပဋ္ဋိဆေးသုံးစွဲမှု စည်းကမ်း
ဆေးရုံတွေမှာ ပဋ္ဋိဆေးသုံးစွဲမှု စည်းကမ်းရှိပြီး
ဆရာဝန်ကော လူနာပါ ကျင့်သုံးသင့်တယ်လို့ သမားတော်ကြီး ဒေါက်တာ ဦးချစ်မိုးက
အကြံပြုပါတယ်။ ဆေးယဉ်ပါးမှုတွေကြောင့် ပိုးသတ်ဆေး အသစ်တွေ ပေါ်လာရတာပါ။ နောက်ဆုံးမှ
ပေါ်တဲ့ ပိုးသတ်ဆေးကို အသုံးပြုဖို့
အထူးကုဆီမှာ ခွင့်တောင်း သင့်တယ်လို့ သိရပါတယ်။
သမားတော်ကြီး ဒေါက်တာဦးချစ်စိုးက“ပဋ္ဋိဇီဝ
ဆေးဝါးသုံးစွဲမှု စည်းကမ်းမရှိကြဘူး၊ လက်သင့်ရာသုံးကြတယ် ဆေးကုမ္ပဏီက နမူနာပေးတာလဲ
သုံးကြတယ်၊ နမူနာပေးတယ် ဆိုကတည်းက နည်းနည်းဘဲပေးတာ။ ဒီတော့ ကိုစ့်
ပြည့်အောင်မပေးနိုင်ဘူး တကယ်က တစ်ချို့ဆေးတွေဆိုရင် ရောဂါပိုးနဲ့ ပေးမတွေ့ရဘူး၊
ဖုံးထားဖို့လိုတယ်၊ ၀ှက်ထားဖို့လိုတယ်လို့ ပြောပါတယ်။
မွတ်စလင် ဆေးရုံက ဒေါက်တာသီတာက “အခြေခံဆေး
အရင်သုံးပြီး အဆင်မပြေမှ ပိုးသတ်ဆေးသုံးသင့်တယ်။ ရိုးရိုးဖျားနာရင် ပါရာစီတမော
မသောက်ချင်ကြဘူး။ ကြောငြာများရင် ကောင်းတယ်လို့ ယူဆပြီး ဈေးဘယ်လောက်ကြီးကြီး ၀ယ်သောက်ကြတယ်
ဆေးယဉ်ပါးမှုက ဟိုလူ့မှာဖြစ်လိုက် ဒီလူ့မှာဖြစ်လိုက်နဲ့ ယဉ်ပါးမှုတွေ
ဖြစ်နေပြီ”လို့ဆိုပါတယ်။ တီဘီဆေး ငှက်ဖျားဆေးတွေမှာ ယဉ်ပါးမှုတွေဖြစ်တာ
ပိုဆိုးတယ်လို့ ဒေါက်တာသီတာက ဆိုပါတယ်။
အလွယ်တကူ ဆေးမရောင်းသင့်
ဖျားလို့ ခေါင်းကိုက်လို့ ဆိုပြီး ဆေးအရောင်းဆိုင်
ကွမ်းယာဆိုင်တွေကို သွားလိုက်တာနဲ့ ဆေးစပ်ပြီးသားတို့ နောက်ဆုံးပေါ်
ဈေးအကြီးဆုံးဆေးတွေကို ဝယ်ယူလို့ရပါတယ်။ ဈေးအကြီးဆုံး ဆေးတွေကို သောက်ပြီး
ခေါင်းကိုက်ဖျားနာတာနဲ့ အထူးကုတွေဆီကို လူတွေက ပြေးကြပါတယ်။ အဲဒီမှာ အထူးကုက
ဘာဆေးသောက်ထားလဲ မေးတဲ့အခါမှာ ဆေးတော်တော်များများက သောက်ပြီးသားဖြစ်နေတဲ့
အခါကျတော့ အချို့အထူးကုတွေ ပိုကောင်းပိုပြင်းတဲ့ ဆေးတွေပေးကြတယ်လို့ သိရပါတယ်။
ဂျီပီ တစ်ချို့ကလဲ ပဋ္ဋိဇီဝဆေး အကောင်းစား၊ အပြင်းစားတွေကို ပေးလာကြတယ်လို့
ဆိုပါတယ်။
ဒေါက်တာ သီတာက “တကယ်ဖြစ်သင့်တာက လူနာတွေ
နေမကောင်းရင် ဂျီပီကို အရင်တိုင်ပင်သင့်တယ်၊ ဂျီပီက အရင်စမ်းသပ်ပြီး လိုအပ်ရင်
သက်ဆိုင်တဲ့ ရောဂါရဲ့ အထူးကုဆီ ညွှန်ကြားမှသွားသင့်တယ်။ ဒီတော့ အထူးကုကလဲ ဂျီပီ
ဆရာဝန် ပေးလိုက်တဲ့ လူနာမှတ်တမ်းကိုကြည့်ပြီး ကုတဲ့အခါကျတော့ ပိုပြီးတော့
အဆင်ပြေတယ်” လို့ပြောပါတယ်။
ဆေးလည်ပတ်အောင်သောက်
လူတွေဟာ ဆေးခန်းသွားပြီး ဆရာဝန်ပေးတဲ့ဆေးကို
လည်ပတ်အောင် အသောက်တဲ့အတွက် ဆေးယဉ်ပါးမှုတွေ ဖြစ်တတ်ပါတယ်။ သမားတော်ကြီး
ဒေါက်တာချစ်စိုးက “ဆေးတစ်မျိုးကို ကိုစ့် ပြည့်အောင်မသောက်ရင် ပိုးတွေတစ်ခါတည်း
သေမသွာဘဲ သုတေသန လုပ်ခွင့်ရသွားတယ်။ အကောင်းဆုံးက သာမန်အားဖြင့် ပဋ္ဋိဇီဝဆေးကို
လိုမှပေးရတယ်။ ထိရောက်မယ့် ပဋ္ဋိဇီဝဆေးကို ပိုးသေလောက်တဲ့ ပမာဏ သေလောက်တဲ့ ကိုစ့်
ပေးရတာ။ ဥပမာ ပန်နီဆီလင် ဆယ်ရက်သောက်ရမှာကို ငါးရက်ပဲသောက်ရင် ခံနိုင်ရည်ရှိတဲ့
ပိုးဖြစ်သွားပြီ” လို့ပြောပါတယ်။
အိတ်ခ်ျအိုင်ဗွီ မှာလည်းဆေးယဉ်ပါးနိုင်
အိတ်ခ်ျအိုင်ဗွီမှာက ပိုးတွေ့တိုင်း ဆေးသောက်ဖို့
မလိုအပ်ပါဘူး။ CD4 Count ၂၀၀အောက် ရောက်မှ
သောက်ရတာပါ။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက် activist ဒေါက်တာစိုးကျော်က
“အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေအတွက် အဓိက အရေးကြီးဆုံးက နှစ်သိမ့်ဆွေးနွေးမှုဘဲ
ဗိုင်ရပ်ဘယ်လောက် ရှိသလဲပေါ်မှာ မူတည်ပြီး ကုသမှုခံယူရတာ အိတ်ခ်ျအိုင်ဗွီ ပိုးက
လူ့ကိုယ်ထဲမှာ တစ်နေ့ကို ဆယ်သန်းကျော် ပွားနေတာ အရမ်းကုလို့မရဘူး။ တစ်ရက်ပြတ်တာနဲ့
ဆေးယဉ်သွားနိုင်တယ်။ ဆေးက စသောက်တာနဲ့ ရိုးမြေကျသောက်ရမှာ ဆေးသောက်တဲ့ အဆင့်မှာလဲ
နှစ်သိမ့်ဆွေးနွေးဖို့ လိုပါတယ်” လို့ပြောပါတယ်။
အိတ်ခ်ျအိုင်ရှိသူတွေဟာ ဆရာဝန်ရဲ့
ညွှန်ကြားချက်မပါဘဲ ဘာဆေးကောင်းတယ်ဆို ဝယ်သောက်ကြပါတယ်။ အဲဒီမှ အခြားတစ်ယောက်က
ဒီဆေးကောင်းတယ် ဆိုရင်လဲ ပြောင်းသောက်ကြပြန်ပါတယ်။
ဒေါက်တာ စိုးကျော်က “အေ၊အာရ်၊ဗွီ (ပိုးထိန်းဆေး)
ကိုဘာကြောင့် သောက်လဲဆိုတော့ ပိုးထိန်းဖို့၊ ပိုးတားဖို့၊ လူ့အသက်ကို ဆွဲဆန့်နိုင်ဖို့
ပိုးလျော့ကျဖို့ CD4 Count ပုံမှန်အထိရောက်ဖို့ သောက်ကြတာ” လို့ဆိုပါတယ်။
ဆေးယဉ်ပါးရင် နောက်ပြောင်းမယ့်ဆေးက လက်ရှိဆေးထက်၊
ဘေးထွက်ဆိုးကျိုး ဆေးပြင်းမှု၊ ဈေးနှုန်း၊ အစစအရာရာ ပိုများတဲ့အတွက် သောက်သုံးသူတွေ
ဂရုစိုက်သင့်တယ်လို့ သိရပါတယ်။
ဆေးနဲ့ ဗိုင်းရပ်စ် စစ်ပွဲ
အရင်က စစ်ပွဲမှာ ဓါး၊လှံ နဲ့ခုတ်ကြတဲ့အခါ
ခြေလက်မှာ ဒဏ်ရာရကြပါတယ်။ အဲဒီအခါမှာ လူတွေဟာ ဒဏ်ရာကြောင့် သေရတာမဟုတ်ဘဲ
ပိုးဝင်လို့ သေကြရပါတယ်။ ပန်နီဆီလင် ပေါ်လာတဲ့အခါ ဆေးက ပိုးကိုနိုင်လာပါတယ်။
သမားတော်ကြီး ဒေါက်တာ ဦးချစ်စိုးက “ပြီးခဲ့တဲ့
ဆယ်နှစ်က စပြီး၊ ရောဂါသိတယ်၊ ပိုးသိတယ်၊ ဒါပေမဲ့ ခုနောက်ပိုင်း မပျောက်ဘူး
သေသွားတယ် အဲဒါဆေးကို ပိုးကပြန်နိုင်တာ၊ ဆေးတစ်မျိုးထုတ်နိုင်ဖို့ အနည်းဆုံး
ဆယ်နှစ်လောက် အချိန်ယူရတယ်။ စမ်းသပ်မှုတွေ အများကြီးလုပ်ရတယ်။ ဒါကြောင့်
လူတွေအားလုံး ဆင်ခြင်သင့်တယ်” လို့ပြောပါတယ်။
အစားအစာ ကြောင့်လည်း ဆေးယဉ်နိုင်
အသားတိုးမွေးမြူရေးလုပ်ငန်း အဓိက ကြက်၊ငှက်၊နွား၊
မွေးမြူရေးလုပ်ငန်းတွေမှာ ပဋ္ဋိဇီဝဆေးကို တစ်ခြံလုံးထိုးပါတယ်။ သမားတော်ကြီး ဒေါက်တာ
ဦးချစ်စိုးက “တရိစ္ဆာန်တွေထဲမှာ ပိုးတွေက ပျော်ပျော်ကြီး စမ်းသပ်လို့ရတယ်။
အဲဒီတိရစ္ဆာန်ကို ဆေးအရှိန် မကုန်သေးဘဲ ရောင်းလိုက်လို့ စားမိရင်လဲ လူတွေမှာ
ဆေးယဉ်ပါးနိုင်တယ်။ ဒါကြောင့် တိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးထားရင် ဆေးအရှိန်
မကုန်ခင် မရောင်းသင့်ဘူး” လို့ပြောပါတယ်။
The Kumudra Weekly (08/09/2006).




