12
Sep

ဆေးမသောက်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ (အမေးအဖြေ)

မေး။    ။ ကျွန်မ ရင်းရင်းနှီးနှီး ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်က သူ့မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတာသိတယ်။ စီဒီဖိုးက ၂၅၀ ၀န်းကျင်မှာ ရှိတယ်။ သူ့ကို ဆေးသောက်ဖို့ ဆရာဝန်တွေက တိုက်တွန်းပေမဲ့ သူက ဆေး မသောက်သေး ဘူးလို့ ပြောတယ်။ ဆေးသောက်ရင် ရောဂါသည်ကြီး ဖြစ်သွားတဲ့ သဘောလို့ သူက ယူဆတယ်။ အိတ်ခ်ျအိုင်ဗွီ ဆေးမသောက်ဘဲ Co-trimoxazole ဆေးသောက်နေတယ်။ ကျွန်မ နားလည်သလောက် အဲဒီဆေးက ပိုးသတ်ဆေးနဲ့ တူတယ်ပေါ့။ ပိုးသတ်ဆေး နေ့တိုင်း ပုံမှန်သောက်တာ သူ့အတွက် ကောင်းပါ့မလား။ သူက အလုပ်လည်း လုပ်နေတယ်။ အိတ်ခ်ျအိုင်ဗွီဆေး စောစော စီးစီး မသောက်ဘဲ နေနေတဲ့ အတွက်ကြောင့် နောက် ဆက်တွဲ ဘယ်လောက်ထိ သူ့အတွက် ဆိုးဝါးသွားနိုင်လဲ။ မုန်လာဥနီ ဖျော်ရည်က ကောင်းတယ်လို့လည်း ကြားတယ်။ ကျေးဇူးပြုပြီး အချိန်ရရင် ဖြေပေးစေချင်ပါတယ်။

ဖြေ။    ။ HIV ပိုးရှိပြီး စီဒီဖိုး ၂၅၀ ပဲ ရှိတယ်ဆိုရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ART ဆေးသောက်သင့် ပါပြီ။ ART ဆေးသောက်ရတဲ့ ရည်ရွယ်ချက်က အသက်ရှည် ကျန်းမာစွာနဲ့ သာမန်လူသား တစ်ဦးကဲ့သို့ အလုပ်လုပ်နိုင်ပြီး ဘ၀ကို ဖြတ်သန်းစေဖို့ပါ။ ဆေးသောက်လို့ ရောဂါသည်လိုမျိုး ဖြစ်မသွားပါဘူး။

ယခု လက်ရှိသောက်နေတဲ့ Co-trimoxazole ဆေးက အခွင့်ကောင်းစောင့် ရောဂါတွေကို ကာကွယ်ရုံ သက်သက်ပါပဲ။ HIV ပိုး ရှိနေသူတွေမှာ စီဒီဖိုး အရေအတွက် ကျဆင်းလာတာနဲ့ အမျှ ခုခံအား ကျဆင်း လာပါတယ်။ ဒီအခါမှာ ပြင်ပက အခွင့်ကောင်းစောင့် ရောဂါတွေဖြစ်တဲ့ တီဘီရောဂါ၊ ရေယုံ၊ ၀မ်းပျက်ဝမ်းလျှော၊ မက်ခရု စတာတွေ ဖြစ်တတ်ပါတယ်။ သာမန်လူမှာ ကုရလွယ်ပေမယ့် HIV ရှိသူတွေမှာ ခုခံအား ကျနေတော့ ဒီရောဂါတွေက ကုရတာ အချိန် ပိုယူရပါတယ်။ နောက်ဆုံး ဘာဆေးမှ မသောက်ပဲ နေရင် ခုခံအား လုံးဝကျသွားတဲ့ အဆင့် AIDS အဆင့် ရောက်သွားရင် အိပ်ယာထဲ လဲသွားနိုင်ပါတယ်။ ဒီအခါမှ ရောဂါ သည်လို ဖြစ်သွား မှာပါ။

နာတာရှည်ဖျားတာ၊ နာတာရှည် ချောင်းဆိုးတာ၊ နာတာရှည် ၀မ်းလျောတာတွေနဲ့ အိပ်ယာထဲမှာ လဲသွားနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ သူငယ်ချင်းကို နီးစပ်ရာ ကျန်းမာရေးဌာနမှာ ပြသပြီး စနစ်တကျ ART ဆေးကို
စသောက်ဖို့ တိုက်တွန်းပေးပါ။

ART ဆေးဆိုတာ HIV ပိုးကို မသတ်ပါဘူး။ ပိုးမျိုးပွားတာကို တားပေးတာပါ။ ပိုးသတ်ဆေး မဟုတ်ပါဘူး။ HIV ပိုးတွေ မျိုးပွားရင် ကိုယ်ထဲက သွေးဖြူဥတွေကို ဖျက်ဆီးပါတယ်။ သွေးဖြူဥတွေက ကိုယ်ခံအားအတွက် အရေးကြီးပါတယ်။ သွေးဖြူဥတွေ ပျက်စီသွားရင် ခုခံအားကျပါတယ်။ ဒီတော့ ARTဆေးက ခုခံအားကျတာကို ကာကွယ်ပေးခြင်းပါ။ ခုခံအားမကျရင် သူလိုကိုယ်လိုပဲ (သာမန်လူလိုပဲ) နေထိုင်၊ လုပ်ကိုင်နိုင်မှာပါ။ လက်ရှိ အလုပ်လုပ်နေသူဆိုတော့ ကျန်းမာရေး အတွက် ပိုပြီး အလေးထားသင့် ပါတယ်။ အပြင်လောကမှာ ART ဆေးသောက်ပြီး လူကောင်း ပကတိကဲ့သို့ အလုပ်လုပ်နေသူတွေ အများကြီးပါ။

အခုအခါ ရန်ကုန်၊ မန္တလေး စတဲ့ နေရာတွေက အန်ဂျီအိုတွေမှာ ART ဆေး အလုံအလောက်ပေးနိုင်ပါတယ်။ စောစောဆေးသောက်တော့ ခုခံအားကျတာကို ကာကွယ်ရာ ရောက်ပါတယ်။

ART ဆေးအပြင် နေ့စဉ် နေထိုင် စားသောက်ရေးကိုလည်း ဂရုစိုက်ရပါမယ်။ မုန်လာဥနီဖျော်ရည်က ဗီတာမင်အေ များများပါတယ်။ HIV ရှိသူမှမဟုတ်ပဲ လူတိုင်းအတွက် သင့်တော်ပါတယ်။ HIV ပိုးရှိသူတွေ အနေနဲ့ အစားအသောက် သတိရှိရပါမယ်၊ ဥပမာ-ချဉ်ဖတ်၊ လက်သုတ် စတာတွေကို ရှောင်ရပါမယ်။ အပြင်စာ၊ ယင်နားစာတွေ ကိုလည်း ရှောင်ရပါမယ်။ ဒီအစာတွေက ၀မ်းပျက် ၀မ်းလျှော စေတတ်လို့ပါ။

ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့် မိပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top