မြန်မာနိုင်ငံမှာ TB အဆုတ်ရောဂါ ဖြစ်ပွားမှုနှုန်းတွေ တိုးတက်များပြားနေပြီး
ဆေးယဉ်နေသူ အများအပြား ရှိတယ်လို့ လူနာတွေကို အကူအညီ ပေးနေသူတွေက RFAကို ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ
စစ်အစိုးရ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ အဆုတ်ရောဂါဖြစ်ပွားသူ စာရင်းကောက်ယူဖို့
ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် TBရောဂါနဲ့ ပတ်သက်ပြီး ဆေးယဉ်နေသူ အများအပြားရှိနေပြီလို့
လူနာတွေကို အကူအညီပေးနေသူတွေက ထုတ်ဖော်ပြော ဆိုလိုက်တာပါ။
HIV/ AIDSလုနာတွေကို
အကူအညီပေးနေသူ မဖြူဖြူသင်းက RFAကို ခုလို ပြောပြပါတယ်။
မဖြူဖြူသင်း။ ။ “အခု
ဒီမှာကတော့ နယ်တွေမှာဆိုရင် တီဘီဆေးတွေ မှားယွင်းပြီး သောက်နေတာတွေ ရှိတယ်။
အဲဒါကြောင့်လည်း ဖြစ်သွားတာ ရှိတယ်။ နောက်တခုက ဆေးသောက်နေရင်းနဲ့
ဆေးမတိုးတော့တာပေါ့နော်၊ စနစ်တကျလုပ်တယ်၊ ဒါပေမဲ့ မတိုးတော့တဲ့ လူတွေလည်း
အများကြီးတွေ့ရတယ်၊ ဆေးမတိုးတဲ့ တီဘီ အတွက် ကိုလည်း ဆေးက မရှိဘူးလေ၊ မရှိတော့ အခု
ရက်ပိုင်းအတွင်းပဲ အနားမှာ သေဆုံးနေတာတွေ နောက် ရောဂါ ခံစားနေရသူတွေကို HIV မဟုတ်ပဲ တွေ့နေရတာတွေ ရှိတယ်။”
လက်ရှိအနေနဲ့ TB ရောဂါဝေဒနာရှင် အများစုဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့
ဆရာဝန်တွေကလည်း ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ TB ဆေးယဉ်တာတွေ ဖြစ်ပေါ်လာတာဟာ လူနာတွေကို သောက်ဆေး ၆လစာထက်
ပိုမပေးပဲ ၆လကျော်ရင် မိမိအစီအစဉ်နဲ့ မိမိဝယ်သောက်ဖို့ ပြောဆိုတဲ့အတွက် ဆေးဝယ်
မသောက်နိုင်သူများ ဆေးမှန်မှန် မသောက်တော့ပဲ ဆေးယဉ်သွားတာမျိုးလည်း ရှိတယ်လို့
ဆိုပါတယ်။ များသောအားဖြင့်
လူနာများဟာ မိမိကိုယ်မိမိ ရောဂါဖြစ်နေမှန်း မသိသူတွေ များတယ်လို့ ဆရာဝန်တွေက
ပြောပါတယ်။
မြန်မာနိုင်ငံက TB ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်း ထားပါတာကို ပြန်လည် တင်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တီဘီ( အဆုတ် ရောဂါဝေဒနာရှင်တွေ)
တိုးပွားလာတာ အမှန်ဖြစ်ကြောင်း အထူးသဖြင့် ကလေးငယ်တွေမှာ အဖြစ်များနေတယ် လို့ ရန်ကုန်မြို့က
ဆရာဝန် တစ်ဦးကပြောပြပါတယ်။ ဆရာဝန်တွေ အနေနဲ့ကတော့ တီဘီ ဝေဒနာရှင်တွေကို စနစ်တကျ မစမ်းသပ်ပဲ ဆေးပေး လေ့ မရှိပါဘူးလို့
ပြောပါတယ်။
“ကလေးတွေမှာ အများစု ဖြစ်ကြတာ ဒါတောင်မှ
သေသေချာချာ စမ်းပြီးတော့ ဆေးတွေကို ပေးရတာ၊ လူကြီးဆိုရင်တော့ သူက သလိပ်စစ်မယ် ပြီးရင်
ဆေးတွေ သေသေချာချာ ပေးရတာဆိုတော့ သူက မှားစရာ အကြောင်းတော့ မရှိဘူးပေါ့နော်။ ”
“ နောက်ဆုံး ဓါတ်မှန်ရိုက်ကြည့်တာ အသေချာဆုံးပဲလားခင်ဗျ”
“ ဟုတ်ပါတယ်ရှင့် ဓါတ်မှန်ရိုက်တာ အသေချာဆုံးပဲ
ဓါတ်မှန်မှာ ပေါ်တာပဲ၊ တစ်ချို့ကျတော့ အဖြစ်မှန်ကို မသိဘူး သူက ချောင်းပဲ ဆိုးနေတယ်၊
လူကပိန်လာတယ်။ တီဘီ လက္ခဏာပဲ ညနေဘက် အဖျားနည်းနည်းတက်တယ် အဲဒီ လက္ခဏာတွေ ရှိရဲ့သားနဲ့
သူက တီဘီ ရှိမှန်း မသိတဲ့အခါ ကျတော့ ဆေးပေးရတဲ့ အခါကျတော့ ဆေးဆိုးတာပေါ့။ အဲဒီခါကျတော့
သလိပ်စစ်တယ် အဲဒီလို စစ်တဲ့ နေရာမှာ တစ်မျိုးတည်း စစ်တာ မဟုတ်ပါဘူး။ သုံးမျိုးစစ်ပါတယ်။
် အဲဒီနောက်တော့ တီဘီ ရှိနေပြီဆိုတာ သေချာတော့မှ ဓါတ်မှန်ရိုက်တယ်။”
ရန်ကုန်မြို့က ဆရာဝန်တစ်ဦး ပြောပြသွားတာပါ၊
အိတ်ခ်ျအိုင်ဗွီ နဲ့ နေထိုင်သူတွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းကတော့ ဆရာဝန်တွေ အနေနဲ့
စနစ်တကျ စမ်းသပ်နေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာတော့ ဒီလို ဆောင်ရွက်မှုမျိုး
မရှိတဲ့အတွက် ပြဿနာတွေ အများကြီး ရှိတယ်လို့ဆိုပါတယ်။
“ကျမတို့က အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တာ
လုပ်နေတာ ဖြစ်တဲ့အတွက် အိတ်ခ်ျအိုင်ဗွီနဲ့ တွဲပြီးတော့ လူနာတိုင်း လိုလိုကလည်း တီဘီတွေ
ဖြစ်ကြတယ်။ ဒီကျမတို့ဆီမှာ မိဘတွေကနေပြီးတော့ လာပြီးတော့ ဆက်သွယ်တာတွေရှိကြတယ်။ နောက်
ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေ လာပြီးတော့ အကြံဉာဏ် တောင်းတာတွေရှိတယ်။ တစ်ချို့တွေ
ဆိုလို့ရှိရင် အကြံဉာဏ် တောင်းနေရင်းနဲ့ပဲ သေဆုံးနေကြတာတွေ အဲဒါမျိုးတွေ အများကြီးတွေ့ရပါတာကတော့
လက်ရှိအခြေအနေပေါရှင့်”
အဓိက ကြုံတွေ့နေရတာကတော့ ဆေးမှန်မှန်
မရတဲ့ ပြဿနာပဲလို့ ဆိုပါတယ်။
“တီဘီ ဆေးကတော့ ရန်ကုန်မှာကတော့ သိပ်မရှားဘူးပေါ့။
တစ်ချို့နယ်တွေမှာတော့ မပေးနိုင်တာတွေလည်း ရှိတယ်။ ကျန်းမာရေးဌာန အနေနဲ့ ပေါ့နော်။
တစ်ချို့ဆိုရင် ဝယ်သောက်ရတာရှိတယ်။ တစ်ခါတစ်လေကျရင် ကျန်းမာရေးဌာနတွေက သူတို့သတ်မှတ်တဲ့
ဒေသက လူတွေကိုပဲ ဆေးပေးတာ များတယ်လေ။ သူတို့နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို မပေးတဲ့ အခါကျတော့
တချို့လူနာတွေကျတော့ ဝယ်သောက် ရတယ်လေ။ တစ်ခါတစ်လေကျရင် ဈေးကွက်ထဲမှာ ဆေးပြတ်တာတွေရှိတယ်”
ဈေးကွက်ထဲမှာ ဆေးပြတ်တတ်ကြောင်း ပြောသွားတာပါ။
သာမာန် တီဘီ ဝေဒနာရှင် တစ်ယောက်အနေနဲ့ အပြင်က ဆေးဝယ်သောက်မယ် ဆိုရင် တစ်နေ့ကို ကျပ်
တစ်ထောင်နှုန်းလောက် ကုန်ပြီး ဆေးယဉ်သွားတဲ့ သူတွေ ဆိုရင်တော့ သောက်ဆေးတင်မက ထိုးဆေးပါ
အသုံးပြုနေရတယ်လို့ ပြောပါတယ်။
“ခုလက်ရှိ အခြေအနေမှာတော့ ကလေးတွေလည်း
တီဘီ ဖြစ်ပွားမှုနှုန်း များလာတာကို တွေ့ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျမတို့ တွေ့လိုက်သမျှ
လူနာတွေတော်တော်များများ မေးကြည့်တယ် ဆိုလို့ရှိရင် ဒီဝေဒနာသည်တွေ တင်မဟုတ်ပါဘူး။ ကျမတို့
ပတ်ဝန်းကျင် ကျမတို့ ကလေးတွေ တီဘီ ဖြစ်တဲ့ နှုန်းလည်းမြင့်လာတယ်။ နောက်ပြီးတော့ ဒါကျမတို့
ခုနောက်ပိုင်း တွေ့လာရတာကတော့ တီဘီ နဲ့ ယဉ်ပါးနေတဲ့သူတွေ သေဆုံးနေတာလဲ တွေ့ရတယ်။”
“ဆိုတော့ ခုဟာက အခြေအနေ တော်တော် ဆိုးနေသလားခင်ဗျ”
“ဟုတ်ကဲ့ ဒီနေ့ အခြေအနေကတော့ တော်တော်ကြီး
ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ တစ်ချို့ဆိုလို့ရှိရင် ဒီလိုပဲ စုံစမ်းနေရင်းနဲ့ကို သေဆုံးသွားတယ်။
တစ်ချို့ဆိုလို့ရှိရင် တီဘီနဲ့ ယဉ်ပါးနေတဲ့ အခါကျတော့ ဆေးလိုချင်ရင် သူတို့သွားကြပါတယ်။
ဒီမြန်မာ ပြည်မှာတော့ တီဘီတိုက်ဖျက်ရေးဆိုတာ “အောင်ဆန်း ဆေးရုံ” အင်းစိန်မှာရှိတယ်။
သူ့ကို သွားတဲ့အခါလည်း သူတို့က သတ်မှတ်တဲ့ ဧရိယာအတွင်း မဟုတ်တဲ့အတွက် ပေးပိုင်ခွင့်မရှိလို့
ကိုယ်ဖာနဲ့ကို ဝယ်သောက်နိုင်ရင် ဝယ်သောက်နေကြတဲ့ လူတွေလည်း အများကြီးရှိတယ် အဲဒီခါကျတော့
ဒီဝေဒနာသည်တွေ တော်တော်များများက ဒီတီဘီ နဲ့ ယဉ်ပါးသွားရင် ဝယ်သောက်ရတဲ့ ဈေးက အရမ်းကို
များပါတယ်။ သိန်းကျော်သွားတယ် သိန်းကျော်သွားတဲ့ အခါကျတော့ ဒီလိုပဲ ဝယ်မသောက်နိုင်ရင်
လူနာတွေ တော်တော်များများက ဒီလိုပဲ ထိုင်ပြီးတော့ နီးစပ်ရာ ဆေးလေးတွေ သောက်လိုက် ဒီလိုပဲ
တီဘီဆေး ယဉ်နေပေမဲ့လည်း အဲဒီထဲကမှ သင့်တော်တဲ့ ဆေးလေးတွေကို သောက်လိုက်နဲ့ ဒီလို့ပဲ
နေနေရတဲ့ လူနာတွေ လည်းရှိပါတယ်။”
ဒါကတော့ တီဘီ ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီးတော့
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူတွေကို အကူအညီပေးနေသူ မဖြူဖြူသင်းက ပြောပြသွားတာဖြစ်ပါတယ်။
ဆေးဝါးခက်ခဲ၍ အဆုတ်ရောဂါ
ဆေးယဉ်သူ အများအပြားရှိနေ




