5
Jul

ဆေးဝါးအန္တရယ်



မိုးကလည်း
သည်းသည်းမဲမဲရွာ နေ၏။ မိုးရွာနေသော်လည်း ရွှေဘုံသာ လမ်းတစ်လျှောက် လူစည်ကားနေ၏။

ရွှေဘုံသာလမ်းနှင့်
အနော်ရထာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မကွာဝေးလှသော အရပ်တွင် လေညိုကုန်း
လက်ဖက်ရည်ဆိုင်ကလေး တည်ရှိ၏။ ထိုလက်ဖက်ရည် ဆိုင်ကလေးတွင် လူစည်ကားနေ၏။

ကြီးမားကျယ်ပြန့်လှသော
ထီးကြီး၏ အကာအကွယ်ကြောင့် အေးဆေးစွာထိုင်၍ လက်ဖက်ရည် သောက်နိုင်၏။

ဒေါက်တာကျော်ဆွေသိန်းသည်
ဓာတ်ခွဲခန်းမှူး ဦး
ဥာဏ်အုန်း၊ ကဗျာဆရာ မောင်ဒေါန၊ စာအုပ်တိုက် ပိုင်ရှင်
ကိုလွင်ဆင့် တို့နှင့်အတူ လက်ဖက်ရည် သောက်ရင်း ဆွေးနွေးနေကြ၏။ ကဗျာဆရာ မောင်ဒေါနက
ပန်းနာရင်ကျပ် ရောဂါအခံရှိ၏။ အုန်းသီး၊ အုန်းရည်စသော အစားအစာများ စားမိပါက
အထူးမတည့်ခြင်း ဖြစ်ပေါ်၍ တရွှီရွှီနှင့် ရင်ကျပ် လာလေ့ရှိ၏။

''ကိုဒေါန၊ ဟိုတစ်လောက
ပျောက်လှချည်လား။ ဘယ်သွား နေလဲ''

ဒေါက်တာ ကျော်ဆွေသိန်းက မေးလိုက်၏။ ''ရင်ကျပ်
ပြန်ထနေလို့ ဆရာ။ ကျွန်တော်က Ventolin အမြဲသောက် နေရတယ်။ ရောဂါက သက်သာနေတော့
ဂရုမစိုက်မိဘူး။ အလုပ်များပြီး ဆေးသောက်ဖို့ မေ့သွားတယ်။ ဖြစ်ချင်တော့ ဇာတိရွာ
ခဏသွားလည်တုန်း အုန်းရည်တွေ သောက်မိတယ်။ ချက်ချင်း တရွှီရွှီနဲ့ ကျပ်လာလို့ ဆေးရုံ ပြေးလိုက်ရသေးတယ်
ဆရာ''

''ဟာ- အဲသလို မလုပ်နဲ့။
သောက်နေကျဆေးကို ကိုယ့်သဘောနဲ့ ကိုယ်ရပ်ပစ်တာ ဆိုးတယ်။ မလုပ်ရဘူး။ အန္တရာယ်ရှိတယ်''

''ဟုတ်ပါတယ်ဆရာ။ ကိုယ်တွေ့ကြုံမှ
ယုံတော့တယ်ဆရာ။ ဆေးရပ်ပစ်တာ အန္တရာယ်ကြီးတာပဲ ဆရာ။ ဆေးရုံမှာ အသက်ကယ်ဆေးပါ
ထိုးယူရတယ်။ ကြောက်ပါပြီ ဆရာရယ်။ ဆေးမှန်မှန် သောက်ပါတော့မယ်''

''အေး- အဲသလို အမြင်မှန်ရ စမ်းပါဗျာ။
ဆေးမှန်မှန်သောက်တာ ကောင်းပါတယ်။ ကြုံတုန်း ဆေးဝါး အန္တရယ်အကြောင်း ပြောပြချင်တယ်''

''ပြောပါဆရာ။ ကျွန်တော်လဲ
စိတ်ဝင်စားပါတယ်''

ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်းက
ဝင်ရောက် ပြောဆိုလိုက်၏။ ''ဟုတ်ပြီ၊ ဒီလိုဗျ။ လူနာတွေဟာ ဆေးသောက်နေရင်း
တန်းလန်းနဲ့ ရပ်ပစ်တာကို ပါရဂူတွေ လေ့လာခဲ့ကြတယ်။ ဘာအကြောင်းကြောင့်
ရပ်ပစ်တာလဲဆိုတာကို ရှာဖွေကြတယ်။ တွေ့လာတဲ့ အကြောင်းရင်းတွေက အများကြီးပဲဗျ''

''ဘာတွေများလဲဆရာ''

''ပထမအချက်က ဆေးဝါးတွေမှာ
ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ ဆေးသောက်ရင် ဘေးထွက် ဆိုးကျိုးက ရှိမှာပဲ။ လူနာရဲ့
တာဝန်က သည်းခံပြီး သောက်ဖို့ပဲ။ ရောဂါပျောက်ဖို့ နည်းနည်းတော့ သည်းခံရမယ်။ တချို့က
သည်းမခံဘူး။ ဘေးထွက် ဆိုးကျိုးတွေ ပေါ်လာလို့ ဆိုပြီး ရပ်ပစ်တယ်။ တကယ်က ဘေးထွက်
ဆိုးကျိုးဖြစ်ပေါ်လာရင် ဆရာဝန်ကို အရင်ပြောရမယ်။ ဆရာဝန်က ဆုံး ဖြတ်လိမ့်မယ်။
ရပ်ပါဆိုရင် ရပ်။ ဆက်သောက်ဆိုရင် သောက်။ တချို့ ဘေးထွက်ဆိုးကျိုးက ရပ်စရာ မလိုဘူး။
သည်းခံပြီး သောက်လို့ ရတယ်။ တချို့က သည်းမခံဘူး။ ဆရာဝန်လဲ မပြဘူး။ ကိုယ့်သဘော နဲ့
ကိုယ်ရပ်ပစ်တယ်။ ဒါမျိုး မလုပ် ရဘူးဗျ''

''ဟုတ်ကဲ့ဆရာ''

''ဒုတိယအချက်က နေကောင်း သွားလို့ဗျ။
တချို့ဆေးတွေက ဆေးပတ်လည်အောင် သောက်ရတယ်။ ဥပမာ- ပဋိဇီဝ ဆေးတွေပေါ့ဗျာ။ လူနာက ဆေးသောက်လို့
နည်းနည်းသက်သာတာနဲ့ ရပ်ပစ်တယ်။ ဆရာဝန်လဲ မပြဘူး။ ဒီလိုမလုပ်ရဘူး။ တစ်လဆို တစ်လ
ညွှန်ကြားထားတဲ့အတိုင်း သောက်ရမယ်။ ကျွန်တော် တွေ့တွေ့နေရတာက တီဘီလူနာတွေဗျ။ ဆေးကို
အနည်းဆုံး ခြောက်လသောက် ရမယ်။ လူနာက တစ်လလောက် သောက်တာနဲ့ တော်တော်သက်သာ လာတယ်။
ခံတွင်း ကောင်းလာတယ်။ ဝဖြိုးလာတယ်။ ဒါနဲ့ ဆက်မသောက်ဘဲ ရပ်ပစ်တယ်။ ဆေးပတ်မလည်တော့
ဆေးမတိုးတဲ့ တီဘီ ဖြစ်သွားတယ်။ ဆေးယဉ်တီဘီလဲ ခေါ်တယ်။ နောက်တစ်ခါ ရောဂါပြန်ဖြစ်လို့
ဆေးသောက်ရရင် မူလဆေးထက် ပြင်းတာတွေ သောက်ရတော့မယ်။ ဘေးထွက်ဆိုးကျိုးလဲ ပိုများတယ်။
ငွေကုန်ကြေးကျလဲ ပိုများတယ်။ ကုသချိန်လဲ မူလထက် ပိုကြာလာတယ်။ အဲဒီတော့ သက်သာ
ပြီဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ရပ်မပစ်ရဘူး''

''ဟုတ်ကဲ့ဆရာ''

''တတိယအချက်က ရောဂါ မသက်သာလို့ဗျ။
လူနာက ဆေးပတ်လည်အောင် မသောက်ဘူး။ ဆန္ဒစောတယ်။ ခုသောက် ခုပျောက်ချင်တယ်။ ဥပမာ-
အူရောင်ငန်းဖျား ဆိုပါတော့။ အဖျားကျဖို့ သုံးပတ်၊ လေးပတ် ဆိုသလို စောင့်ရတယ်။ လူနာက
တစ်ရက်၊ နှစ်ရက်ပဲ သောက်ရသေးတယ်။

အဖျားမကျဘူးဆိုပြီး
ဆက်မသောက် တော့ဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ရပ်ပစ်တယ်။ ဒါမျိုးမလုပ်ရ ဘူး''

''ဟုတ်ကဲ့ဆရာ''

''စတုတ္ထအချက်က
ငွေရေးကြေးရေးဗျ။ တချို့ဆေးက ဈေးကြီးတယ်။ လူနာက ချို့တဲ့တော့ မတတ်နိုင်ဘူး။
ဒီအချက်ကျတော့ လူနာအပြစ်ချည်းပဲ မဟုတ်ဘူး။ မတတ်နိုင်လို့ မသောက်တာ။ သူက ရောဂါပျောက်
ချင်တယ်။ ဆေးလဲ သောက်ချင်တယ်။ ဒီနေရာမှာ ဆရာဝန်က သတိထားမိ ဖို့လိုတယ်။
မြန်မာလူမျိုးတွေက များသောအားဖြင့် ဆရာဝန်ကို မမေးရဲကြဘူး။ ဆရာဝန်က လူနာအခြေအနေကို
အကဲခတ်ပြီး သင့်တော်သလို စီမံပေးရမယ်။ ဥပမာ-အေအိုင် ဒီအက်စ်လူနာ ဆိုပါတော့။ သူက
ARV ဆေးကို သောက်ရကောင်းမှန်း သိတယ်။ ဗဟုသုတ ချို့တဲ့ရှာတော့ NGO တွေက
အခမဲ့ပေးနေမှန်း မသိဘူး။ မဝယ်နိုင်တာနဲ့ ရပ်ပစ်တယ်။ ဒါမျိုးကျတော့ ဆရာဝန်က NGO
တွေဆီကို ညွှန်ရမယ်။ သွားချင် အောင် စည်းရုံးရမယ်။ အလားတူပဲ တီဘီလူနာတွေကို DOTS
နည်းစနစ်ကို သုံးပြီး ကုတယ်။ ဒေသန္တရ ဆေးခန်းတွေမှာ အခမဲ့ ဆေးတိုက်တယ်။ ချို့တဲ့တဲ့
လူနာတွေကို တီဘီဆေး အခမဲ့ပေးတယ်။ ဆရာဝန်က နားဝင်အောင် ရှင်းပြရမယ်။ သွားချင်အောင်
စည်းရုံးရမယ်''

''ဟုတ်ကဲ့ဆရာ''

''ပဉ္စမ
အချက်က မေ့လျော့သွားတာဗျ။ ဆေးလဲ ဝယ်နိုင်တယ်။ ရောဂါလဲ ပျောက်ချင်တယ်။ ဆေးလဲ
သောက်ချင်တယ်။ ဒါပေမယ့် မေ့ပြီး မသောက်မိဘူး။ တစ်ခါတလေ တစ်လကိုးသီတင်း
မေ့နေတတ်တယ်။ အထူးသဖြင့် သက်ကြီး ရွယ်အို တွေပေါ့ဗျာ။ တစ်ယောက်တည်း နေရင် ပိုဆိုးတယ်။
ဒီအတွက် သားသမီးတွေက တာဝန်ယူရမယ်။ ဆေးကို သတိထားပြီး အချိန်မှန် တိုက်ရမယ်။
သားသမီးမရှိရင် တူတွေ၊ တူမတွေက တာဝန်ယူပေါ့ဗျာ။ သက်ကြီး ရွယ်အိုတွေ မေ့တတ်တာက ဖြစ်ရိုးဖြစ်စဉ်
သဘာဝတရားပဲ။ လူနာကို အပြစ်တင်လို့ မရဘူးဗျ''

''ဟုတ်ကဲ့ဆရာ''

''ဆဋ္ဌမ
အချက်က လူနာရဲ့ စိုးရိမ်စိတ်ဗျ။ တချို့လူနာက ဆေးဗဟုသုတ အနည်းအကျဉ်း ရှိတယ်။
အထူးသဖြင့် ပညာတတ် လူတန်းစားပေါ့ဗျာ။ ဆရာဝန်က ညွှန်းပေမယ့် စွဲမှာကြောက်လို့ ဆိုပြီး
မသောက်ဘူး။ ဆေးကိုရပ်ပစ်တယ်။ ဥပမာ- အိပ်ဆေးတွေပေါ့ဗျာ။ ရောဂါ အခြေအနေအရ ဆရာဝန်က
လိုအပ်လို့ ညွှန်တာဗျ။ စွဲတတ်တယ်ဆိုတာ ဆရာဝန်လဲ သိတာပေါ့ဗျာ။ လူနာကစွဲမှာ
ကြောက်လို့ဆိုပြီး ဆရာဝန်လဲ မပြောဘဲ ရပ်ပစ်တယ်။ ဒါမျိုးလဲ မလုပ်သင့်ဘူး။
စွဲမယ်လို့ စိုးရိမ်နေရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဗျ။ ဆရာဝန်က
အသေးစိတ် ရှင်းပြပါလိမ့်မယ်''

''ဟုတ်ကဲ့ဆရာ''

''သတ္တမ
အချက်က နောက်ဆုံးပေါ် ဆေးလောက တိုးတက်မှု သတင်းတွေဖတ်ပြီး ကိုယ့်သဘောနဲ့
ကိုယ်ရပ်ပစ်တာဗျ။ ဥပမာ-HRTလို့ အတိုကောက်ခေါ်တဲ့ ဟိုမုန်း အစားထိုးကုသမှုပေါ့ဗျာ။
တချို့လူနာက စောစောကလိုပဲ ဆေးဗဟုသုတ အနည်းအကျဉ်း ရှိတယ်။ HRT က ဘေးထွက် ဆိုးကျိုးရှိတာ
ဖတ်မိပြီး ရပ်ပစ်တယ်။ ဆရာဝန်ကိုလဲ မပြောဘူး။ ဆေးပညာက ရှုပ်ထွေး နက်နဲတယ်။
အချက်တစ်ချက်တည်း စဉ်းစားလို့မရဘူး။ ဘက်စုံ ထောင့်စုံက စဉ်းစားရတယ်။ သတင်းတိုလေး
တစ်ပုဒ်ထဲမှာ စုံအောင် မပါနိုင်ဘူး။ အကျိုးအပြစ် အပြည့်အစုံ မဖော်ပြနိုင်ဘူး။
ဆေးပညာ ဝေါဟာရတွေကို လူနာက နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်သဘောနဲ့ကိုယ်
ရပ်မပစ်ရဘူး။ ရပ်ချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သူက အကောင်းဆုံး ဖြစ်အောင်
စီစဉ်ပေးပါလိ့မ်မယ်''

''ဆေးရပ်ပစ်ရင်
အန္တရာယ် ရှိတယ်ဆိုတာ သိရပါပြီ။ နမူနာလေး တွေ ပြောပြပါဆရာ။ လူနာတွေကို
ပြန်ရှင်းပြချင်လို့ပါ''

ဓာတ်ခွဲခန်းမှူး
ဦးဥာဏ်အုန်းက တောင်းဆိုလိုက်၏။

''ရပါတယ်။
နမူနာလေးတွေ ပြောပြပါ့မယ်။ ဦးဥာဏ်အုန်းလဲ လူနာတွေနဲ့ အထိအတွေ့ များတယ်။
ရှင်းပြနိုင်တာပေါ့။ Oral Hypoglycaemic Agent လို့ခေါ်တဲ့ သောက်ဆေးတွေဗျ။
ဒီဆေးတွေက ဆီးချိုရောဂါကုဆေးတွေ၊ အသုံးများတာ ပြောရရင် Metrormin ပေါ့ဗျာ။
သောက်နေကျ ဖြစ်ရဲ့နဲ့ ဗြုန်းခနဲ ရပ်လိုက်ရင် သွေးထဲက သကြားပမာဏက ထိုးတက် သွားတတ်တယ်။
လူနာဟာ မေ့မျော သွားတတ်တယ်။ အန္တရာယ်ရှိတယ်။ ရပ်ချင်ရင် ဆရာဝန်ကိုပြော။
ကိုယ့်သဘောနဲ့ကိုယ် မရပ်ရဘူး။ ဟုတ်ပြီနော်''

''ဟုတ်ကဲ့ဆရာ''

''ဒုတိယဥပမာက
SSRI အုပ်စုဝင် စိတ်ကျရောဂါကု ဆေးတွေဗျ။ ဒီဆေးတွေက ရေရှည် သောက်ရတယ်။ ဗြုန်းခနဲ
ရပ်လိုက်ရင် စိတ်ကျရောဂါ လက္ခဏာတွေ ပြန်ပေါ်လာတယ်။ ကြောက်စရာ ကောင်းတာက လူနာဟာ
သေကြောင်းကြံ တတ်တယ်''

''ဟုတ်ကဲ့ဆရာ''

''တတိယ
ဥပမာက Corti-costeroid အုပ်စုဝင် ဆေးဝါးတွေဗျ။ ဒီဆေးတွေက ဆေးပတ်လည်အောင် သောက်ရတဲ့
ဆေးတွေဗျ။ အသုံးများတာက Prednisolone ဗျ။ ဗြုန်းခနဲ ရပ်လိုက်ရင် သွေးပေါင်သိပ်
ကျသွားတတ်တယ်။ အသက်အန္တရာယ် ရှိနိုင်တဲ့ အဆင့်အထိ ထိုးကျ သွားတတ်တယ်။ သတိထားရမယ်''

''ဟုတ်ကဲ့ဆရာ''

''စတုတ္ထ
ဥပမာက Lopressor ဗျ။ သူက Beta- Blocker အုပ်စုဝင် ဗျ။ နှလုံးသွေးကြောကျဉ်း ရောဂါမှာ
သုံးတယ်။ ဗြုန်းခနဲ ရပ်လိုက်ရင် Heart Attack ရတတ်တယ်။ နှလုံးသွေးကြော လုံးဝ
ပိတ်သွားပြီး နှလုံးကြွက်သား ပျက်စီးတတ်တယ်''

''ဟုတ်ကဲ့ဆရာ''

''ဒါတွေက
သိလွယ်၊ မြင်လွယ်တဲ့ နမူနာလေးတွေပေါ့။ ပြောစရာတွေ အများကြီး ကျန်ပါသေးတယ်။
ဆေးကျမ်းကြီးတွေထဲမှာ အကျယ်တဝင့် ရေးထားတယ်ဗျ။ အသေးစိတ် ပြောရရင် သိပ်ရှုပ်ထွေး
သွားမယ်။ အဓိကအချက်က ဘာပဲလုပ်ချင်လုပ်ချင် ဆရာဝန်ကို တိုင်ပင်ပါ။ အသိပေးပါ။
အကြောင်းကြားပါ။ ဒါဟာ အရေးကြီးဆုံး အချက်ပါပဲ။ တစ်ခုခု မသင်္ကာတာရှိရင်
ပွင့်ပွင့်လင်းလင်း ပြောပါ။ မကြောက်နဲ့။ အားမနာနဲ့။ မရှက်နဲ့။ အဲဒီအချက်က လူနာတွေ
လိုက်နာရမယ့် အချက်ပါပဲ။ ဟုတ်ပြီနော်''

''ခုလိုရှင်းပြတာ
ကျေးဇူးပါပဲ ဆရာရယ်''

ရည်ညွှန်းချက်။
။ ၂ဝ၁ဝ ခုနှစ်၊ ဇွန်လထုတ် Reader's Digest မဂ္ဂဇင်းမှ Helen Signy ရေးသားသော Take
as Directed ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကား ပါသည်။

အောင်(ဆေး-၁)

ဈေးကွက်ဂျာနယ်
-
ဆေးဝါးအန္တရယ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top