သန်းထိုက်ဦး တနင်္လာနေ့၊ ဇန်နဝါရီလ 14 2008 22:17 -
မြန်မာစံတော်ချိန်
တောင်ဒဂုံတွင်
အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအတွက် ဖွင့်လှစ်ထားသော ဂေဟာ (၂) ခုမှ ဝေဒနာရှင်များသည်
ယခုအခါ စိတ်ဓာတ်ကျဆင်း မှုများ ခံစားနေရသည်။
တောင်ဒဂုံမြို့နယ်၊
ရပ်ကွက် (၁၈) နှင့် (၂ဝ) တို့တွင် ဖွင့်လှစ်ထားသော ဂေဟာမှ အိတ်ခ်ျ အိုင်ဗွီနှင့်
နေထိုင်သူ များသည် သူတို့ လေးစား ချစ်ခင်သော မဖြူဖြူသင်း ပုန်းရှောင်နေရသည့်
ပြီးခဲ့သည် (၅) လအတွင်း ယခုကဲ့သို့ စိတ်ဓာတ်ကျဆင်းမှုများ သိသိသာသာ ဖြစ်ပေါ်လာခြင်း
ဖြစ်သည်။
အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်သူ မနုနုဝေထွန်းရှိန်က “အမရှိတုန်းက နွေးနွေးထွေးထွေး ရှိတယ်။ အခုတော့ အမ
မရှိတော့ ကျမတို့က အရမ်းကို ကျမအခု တခါတလေ နေမကောင်း ဖြစ်ရင် ကျမကို
အခုနောက် အားပေးမဲ့သူ မရှိဘူး။ အမရှိမှ ဖြစ်မယ်။ ကျမ ဟိုတလောကဆို ကျမ တော်တော်
နေမကောင်းဘူး ဝမ်းတွေသွား အဲဒီလို ပေါ့လေ။ အမမရှိတော့လေ အမနဲ့လည်း မပြောရဘူး။
ဖုန်းတွေလည်း မပြောရဘူး သိတယ် မဟုတ်လား။ ကျမမှာ အမက ဘယ်မှာ ရောက်နေမှန်း မသိဘူး”
ဟု ပြောသည်။
အလားတူပင်
ဂေဟာမှ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများသည် မဖြူဖြူသင်း ပြန်လာမည့် အချိန်ကို
စောင့်မျှော် နေကြကြောင်း၊ တချို့သည် နောက်ဆုံးအချိန်အထိ မဖြူဖြူသင်းကို
မျှော်လင့်လျက် ဆေးရုံတွင် အသက် ဆုံးသွားသူများလည်း ရှိသည်ဟု သူကပြောသည်။
အမည်မဖော်လိုသူ
အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူ အမျိုးသားတဦးကလည်း “သူရှိတုန်းကတော့ သူကိုယ်တိုင်
ဒီလိုပဲပေါ့နော်။ သူကိုယ်တိုင် ဆေးရုံးဆေးခန်းတွေ လိုက်ပို့၊ ဒီဆေးပေးဌာနတွေ
အကုန်ပဲပေါ့နော်၊ သူကိုယ် တိုင် ပြုစုယုယ၊ ဒါမျိုး အစစအရာရာပေါ့နော်၊ အနာတွေ ဆေးထည့် ပေးတာကအစ နောက်ငွေရေးကြေး ရေး၊ စားရေးသောက်ရေးကအစ နေရေးထိုင်ရေး အကုန်လုံး
စီစဉ်ပေးတာပေါ့၊ အခု သူမရှိတော့ အဲဒီ အခက်အခဲ တွေ ရင်ဆိုင်နေရတာပေါ့” ဟု ပြော သည်။
မဖြူဖြူသင်းသည်
လွန်ခဲ့နှစ် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကုန်ဈေးနှုန်း ကျဆင်းရေး ရန်ကုန်
ဆန္ဒပြပွဲ များကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက အပူတပြင်း
လိုက်လံ ဖမ်းဆီးနေသဖြင့် ထွက်ပြေး တိမ်းရှောင် နေရသူ ဖြစ်သည်။
သူမသည် ၂ဝဝ၂
ခုနှစ်မှစ၍ တောင်ဒဂုံရှိ ကယ်ဆယ်ရေးဂေဟာ (၂) ခုကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပြီး
ယခုအချိန်ထိ အဆိုပါ ဂေဟာသည် နိုင်ငံတဝှမ်းမှ ဝေဒနာရှင် (၁၈ဝဝ) ကျော်ကို ဆေးဝါး
အကူအညီ ပေးနိုင် ခဲ့ပြီ ဟုသိရသည်။ ဂေဟာသည် ပြီးခဲ့သည့်နှစ် တနှစ် တည်းတွင်
အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူ (၆ဝဝ) ကို တိုက်ရိုက် စောင့်ရှောက်နိုင်ပြီး နယ်မှ
အခြားလူ (၄ဝ) ကိုလည်း အေအာရ်ဗွီဆေး ထောက်ပံ့ ပေးနိုင်ခဲ့သည်ဟု သိရသည်။
မဖြူဖြူသင်း၏
လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုရာဇာက “များသောအားဖြင့်တော့ တော်တော်များများက တော့
စိတ်ပိုင်းဆိုင်ရာ အရတော့ သူ့ကိုမျှော်လင့်တာကိုးဗျာ။ သူ မရှိတဲ့ အခါကျတော့လည်း
တချို့ ဒီကြားထဲမှာ လည်း ဆုံးတာ သုံးယောက် ရှိသွားပြီလေ။ အဲဒီလိုပေါ့
စိတ်ပိုင်းဆိုင်ရာအရ ဒီရောဂါက ထိခိုက်ခံလို့ မရဘူး” ဟု ပြောပြသည်။
ဆေးဝါး
ကုန်ကျစရိတ်များကို မဖြူဖြူသင်း ရှိစဉ်က သူ၏မိတ်ဆွေများ အပါအဝင်၊ ပုဂ္ဂလိက
အလှူရှင်များထံမှ ရရှိခြင်း ဖြစ်သဖြင့် မဖြူဖြူသင်း ပုန်းရှောင်နေရသည့် ကာလအတွင်း
ဆေးအတွက် ရန်ပုံငွေ အခက်အခဲအပြင် အခြား လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများ ရှိနေသည်။
ကိုရာဇာက
“သူ့ကို ယုံကြည်တဲ့လူတွေ သူကို လေးစားတဲ့လူတွေက အခက်အခဲ ရှိတဲ့အခါ
လာကူညီတာမျိုးတို့ လှူတာမျိုးတို့ ရှိတယ်။ ဒါထုံးစံလို ဖြစ်သွားတဲ့အခါကျတော့
သူမရှိတဲ့အခါ ကျတော့ အဲဒါတွေ နည်းသွားတယ်။ နောက်ပြီး သူရဲ့ အပေါင်းအသင်းတွေကိုလည်း
အကုန်လုံး မသိဘူး။ မသိတဲ့အခါကျတော့ ဆက်သွယ်ဖို့လည်း ခက်တယ်။ ပြီးတော့ သူမရှိတဲ့အချိန်မှာ ဒီလုပ်ငန်းကို ဘယ်လို ဆက်လုပ်နေလဲဆိုတာကို မေးတဲ့လူက
နည်း တာပေါ့နော်။ သူမရှိတော့ ဒီအလုပ် မဖြစ်လောက်တော့ဘူးဆိုပြီး တချို့
လူတွေကျတော့လည်း မမေးတော့ဘူး။ မဆက်သွယ်တော့ဘူး” ဟု မဇ္ဈိမသို့ ပြောသည်။
မဖြူဖြူသင်း၏
အစ်မဖြစ်သူ မစံပယ်ဦးကလည်း “အခုတော့ ဘယ်လို ခေါ်မလဲဆိုတော့ သူရှိတုန်းကနဲ့
မတူဘူး ပေါ့။ ကျန်တဲ့ ခလေးတွေကတော့ ထိန်းထားယုံလောက်ပဲ ရှိတာပေါ့နော်။ ဟို
ဆေးပေးရုံလောက်နဲ့ ဟိုနည်း နည်း ဆေးရုံကို သွားပြီးတော့ ဆေးစစ်ရုံ အဲဒီလောက် ကလေးပဲ
လုပ်နိုင်တာပေါ့။ သိပ်ကျယ်ကျယ် ပြန့်ပြန့်ကြီး လည်း မလုပ်နိုင် တော့ဘူးပေါ့နော်။
ရှိသမျှ လေကိုပဲ အသာလေး မှေးထားတဲ့ ပုံစံမျိုးလောက်ပဲ လုပ်နိုင်တာ ပေါ့နော်” ဟု
ဆိုသည်။
ရန်ကုန်တွင်
အေအာရ်ဗွီ ဆေးရနိုင်သော နေရာအနည်းသာရှိရာ ပြင်သစ် အခြေစိုက် နယ်ခြားမဲ့
ဆရာဝန်များ အဖွဲ့က ဖွင့်လှစ်ထားသော AZG ဆေးပေးခန်းနှင့် မြောက်ဥက္ကလာရှိ
ဝေဘာဂီဆေးရုံတို့မှာ လူသိများသည်။ စစ်အစိုးရသည် အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို
ကူညီ စောင့်ရှောက်ထားသော မဂ္ဂင်ကျောင်းတိုက်ကိုလည်း စက်တင်ဘာ အရေးအခင်း အပြီးတွင်
ပိတ်ပစ်ခဲ့သည်။
ကုလသမဂ္ဂ
(ယူအဲန်အေစ်) က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာပြည်တွင် အိတ်ခ်ျအိုင်ဗွီရောဂါ ပိုး ကူးစက်ခံရသူ (၃) သိန်း (၆) သောင်းကျော်ပြီး အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး
လုပ်ငန်းများ အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာတသိန်း
ဝန်းကျင်သာ ရှိသည်ဟုဆို သည်။ ၎င်းပမာဏမှ လူတဦးချင်းစီ ပျမ်းမျှရရှိမည့် ကျန်းမာရေး
စောင့်ရှောက်မှုနှုန်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ တွင် အစိုးရက နိုင်ငံသားတဦးအတွက်
ကုန်ကျခံသည့် ပမာဏထက် အဆပေါင်း (၂၅ဝ) ခန့် လျှော့နည်း သည်ဟု ယူအဲန်အေ့စ်က ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/1/443--hiv--




