မတ္တရာမြို့၌ ကျင်းပသော တောင်ပြုန်းပွဲတော်သို့ လာရောက်ကြသည့် မိန်းမလျာများအား လိင်တူဆက်ဆံမှုကြောင့် အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားမှု လျော့နည်း ကျဆင်းစေရန်နှင့် ကာကွယ်နိုင်ရန် အတွက် ဘဝတူ မိန်းမလျာများ ပါဝင်သော SHG အဖွဲ့မှ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အေ့စ်ဒ်ပညာပေးမှုများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ SHG အဖွဲ့သည် တောင်ပြုန်းပွဲ ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြား INGO များ ပူးပေါင်းကာ ကျန်းမာရေး ပညာပေးပြခန်းအား ဖွင့်လှစ်ထားရှိသည့်အပြင် မိမိတို့သဘော ဆန္ဒအလျောက် ရောဂါပိုးရှိမရှိ လာရောက်၍ သွေးစစ်ဆေး သူများကိုလည်း အခမဲ့သွေးစစ်ပေးကာ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုများ ပြုလုပ်လျက် ရှိကြောင်း၊ ထို့အပြင် နတ်နန်းများရှိ မိန်းမလျာများထံသို့ SHG အဖွဲ့မှ မိန်းမလျာများမှ သွားရောက်ကာ လိင်တူ ဆက်ဆံမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါ အခြေအနေများနှင့်ကာကွယ်ရန် နည်းလမ်းများကို ပညာပေးမှုများ ပြုလုပ်လျက် ရှိသည့်အပြင် လိင်ဆက်ဆံရာ၌ အသုံးပြုရန် ကွန်ဒုံးများကိုလည်း အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း Light SHG Network အဖွဲ့မှ National Project Assistant Manager အလှဖန်တီးရှင် မျိုးဝင်းဆွေက ပြောသည်။
၎င်းက “ကျွန်တော်တို့ ဒီအဖွဲ့လေးကို ဖွဲ့ဖြစ်တာက ၂၀၀၆ ခုနှစ်ကတည်းကပါ။ ဒီအဖွဲ့လေးကို ဖွဲ့ဖြစ်တာက ကျွန်တော်တို့လို မိန်းမလျာတွေဆိုရင် ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ ရှိနေတဲ့အတွက် အဲဒါလေးတွေ ပပျောက်အောင်ပါ။ နောက်အချက်က ကျွန်တော်တို့လို MSM တွေမှာ ဒီလိုရောဂါတွေ ရှိနေရင် အခြားလူတွေက ဝိုင်းပစ်ပယ်ထားပြီး ပိုနှိမ် ချင်ကြတယ်။ ဒါကြောင့် ဒီလိုခွဲခြား နှိမ့်ချဆက်ဆံ ခံရမှုတွေ ပပျောက်အောင်နဲ့ MSM တွေကို HIV မကူးစက်ရအောင် ပညာပေးတာပါ” ဟု ပြောသည်။
ရောဂါရှိသော MSM များအား လိုအပ်သည့် ဆေးဝါးများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ အခမဲ့ရရှိအောင် ဆောင်ရွက်ပေးပြီး လိုအပ်သော အာဟာရနှင့် စားသောက် စရိတ်များကိုလည်း တစ်လစာ စီစဉ်လှူဒါန်း ပေးနေကြောင်း သိရသည်။ “ရောဂါရှိတဲ့သူတွေကို ရေရှည်ထောက်ပံ့တာတို့၊ နေစရာ စားစရာမရှိတဲ့ သူတွေကို ရိပ်မြုံလေးတွေဖွင့်ပြီး ကူညီ စောင့်ရှောက်တာတို့ လုပ်ချင်ပေမယ့် ရန်ပုံငွေ မရှိတော့ မလုပ်နိုင်သေးပါဘူး။ ပညာပေး အစီအစဉ် စလုပ်တဲ့ အချိန်က MSM တွေကို စည်းရုံးတဲ့အခါ သူတို့တွေက ရှက်ကြောက် နေကြတာမျိုး၊ အမှန်အတိုင်း မပြောတာမျိုးတွေရှိတော့ နည်းနည်း အဆင်မပြေဘူး။ နောက်ပိုင်းတော့ သူတို့ကိုယ်တိုင် နားလည် သဘောပေါက်လာကြပြီး အပုံးတွေရော၊ အပွင့်တွေပါ လာရောက်သွေးစစ်ပြီး ဆွေးနွေးမှု ခံယူကြတဲ့အပြင် သူတို့ရဲ့ ယောက်ျားတွေကိုပါ ခေါ်လာပြီး သွေးစစ်ကြတယ်။ ဒီမှာဆို သွေးစစ်ပြီး လာရောက် ဆွေးနွေးမှု ခံယူကြတဲ့သူဦးရေက တစ်ရက်ကို ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။
ဟင်းလေးအိုး - တောင်ပြုန်းပွဲပျော် မိန်းမလျာများ အေ့စ်ဒ်မဖြစ်ပွားစေရေး ဘဝတူ SHG အဖွဲ့ ကွင်းဆင်း ပညာပေး




