ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ကျင်းပခဲ့သော တောင်ပြုန်းပွဲတော်တွင် NGO အဖွဲ့အစည်းများမှ ကျန်းမာရေးဆိုင်ရာ ပြခန်းဖွင့်လှစ်ပြီး ပွဲတော်သို့ လာရောက်သူများအား ကွန်ဒုံးနှင့် လက်ကမ်းစာစောင် များ ပေးဝေခြင်း၊ နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
MBCA, care, MARIE STOPES, PSI စသော အဖွဲအစည်းများပါဝင်လျက် ပွဲတော်ရက်အတွင်း အထက်ပါ ကျန်းမာရေး အသိပညာပေးမှုများကို လုပ်ဆောင်ပေးကာ တောင်ပြုန်းရွာ အတွင်း ဆေးခန်းဖွင့်လှစ် ပြီး နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းများကို လုပ်ဆောင်ပေးကြောင်းလည်း သိရသည်။
"ပွဲတော်ရက်အတွင်း ၂၇၊ ၂၈၊ ၂၉ ရက်နေ့တွေမှာ ကွန်ဒုံး ၁၀,၀၀၀ ဝေငှ သွားပါမယ်။ အဓိက ရည်ရွယ်တာကတော့ MSM(Men who sex with Men) တွေပေါ့။ လိင်မှုဆိုင်ရာ ကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင်တွေလည်း ဝေငှပါတယ်။ ဒီမှာရှိတဲ့ ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ အမျိုးသား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အစီအစဉ် အောက်မှာ ပူးပေါင်း လုပ်ဆောင်ကြတာပါ" ဟု Myanmar Busin- ess Collection of Aids မှ စီမံကိန်းအရာရှိ ဒေါက်တာဌေးမောင်က ပြောသည်။
၎င်းတို့အဖွဲ့သည် လေးနှစ်မြောက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက ပွဲတော်သို့လာရောက် သူများမှာ ဖွင့်လှစ်ထားသော ပြခန်း အတွင်းသို့ ၀င်ရောက်ကြည့်ရှုရန် တွန့်ဆုတ်ခြင်း များရှိသော်လည်း ယခုနှစ် တွင်မူ လူငယ်များသာမက လူကြီးများ ပါဝင်ရောက် ကြည့်ရှုလာကြကြောင်း ပြောသည်။
တောင်ပြုန်းပွဲတော်ကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ အနယ်နယ် အရပ်ရပ်မှ လာရောက်သူများဖြင့် အထူးစည်ကား လျက်ရှိသည်။
မြန်မာတိုင်း(မ်) - တောင်ပြုန်းပွဲ၌ ကွန်ဒုံးနှင့် ပညာပေးစာစောင် ပေးဝေ




