18
Jul

တောင်ပြုန်းပွဲ ကွန်ဒုံး ငါးသောင်း ဖြန့်မည်

မြန်မာ တစ်နိုင်ငံလုံးရှိ မိန်းမလျာ အများစု ပါဝင်ဆင်နွှဲလေ့ရှိသော မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်း ပွဲတော်တွင် ကွန်ဒုံး ငါးသောင်း နီးပါးခန့် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး အမျိုးသား ခုခံအား ကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒေါက်တာကျော်စိုးက The Voice သို့ ပြောကြားသည်။

ယင်းပွဲတော်ကို နှစ်စဉ် သြဂုတ်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပလေ့ရှိပြီး လာမည့် ပွဲတော်တွင် ကွန်ဒုံး အခမဲ့ဖြန့်ဝေခြင်း အစီအစဉ်အပြင် HIV ပိုးရှိ မရှိ အခမဲ့စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

၂၀၁၂ ခုနှစ် ကလည်း ယင်းပွဲတော် တွင် ကွန်ဒုံး ၄၉,၀၀၀ ခန့် အခမဲ့ဖြန့်ဝေပေး ခဲ့ပြီး လက်ကမ်းစာစောင် ၂၅၄၆၀ စောင်၊ HIV ပိုးရှိ မရှိ စစ်ဆေးသူဦးရေ ၁၁၂၇ ဦးနှင့် ဆေးကုသမှု ခံယူသူ ၂၀၈ ဦးရှိခဲ့ကြောင်း ဒေါက်တာကျော် စိုးက ပြောကြားသည်။

"ပွဲတော်ကို လာတဲ့လူတွေ များရင် များသ လို ကွန်ဒုံးကို ဝေသွားမှာပါ။ ပညာ ပေးရတာ ကတော့ လိင်တူချစ်သူကနေ တစ်ဆင့် အချင်းချင်းကျန်းမာရေး ဗဟုသုတရ စေချင်တယ်။ ဒါကြောင့် ပွဲတော်ရက်မတိုင်ခင် ရက်တွေမှာသွားပြီး ပညာပေး ရပါတယ်။ ပွဲတော်ရက်တွေမှာ ဆိုရင် သိပ်ပြီးမထိ ရောက်ဘူး" ဟု ၄င်းကထပ်မံဆိုသည်။

အဆိုပါ ပွဲတော်တွင် ပညာပေးပြခန်း ဖွင့်လှစ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဝေခြင်း၊ အမျိုးသားသုံး ကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ ကွန်ဒုံးသုံးစွဲမှု မြှင့်တင်ခြင်း၊ စနစ်တကျ သုံးစွဲခြင်းများကို ပြသပေးခြင်း၊ ကာလသားရောဂါပိုး ရှိ မရှိစစ်ဆေးပေးရာ တွင် နေ့ချင်းပြီး အဖြေရအောင် ဆောင်ရွက် ပေးခြင်း စသည်ဖြင့် ကျန်းမာရေးဆောင် ရွက်မှုများကို အခမဲ့ပြုလုပ်ပေးလျက် ရှိကြောင်း အမျိုးသား ခုခံအားကျ/ကာလသား ရောဂါ တိုက်ဖျက်ရေးဌာန ထံမှ သိရသည်။

"တစ်နိုင်ငံလုံး၊ အနယ်နယ်အရပ်ရပ်က လူတွေလာမှာ ဆိုတော့ အခုလိုပညာပေး လုပ်ဆောင်တာ ပိုပြီး ထိရောက်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်း ကိုလည်း လျှော့ချနိုင်တယ်၊ မန္တလေးက လိင်တူချစ်သူ တွေက လည်း ပါဝင်ပြီး လုပ်အားပေး ကြတယ်" ဟု မန္တလေးမြို့ရှိ လိင်တူချစ်သူ တစ်ဦးက ဆိုသည်။

From:The Voice Weekly

Myanmar daily star - တောင်ပြုန်းပွဲ ကွန်ဒုံး ငါးသောင်း ဖြန့်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top