7
Mar

တော်လေးဝ ပုံသွင်



AIDS နှင့် ပတ်သက်သော စာစုများကို
ရေးရတာ ခက်ပါသည်။ နားနှင့်မနာ ဖ၀ါးနှင့်နာရသော စကားရပ်များကို သုံးရတာ အားနာလှသည်။
မြန်မာ့ယဉ်ကျေးမှု အရလည်း တချို့ ဝေါဟာရတွေ သုံးရတာ ခက်သည်။ သူရို့ အနောက်တိုင်းမှ
ရိုးအီနေသော အဖြစ်အပျက်တွေက ကျွန်တော်တို့ဆီမှာ ဆန်းသစ်နေတတ်သည်။ ဆန်းသစ်ရုံမျှ မက
ဝေးဝေးက ရှောင်ရသည်များလည်း ရှိနေသည်မို့ အနောက်တိုင်းကို အသာထားလို့ မိမိတို့
အရှေ့တိုင်းမှာပင် ယဉ်ကျေးမှု ကိစ္စ တချို့ ကွာဟ လာနေသည်။


          ယခု
ကျွန်တော် ရေးနေသည်များမှာ အိမ်နီးချင်း ယိုးဒယား နိုင်ငံမှ အဖြစ်အပျက်များ
ဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် မြန်မာနှင့် ယိုးဒယားမှာ အတော်နီးစပ်သော သဘောရှိသည်။
ကိုးကွယ်သည့်ဘာသာ၊ ရေမြေတောတောင်က အစ ရုပ်ရည်အဆုံး တော်တော်တူသည်။ သို့သော်
စောစောက ပြောသော “ယဉ်ကျေးမှုသစ်” ကို ရယူ သုံးစွဲရာ၌ အတော်ကွာခြားနေပါသည်။
ထို့ကြောင့် AIDS နှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရေးရန် ' Lessons of Life'
စာအုပ်ငယ်ကို ဘာသာပြန်ပြုစုရာ၌ ကိုယ့်လူမျိုးနှင့် နီးစပ်သော သဘောရှိသဖြင့် မြင်သာ
ထင်သာပေသည်။ ပြီးတော့ “ယဉ်ကျေးမှုသစ်” ကို ဖော်ကျူးရာ၌ လည်း အနောက်အမြင်ကင်းပြီး
အရှေ့နားနှင့် ကြားနာလို့သင့်တော်ပေမည်။ ဒါတောင် ဝေါဟာရ အခက်အခဲ များစွာကြုံသည်။
ယိုးဒယားလို မည်သို့ရေးသည်တော့မသိ၊ အင်္ဂလိပ်လို ဘာသာပြန်ရာ၌ အချို့ ဝေါဟာရတွေက
ကြမ်းလွန်းလှသည်။ ဥပမာ " FUCKING SHOW" တဲ့။ ဘယ်နှယ့်လုပ်ပြီး
ဘာသာပြန်ရမည်နည်း။ သိသာသိစေ မမြင်စေနဲ့ဟူသော စကားရှိသည်။ သည်တော့ကျွန်တော့်မှာ
ထိုပွဲကို “လူရုပ်ပြပွဲ” ဟူ၍ လည်းကောင်း “အိမ်ထောင်ရေး သရုပ်ပြကွက်” ဟူ၍
လည်းကောင်း စကားယဉ်ကို ရွေးပြီး သုံးရသည်။ သူ့စာအုပ်ထဲပါသော ဆေးပညာ ဝေါဟာရ
တွေကလည်း တမှောင့်ဖြစ်သည်။ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသာ သုံးသော
ဝေါဟာရများ ဖြစ်သဖြင့် သာမန် စာဖတ်သူ နားလည်အောင် မနည်းရှင်းရမည်။ ထို့ကြောင့် အချို့
ဝေါဟာရ တစ်လုံးသည် ၀ါကျ တစ်ကြောင်း ဖြစ်သွားတတ်သည်။ ယောက်ျားချင်း လိင်တူ
ဆက်ဆံသည့် ကိစ္စများကိုလည်း သရုပ်ဖော်ရခက်သဖြင့် “သူရို့တော့ ပရောပရီ” ဖြစ်နေသည်ဟု
လုံးချရတာတွေလည်း ရှိသည်။


          ဘာပဲဖြစ်ဖြစ်
ကျွန်တော်ကတော့ စေတနာထားပြီး ပြန်ဆိုပါသည်။ ညစ်ညမ်းသော အသုံးများကို
ဂရုစိုက်ပါသည်။ မြန်မာ့နားနှင့် ဆတ်ဆတ် ကြားမြင်အောင်လည်း ပြောပြနေရပါသည်။
ဤစာစုတွေ ရေးရာမှာ ကျွန်တော် “စာမူခ” ကို မယူခဲ့ပေ။ ရသမျှကိုလည်း လှူပါသည်။
ဤစာစုများ စုပေါင်းထုတ်ဝေဖြစ်လျှင်လည်း (လှူမည့်တန်းမည့် ထုတ်ဝေသူကိုလည်း
ရှာနေပါသည်။) ဓမ္မဒါန လို သဘောမျိုး ဇီဝိတ ဒါနာ လုပ်ပါမည်။


          အောက်ဖော်ပြပါ
စာစုလေးမှာလည်း AIDS ရောဂါသည် တစ်ဦး၏ ဘ၀ ကိုယ်တွေ့ ကလေးဖြစ်ပြီး သူကိုယ်တိုင်က
အက်ဆေး သဘောရေးပြထားပါသည်။ ထို့ကြောင့် ရိုးရိုးကလေးနှင့် ဖတ်ကောင်း မှတ်ကောင်း
နေပါသည်။ တတ်နိုင်သမျှတော့ လိမ်လိမ်မာမာ ဘာသာပြန်လိုက်ပါသည်။ တချို့နေရာမှာတော့
ကျွန်တော့် အာဘော်များကို ဖြည့်စွက်ထားပါသည်။

 

           ကျွန်တော်ဟာ
နွေးထွေးအေးချမ်းတဲ့ မိသားစုက ပေါက်ဖွားလာတာပါ။ ကျွန်တော့်မိဘများက ကျွန်တော့်ကို
စနစ်တကျ ဂရုစိုက်ကြပါတယ်။ တစ်ခါတလေ အလိုလိုက်ပါတယ်။ ဒီတော့
အမိုက်စော်ကားဖြစ်တာပေါ့။


          ကျွန်တော့်မှာ
မကောင်းတဲ့ အမူအကျင့် လေးတွေရှိတယ်လို့ ၀န်ခံပါရစေ။ ကျွန်တော်သောက်တတ်  စားတတ်တယ်။ လမ်းများတယ်။ မိန်းမလည်း
ဝါသနာပါတယ်။ ကောင်မလေးတွေ အများကြီး ကျွန်တော့်မှာရှိတယ်။ အဲဒီကာလတွေတုန်းက
ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတစ်ယောက်လို့ ထင်တာပေါ့ဗျာ။ ပိုက်ဆံလည်း
ပေါမှပေါပဲ။ ကျွန်တော်လား။ ပိုက်ဆံတွေကို စက္ကူတွေလို သဘောထားတာ။

 

         အဲသလို
ပျော်ပျော်နေ သေခဲ ဘ၀နဲ့နေလိုက်တာ ၁၉၉၀ ပြည့်နှစ်မှာ တော့ ကျွန်တော်ဟာ “တီ” ဆိုတဲ့
ကောင်မလေးတစ်ယောက်နဲ့ တွေ့တော့တာပဲ။ သူက ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။
ချစ်စရာကောင်းတယ်။ ကျွန်တော်နဲ့ သူ ချိန်းတွေ့ကြတယ်။ ပရောပရီ နေကြတယ်။ ဒီလိုနဲ့
ကလေးတစ်ယောက်တောင် ရခဲ့ပါရော။


          ၁၉၉၅
သိတယ်မို့လား။ တစ်ကမ္ဘာလုံး စီးပွားရေးကပ် ဆိုက်ခဲ့တာ။ ကျွန်တော်တို့ နိုင်ငံလည်း
ဘယ်လွတ်မလဲ။ နိုင်ငံပါ မလွတ်တော့ဘူးဆိုမှ ကျွန်တော်တို့ရော ဘာမို့ ခံနိုင်မှာလဲ။
မွဲပြာကျမဟုတ်တောင် ပိုက်ဆံကြပ်လာပါရော။ ဒါနဲ့ ကျွန်တော်နဲ့သူလည်း တောင်မင်း
မြောက်မင်း မကယ်နိုင်ပေါ့။ သီးခြားစီ ပြန်နေလိုက်ရတော့မယ်။ ဒီမှာတင် လွတ်လပ်ရေး ပြန်ရသလို
ကျွန်တော်ဟာ မူလဘ၀ထဲ တ၀ဲဝဲတလည်လည် ပြန်ရောက်တော့တာပါဘဲ။


          တစ်နေ့မှာတော့
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ “အက်စ်” ဆိုတဲ့ မိန်းမတစ်ယောက်နဲ့
ဆုံစည်းရပါတယ်။ သူက မိန်းမကောင်းတစ်ယောက်ပါ။ ရိုးတယ်။ ယဉ်တယ်။ စိတ်ကောင်းရှိတယ်။
ဒီတော့ ကျွန်တော် “အက်စ်” အပေါ် သံယောဇဉ်တွယ်မိရာက
နောက်ဆုံးလက်ထပ်ယူလိုက်တော့တာပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော့်မှာ
အိမ်ထောင်ရှင်မကောင်း တစ်ယောက် လိုပြီလေ။


          သူက
ကျွန်တော်အပေါ် တော်တော်ကောင်းရှာတယ်။ ကျွန်တော့်အပေါ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်
ကလေး အပေါ်မှာ လည်း ကောင်းတာပါပဲ။ ဒါပေမဲ့ဗျာ ခွေးမြီးကောက် ကျည်ထောက်စွပ်ဆိုတာ
ကြားဖူးတယ် မဟုတ်လား။ ကျွန်တော်ဟာ ပိုက်ဆံလေးနည်းနည်း မရှိလိုက်နဲ့ သွားပြီ။ ဟို
အကျင့်တွေ ပြန်ဝင်တော့တာပဲ။ ဘယ်လောက်အထိ ဆိုးလာသလဲ ဆိုရင် လက်ထပ်တုန်းက
သူ့ကိုဝယ်ပေးခဲ့တဲ့ မင်္ဂလာ လက်ဆောင်တွေလည်း ရောင်းပစ်တာပဲ။ သူ့ဆီက ပါလာတဲ့ အဖိုးတန်
လက်ဝတ်ရတနာပစ္စည်းတွေကိုလည်း ရောင်းပစ်တာပဲ။ သူကတော့ အပြစ်မယူရှာပါဘူးလေ။ ဒီ့အပြင်
အဲဒီအတောအတွင်း ဖျားနာလာတဲ့ ကျွန်တော့်ကလေးကိုလည်း ဂရုစိုက်မပျက်ဘူး။ ဒီကြားထဲ
ကျွန်တော်အတွက် သားလေးတစ်ယောက်တောင် မွေးပေးပါသေးတယ်။ ဒါပေမဲ့ ကလေးက မီးတွင်းမှာပဲ
ဆုံးသွားခဲ့ရှာတယ်။ ကျွန်တော့်မှာ အကြီးအကျယ် ၀မ်းနည်းရတာပေါ့။ ဒါပေမဲ့ ကလေးဟာ
ဘာရောဂါနဲ့သေသလဲ ကျွန်တော်မသိခဲ့ပါဘူး။ စိတ်ညစ်လို့ အရက်ကို သောက်တယ်
ပြန်ဖြစ်ပြန်ရော။


          နောက်ပိုင်း
ကျွန်တော်ပါ ဖျားဖျားလာတော့တာပဲ။ ဆရာဝန်ဆီ သွား ပြဖို့ရာလည်း ပိုက်ဆံမရှိပေဘူး။
ကျွန်တော့်မှာ ချမ်းသာတာဆို “အက်စ်” ရဲ့ ရိုးသားမှုနဲ့ မေတ္တာတရားပါပဲ။
ကျွန်တော့်ကိုယ် ကျွန်တော် ရှက်မိပေမယ့် သူဟာ ကျွန်တော့်အပေါ် အဲဒီ အခြေအနေထိ
အပြစ်မမြင်ခဲ့ပါဘူး။ ကြည့်စမ်း။ သူကိုယ်တိုင်လည်း AIDS ရောဂါဖြစ်နေပြီ။
ကျွန်တော့်ကြောင့်ရယ်ပါ။ ကျွန်တော့်အတွက်တော့ သူဟာ မယ်တော် မေရီလိုပါပဲ။

 

သုမောင် ၏ ကျေးဇူးပဲ AIDS စာအုပ်မှ
ကူးယူဖေါ်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top