20
Mar

ထောင်ဆေးထိုးအပ်ကြောင့် AIDS ရောဂါလက္ခဏာပေါ်



ကျန်းမာရေးမကောင်းတဲ့
NLD အဖွဲ့ဝင် နိုင်ငံရေးသမား တဦးအတွက် မိသားစုက ဆေးထိုးအပ်ကို
သွင်းခွင့်မရပဲ ထောင်ကအပ်နဲ့ သူ့ကို ဆေးထိုးပေးခဲ့လို့ အခုအခါ
AIDS ရောဂါ လက္ခဏာတွေ
ပေါ်နေပြီး ကျန်းမာရေး ယိုယွင်းလာနေတယ်လို့
RFA က
စုံစမ်းသိရှိရပါတယ်။

 

 

HIV / AIDS ရောဂါသည်
ရောဂါပိုးရှိသူ အသုံးပြုထားသော ဆေးထိုးအပ်မှ တဆင့်လည်း ကူးစက် ဖြစ်ပွားနိုင်ပါသည်။

 

အကျဉ်းကျခံနေရသူကတော့
ကိုအောင်သန်း ဆိုသူဖြစ်ပြီး ပဲခူးမြို့
NLD အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်က ဒေါင်းမာန် ကဗျာစာအုပ်တွေ ဖြန့်ဝေခဲ့လို့ အဖမ်းခံရပြီး
အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။ ကိုအောင်သန်းဟာ
ဆီးကျိတ်ရောဂါဖြစ်နေပြီး ဒီရောဂါအတွက် ဆေးနဲ့ ဆေးထိုးအပ်ကို မိသားစုက ပေးသွင်းဖို့
ကြိုးစားခဲ့ပေမဲ့ ဆေးထိုးအပ်သုံးခွင့် မပေးခဲ့ပါဘူး။

 

ကိုအောင်သန်းရဲ့
အခြေအနေ နဲ့ ပတ်သက်ပြီး ပဲခူး
NLD ရုံးအဖွဲ့မှူး
ကိုဂျမားက
RFA ကို အခုလို
ပြောပြပါတယ်။

 

ကိုဂျမား။         သူက
ဆီးကျိတ်ရောဂါ ဖြစ်တဲ့အခါကျတော့ ထောင်ဆရာဝန်ကို ပြောတယ်၊ ကျွန်တော့အိမ်က ကျွန်တော့
မိဘတွေ လာတဲ့အခါမှာ ကျွန်တော် ဆေးထိုးအပ် မှာလိုက်မယ်၊ အဲဒီ မှာလိုက်တဲ့အပ်နဲ့
ကျွန်တော့ကို ထိုးပေး၊ ဒီမှာရှိတဲ့ ဆေးထိုးအပ်တွေနဲ့ မထိုးပေးနဲ့၊ အဲဒါကို ဆရာဝန်က
အတင်း ချုပ်ချက်ပြီးတော့ အဲဒီ သူတို့ ထောင်မှာရှိတဲ့ ဆေးထိုးအပ်နဲ့ ထိုးပေးတဲ့အခါ
အဲဒီ ကိုအောင်သန်းဟာ
AIDS ရောဂါဖြစ်နေတဲ့
လက္ခဏာမျိုး ဖြစ်နေတယ်ဆိုပြီးတော့ သူ့မိဘတွေက ကျွန်တော်တို့ကို ပြောပြတယ်။

 

လက်ရှိ ပိန်ချုံးသွားတယ်။ အရင်တုန်းကဆို ကိုအောင်သန်းက
ဝဝတုတ်တုတ် အပြင်မှာ ရှိတဲ့ အချိန်တုန်းက။ အခု ပိန်ချုံးသွားတယ်။
ပိန်ချုံးပြီးတော့ သူဟာ နေ့တိုင်းလည်း ဖျားတယ်၊ ဝမ်းလည်း နေ့တိုင်းသွားတယ်။

 

ကိုအောင်သန်းရဲ့
မိဘတွေဟာလည်း ဆင်းရဲဒုက္ခ ရောက်နေကြတဲ့အတွက် ပဲခူး
NLD နဲ့ ရန်ကုန် NLD အဖွဲ့တွေက ကူညီထောက်ပံ့ ပေးနေတယ်လို့လည်း ကိုဂျမားက
ပြောပါတယ်။

 

NLD အဖွဲ့ဝင် ကိုအောင်သန်း အကျဉ်းကျခံရတဲ့ အချိန်ကလည်း
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့
RSF က
သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ဖြစ်ပျက်ခဲ့တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့
ပြန်ကြားရေးတာဝန်ခံ
Vincent Brossle က RFA ကို အခုလို ပြောပါတယ်။

စစ်အစိုးရဟာ
နိုင်ငံရေးအကျဉ်းသားတွေဆိုရင် အထူးသဖြင့်
NLD အဖွဲ့ဝင်တွေ၊
လွတ်လပ်စွာ ဖော်ထုတ်ပြောဆို ပြသသူတွေကိုဆိုရင် တော်တော် ဆိုးဆိုးဝါးဝါး
ဆက်ဆံကြကြောင်း၊ အခု
NLD အဖွဲ့ဝင်
ကိုအောင်သန်း ကိစ္စမျိုးဟာ အလွန်မှ ဝမ်းနည်းစရာကောင်းကြောင်း ၊ စစ်အစိုးရဟာ
နိုင်ငံရေး အကျဉ်းသားတွေကို ရာဇဝတ်သားတွေလို ဆက်ဆံတဲ့ ဥာဉ် ရှိတယ်ဆိုတာတွေ ကို
ပြလိုက်တာပဲ ဖြစ်ကြောင်း၊ တဖြည်းဖြည်းချင်းနဲ့ မသေသေအောင် ပြင်းပြင်းထန်ထန်
ခံစားရတဲ့ နည်းနဲ့ ညှဉ်းပန်း အဆုံးစီရင်နေတာ ဖြစ်တယ်လို့
RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က Vincent Brossle က RFA ကို ပြောသွားပါတယ်။


သတင်း ထောင်ဆေးထိုးအပ်ကြောင့်
AIDS ရောဂါလက္ခဏာပေါ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top