17
Oct

ထောင်ဆေးထိုးအပ်ကြောင့် AIDS ရောဂါလက္ခဏာပေါ်



ကျန်းမာရေးမကောင်းတဲ့ NLD အဖွဲ့ဝင်နိုင်ငံရေးသမား တဦးအတွက်
မိသားစုက ဆေးထိုးအပ်ကို သွင်းခွင့်မရပဲ ထောင်ကအပ်နဲ့ သူ့ကို ဆေးထိုးပေးခဲ့လို့ အခုအခါ
AIDS ရောဂါလက္ခဏာတွေပေါ်နေပြီး ကျန်းမာရေး ယိုယွင်းလာနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

အကျဉ်းကျခံနေရသူကတော့ ကိုအောင်သန်းဆိုသူဖြစ်ပြီး ပဲခူးမြှို
NLD အဖွဲ့ဝင် တဦးဖြစ်ပါတယ်။ သူဟာ ၂၀၀၄ ခုနှစ်က ဒေါင်းမာန် ကဗျာစာအုပ်တွေ ဖြန့်ဝေခဲ့လို့
အဖမ်းခံရပြီး အင်းစိန်အကျဉ်းထောင်မှ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။ ကိုအောင်သန်းက
ဆီးကျိတ်ရောဂါဖြစ်နေပြီး ဒီရောဂါအတွက် ဆေးနဲ့ဆေးထိုးအပ်ကို မိသားစုက ပေးသွင်းဖို့ ကြိုးစားခဲ့ပေမဲ့
ဆေးထိုးအပ်သုံးခွင့်မပေးခဲ့ပါဘူး။

ကိုအောင်သန်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပဲခူး NLD ရုံးအဖွဲ့မှူး
ကိုဂျမားက RFA ကို အခုလိုပြောပြပါတယ်။

ကိုဂျမား။  
“ သူက ဆီးကျိတ်ရောဂါ ဖြစ်တဲ့အခါကျတော့ ထောင်ဆရာဝန်ကို ပြောတယ်။ ကျွန်တော်အိမ်က ကျွန်တော့
မိဘတွေလာတဲ့အခါမှာ ကျွန်တော်ဆေးထိုးအပ်မှာ လိုက်မယ်။ အဲ့ဒီ မှာလိုက်တဲ့အပ်နဲ့ ကျွန်တော့ကို
ထိုးပေး၊ ဒီမှာရှိတဲ့ ဆေးထိုးအပ်တွေနဲ့ မထိုးပေးနဲ့၊ အဲ့ဒါကို ဆရာဝန်က အတင်းချုပ်ချက်ပြီးတော့
အဲ့ဒီသူတို့ ထောင်မှာရှိတဲ့ ဆေးထိုးအပ်နဲ့ ထိုးပေးတဲ့အခါ အဲ့ဒီကို အောင်သန်းက AIDS
ရောဂါဖြစ်နေတဲ့ လက္ခဏာမျိုးဖြစ်နေတယ်ဆိုပြီးတော့ သူ့မိဘတွေက ကျွန်တော်တို့ကို ပြောပြပါတယ်။”

“လက်ရှိ ပိန်ချုံးသွားတယ်။ အရင်တုန်းကဆို ကိုအောင်သန်းက
ဝဝတုတ်တုတ် အပြင်မှာရှိတဲ့ အချိန်တုန်းက။ အခု ပိန်ချုံးသွားတယ်။ ပိန်ချုံးပြီးတော့
သူဟာ နေ့တိုင်းလည်းဖျားတယ်၊ ဝမ်းလည်းနေ့တိုင်းသွားတယ်။”

ကိုအောင်သန်းရဲ့ မိဘတွေကလည်း ဆင်းရဲဒုက္ခ ရောက်နေကြတဲ့
အတွက် ပဲခူး NLD နဲ့ ရန်ကုန် NLD အဖွဲ့ဝင်တွေက ကူညီထောက်ပံ့ ပေးနေတယ်လို့လည်း ကိုဂျမားက
ပြောပါတယ်။

NLD အဖွဲ့ဝင် ကိုအောင်သန်း အကျဉ်းကျခံရတဲ့ အချိန်ကလည်း
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ Vincent
Brossle က RFA ကို အခုလိုပြောပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေဆိုရင် အထူးသဖြင့်
NLD အဖွဲ့ဝင်တွေ၊ လွတ်လပ်စွာဖော်ထုတ်ပြောဆို ပြသသူတွေကိုဆိုရင် တော်တော်ဆိုးဆိုးဝါးဝါး
ဆက်ဆံကြကြောင်း၊ အခု NLD အဖွဲ့ဝင် ကိုအောင်သန်း ကိစ္စမျိုးဟာ အလွန်မှ ဝမ်းနည်းစရာကောင်းကြောင်း၊
စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေကို ဆက်ဆံတဲ့ ဥာဉ် ရှိတယ်ဆိုတာတွေကို
ပြလိုက်တာပဲ ဖြစ်ကြောင်း၊ တဖြည်းဖြည်းချင်းနဲ့ မသေသေအောင် ပြင်းပြင်းထန်ထန်ခံစားရတဲ့
နည်းနဲ့ ညှင်းပန်း အဆုံးစီရင်နေတာဖြစ်တယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က
Vincent Brossle က RFA ကိုပြောသွားပါတယ်။

http://www.rfa.org/burmese/news/political_prisoner_got_hiv_from_needle-10142008113219.html

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top