15
Feb

ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။ GHRE အဖွဲ့ဒါရိုက်တာ ဦးထူးချစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အလုပ်သမားများအား မည်သို့ ကူညီနိုင်မည်ကိုမူ ဆက်လက် လေ့လာသွားရဦးမည်ဟု အန်ထော်နီ အဲရစ်က ပြောသည်။

“သူလုပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လို ကူလို့ရမလဲ ဆိုတာ လေ့လာတာပါ။ သူ့ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ရပါ တယ်။ သူလုပ်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အားရကျေနပ်ပါတယ်။ ဘယ်လို ကူနိုင်မလဲဆိုတာ သူနဲ့ ပုံမှန် ဆက်သွယ်ထားမှာပေါ့” ဟု အန်ထော်နီ အဲရစ်က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံအတွင်း၌ ပြုပြင်ပြောင်းလဲရေး တချို့လုပ်လာသဖြင့် နိုင်ငံတကာ အစိုးရနှင့် အန်ဂျီအိုများက ပြည်တွင်းသို့ ဝင်ရောက် လုပ်ကိုင်ရန် အာရုံပိုစိုက်လာသဖြင့် ပြည်ပအဖွဲ့များသို့ အကူညီမှုများ လျှော့ချ ခံရ သည်။ လိုအပ်သည့် အကူအညီများကို ရရှိနိုင်ရန် GHRE က အန်ထော်နီ အဲရစ်တို့ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးထူးချစ် က ပြောသည်။

“သူတို့လည်း ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကူညီပေးချင်တဲ့စိတ်ရှိတယ်။ လာကြည့်ချင်တဲ့စိတ် ရှိတယ်လို့ သူတို့နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကနေ တဆင့်ကြားတာလေ။ ကျနော်တို့ကလည်း အခက်အခဲ ရှိတယ် လာကြည့်နိုင်ရင် ပိုကောင်းတာပေါ့ဆိုပြီး ကျနော်တို့က လှမ်းဖိတ်လိုက်တာ” ဟု သူက မဇ္ဈိမကို ပြောသည်။ ဖန်င အခြေစိုက် GHRE အဖွဲ့သည် ၂၀၀၀ ခုမှစ၍ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များအရေး ဆောင်ရွက်နေပြီး ယခုအခါ စာသင်ကျောင်း ၈ ကျောင်း၊ HIV/AIDS လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဂေဟာ၊ အမျိုးသမီး အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းနှင့် အမျိုးသမီး အခွင့်အရေး ပညာပေးစင်တာတို့ ဖွင့်လှစ်ထားသည်။

အန်ထော်နီအနေဖြင့် မည်သို့မည်မျှ ကူညီမည်ကို ကတိပေးသွားခြင်း မရှိသော်လည်း GHRE ၏ ပညာရေး လုပ်ငန်းများတွင် ဘတ်ငွေ ၃ သန်း လိုအပ်ကြောင်း တင်ပြပြောဆိုခဲ့သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။ “ကျနော်တို့ ကလေးအနည်းဆုံး သုံးလေးရာလောက် နေလို့ရတဲ့ ကျောင်းသစ်ကြီး ဆောက်ထားတယ်။ မေလမှာ ဖွင့်မှာပေါ့။ သူတို့ ကိုယ်တိုင်လည်း သွားကြည့်တယ်။ အဖွဲ့အစည်းပိုင်တဲ့ ကျောင်းကားတွေလည်း ရှိ တယ်။ ကားဒရိုင်ဘာဖိုး၊ ဆီဖိုး၊ ဆရာ/ဆရာမတွေ ခန့်ဖို့၊ အခက်ခဲရှိတယ်။ ဆေးခန်းတွေ၊ HIV လူနာထားတဲ့ နေရာတွေ။ သူတို့ ကြည့်သွားတယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံသို့ ဇန်နဝါရီလ ဒုတိယပတ်ထဲက ရောက်ရှိနေသည့် အန်ထော်နီ အဲရစ် နှင့် သူ၏ ဇနီးသည်တို့သည်  စူရတ်ဌာနီ ခရိုင် ကော့စမွေကျွန်းရှိ သူ၏ ကိုယ်ပိုင်အိမ်တွင် နောက်ထပ်တလ နေထိုင် ဦးမည်ဖြစ်သော် လည်း လတ်တလောတွင် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ဆိုသည်။ ၎င်းတို့ဇနီးမောင်နှံ နှစ်ဦး မြန်မာနိုင်ငံသို့ ၂၀၁၂ ခု ဇန်နဝါရီနှင့် ၂၀၁၁ ခု ဖေဖော်ဝါရီလ တို့တွင် သွားရောက် လည်ပတ်ဖူးကြောင်း အန်ထော်နီ အဲရစ် ကပြောသည်။

ဗြိတိန်နိုင်ငံတွင်နေထိုင်သူ အန်ထော်နီ အဲရစ်သည် မြန်မာနိုင်ငံရှိ HIV-AIDS ဝေဒနာသည်များနှင့် ပတ်သက်၍ တိုက်ရိုက် မဟုတ်သော်လည်း ကူညီလို သူများကို အခြေအနေ ရှင်းပြခြင်း၊ အကူအညီလိုသူများနှင့် ဆက်စပ်ပေးခြင်း တို့ ဆောင်ရွက်ပေးကြောင်း သိရသည်။

မဇ္ဈိမ - ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top