ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါသည်များကို ခွဲခြားဆက်ဆံမှု ကင်းစင် ရေးအတွက် ကမ္ဘာ့အေအိုင် ဒီအက်စ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်က တောင်းဆိုလိုက်သည်။
သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့တွင် ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ခွဲခြား ဆက်ဆံမှု ကင်းစင်ရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibe တို့က “ခွဲခြားမှု ကင်းစင်ရေး လှုပ်ရှားမှု” ကို ကြေညာခဲ့ပြီး အထက်ပါအတိုင်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။
အစီအစဉ်အရ ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်ကို “ခွဲခြားမှုများ ကင်းစင်ရေးနေ့” အဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ အမှတ်တံဆိပ်အဖြစ် လိပ်ပြာကို သင်္ကေတအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။
“ကျွန်မ ယုံကြည်ပါတယ်၊ ကမ္ဘာပေါ်မှာ လူတိုင်းပွင့်လန်းနိုင်ပါတယ်။ ဘယ်လိုလူမျိုးတွေ ဖြစ်ပါစေ ဂုဏ် သိက္ခာရှိတဲ့ ဘ၀တွေ လျှောက်လှမ်းနိုင်တဲ့ အခြေအနေတွေ ရှိရပါမယ်၊ စိတ်တွေဖွင့်ထားဖို့၊ လက်တွေ ကမ်းလှမ်းထားဖို့၊ မတူမှု ခွဲခြားတာတွေ ကင်းစင်စေဖို့ လူတိုင်းကို ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
တစ်ဖက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးစင်တာ (NHAPCC) မှ HIV ပိုး ကူးစက်ခံရသူများအပေါ် လူအခွင့်အရေး ချိုးဖောက် ခံရမှု ရပ်ဆိုင်းပေးရန် အပါအ၀င် အချက်လေးချက်အား တောင်းဆိုသည့် ကြေညာချက်အား ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သေးသည်။
ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါခံစားရသူများကို ခွဲခြားဆက်ဆံများ ရှိနေပြီး၊ ရောဂါရှိနေသူ ခုနစ် ဦးတွင် တစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်များမှ ငြင်းပယ်ခံနေရပြီး၊ ဆယ်ဦးတွင် တစ်ဦး မှာ သူတို့၏ ရောဂါကြောင့် အလုပ်လုပ်ပိုင်ခွင့်များ ဆုံးရှုံးနေရသည်။
ဒေါ်အောင်ဆန်းစုကြည်က လူထု ကြေညာချက်တွင် “ စိတ်တွေဖွင့်ထား၊ လက်ကမ်းကြိုဆို၊ ခွဲခြားမှုကင်း စင်ရေးဆီ ချီတက်ကြစို့” ဟု ဆိုခဲ့သည်။
မဇ္ဈိမ - ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS တို့ HIV/ AIDS ရောဂါသည်များကို ခွဲခြားမှု ကင်းစင်ရေး တောင်းဆို




