သြစတြေးလျနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် United Nations Programme on HIV/AIDS (UNAIDS) ညီလာခံသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဘရစ်စ်ဘိန်း တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ UNAIDS ညီလာခံကို ဒီဇင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာ ရှင်များ ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေး (UNAIDS) ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည် ပါဝင် တက်ရောက်မည် ဟုလည်း ဖော်ပြ ထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိဖြစ်သူ ဒေါက်တာ တင်မာအောင်က “သူတို့ဘက်က ထုတ်ပြန်တဲ့ အတိုင်းပါပဲ။ ကျွန်မတို့ဘက်က ဘာမှထုတ်ပြန်ဖို့ မရှိပါဘူး” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျ ခရီးစဉ်အတွင်း ဆစ်ဒနီမြို့အပြင် မဲလ်ဘုန်းနှင့် အခြားမြို့များ သို့လည်း သွားရောက်ဖွယ်ရှိပြီး သြစတြေးလျ တက္ကသိုလ် အချို့က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ရန် ကမ်းလှမ်းမှုများ ပြုလုပ်နေကြောင်း ဘရစ်စ်ဘိန်း တိုင်းမ်တွင် ဖော်ပြထားသည်။
သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Mr.Bob Carr ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရပြီး နောက်ပိုင်း ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံများ အပါအဝင် ဂျပန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကို ဆက်တိုက် သွားရောက်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၄
The Voice Weekly - ဒေါ်အောင်ဆန်းစုကြည် UNAIDS ညီလာခံတက်ရန် သြစတြေးလျ သွားမည်




