အလှူရှင်တစ်ယောက်က သူ့နေအိမ်ကို ကြိုက်သလိုသုံးပါဆိုပြီး လှူဒါန်းခဲ့လို့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး NLD အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားရေးနဲ့ဖွံ့ဖြိုးရေးသင်တန်းကို ဒဂုံအရှေ့က ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒီသင်တန်းမှာ ဘယ်သူတွေကို ဘယ်လိုသင်တန်းမျိုးတွေ သင်ပေးနေသလဲ။
အလှူရှင် ဒေါ်ဥမ္မာတင်က သူ့အိမ်ကို လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က လှူဒါန်းခဲ့ပြီးနောက် ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး HIV ဝေဒနာခံစားနေရတဲ့ အမျိုးသမီးနဲ့ ဝေဒနာရှင်မိသားစုထဲက အမျိုးသမီးတွေကို အခမဲ့စက်ချုပ်ပညာသင်ကြားပေးနေတာပါ။ နယ်က အခွင့်အလမ်းနည်းပါးတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ အခုတော့ HIV ဝေဒနာနဲ့မဆိုင်တဲ့ အမျိုးသမီးလူငယ်တွေကိုပါ သင်တန်းတက်ဖို့ ဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးရာဇာကဆိုပါတယ်။
စိုက်ပျိုးမွေးမြူရေးရပ်ကွက်ကြီး ၁ထဲမှာ ဖွင့်လှစ်ထားတဲ့ ဒီသင်တန်းကိုတော့ သင်ကြားပေးတဲ့ နည်းပြဆရာမ ၅ယောက်ရှိပြီး အခုဆို သင်တန်း အပတ်စဉ်ပေါင်း ၁၆ခုရှိသွားခဲ့ပါပြီ။ သင်တန်းတစ်ခုကို တစ်လကျော်ကြာမြင့်ပါတယ်။ စက်ပစ္စည်းတွေလည်းစုံလင်တာမို့ စက်ချုပ်ပညာတစ်ခုတည်းတင်မက ခုခံအားကျတဲ့ရောဂါအပြင် သားဆက်ခြားပညာပေး၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ပညာပေးတွေကိုလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းဟာ သင်တန်းသားတွေအတွက် စားဝတ်နေရေးကို တာဝန်ယူထားပြီး သင်တန်းနည်းပြတွေကလည်း ပံ့ပိုးမှုအားကောင်းလို့ ထိရောက်မှုရှိတယလို့ ပြောသူက ဒေါ်မြင့်မြင့်မော်ပါ။ ဒါပေမယ့် တစ်ချို့အခက်အခဲတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း သနပ်ပင်မြိုကနယ် မင်းရွာ ရွာမကနေ သင်တန်းလာတက်တဲ့ မနီလာဝင်းတစ်ယောက် ရွာမှာစက်ချုပ်တတ်ပေမယ့် စနစ်တကျတတ်ချင်လို့ပါလို့ ပြောပါတယ်။ ဒီသင်ကြားထားတဲ့ ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမှာဖြစ်သလို အခြားသူတွေကိုလည်း မျှဝေသွားမယ်လို့ ဆိုပါတယ်။
ကမာရွတ် - ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ သင်တန်း ဘယ်သူတွေကို သင်ပေးနေတာလဲ




