အမေရိကန် ပြည်ထောင်စုရှိ ဆေးဝါးနှင့် အစားအသောက် အဖွဲ့အစည်း ဖြစ်သည့် FDA အနေဖြင့် နေအိမ် အတွင်းတွင် မိမိဖာသာ HIV စစ်ဆေးနိုင်မည့် စနစ်သစ် တစ်ခုကို အတည်ပြုပေးသင့်ကြောင်း ကျွမ်းကျင် သူ ၁၇ ဦး ပါဝင်သည့် အဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ကမကထပြုသူ အဖွဲ့ တစ်ခုမှ ပြောကြားလိုက်သည်။ ယခုလို စမ်းသပ်ခွင့်ကို ပေးနိုင်စေရန် အတွက် တညီတညွတ်တည်း သဘော တူညီခဲ့ကြကာ အဆိုပါ စမ်းသပ်သည့် ကိရိယာမှာ ပါးစပ် အတွင်းသို့ ထည့်သွင်းကာ သွေး နမူနာ ရယူပြီး မိနစ် ၂၀ အတွင်း အဖြေ ထုတ်ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ယခုလို စမ်းသပ်ခွင့် ပေးခြင်းဖြင့် နှစ်စဉ် ဖြစ်ပွားနေသည့် HIV ကူးစက်မှုများနှင့် ပတ်သက်ပြီး အသစ်အသစ်သော ဖြစ်ရပ်များကို သိသာစွာ ဖော် ထုတ်နိုင်မည် ဖြစ်သည်ဟု အဆိုပါ အဖွဲ့ထဲမှ ကမကထ ပြုသူ တစ်ဦးဖြစ်သည့် Blaine Hollinger ဆိုသူမှ ပြောကြားခဲ့သည်။ အချို့သော ဝေဖန်သူများ၏ အပြောအရမူ ယင်းစမ်းသပ်မှု အတွက် သေချာစွာ အဖြေထုတ်နိုင် ၊ မထုတ်နိုင် ဆိုသည်ကိုမူ မေးခွန်း ထုတ်စရာများ ဖြစ်နေကြောင်း ပြောသည်။
သို့ရာတွင် အန္တရာယ် မဖြစ်စေဘဲ စမ်းသပ်နိုင်သည့် ကောင်းကျိုးကို ပေး စွမ်းနိုင်ကြောင်း ယင်းအဆိုကို လိုလားသူ အဖွဲ့မှ ပြောသည်။ ရောဂါဗေဒ ထိန်းချုပ်ရေး ဗဟိုအဖွဲ့၏ အပြောအရ အမေရိကန် နိုင်ငံတွင် လူတစ်သန်းကျော်မှာ HIV ရောဂါ ကူးစက်ခံနေရကြောင်းနှင့် ယင်းအထဲမှ ငါးပုံတစ်ပုံမှာ မိမိတို့ အနေဖြင့် HIV ရောဂါ ရှိထားသည်ကို သိရှိကြခြင်း မရှိကြောင်း ပြောကြား သွားခဲ့သည်။




