သို့....
ကျွန်မ
ရိုသေစွာဖြင့် စာရေးခဲ့ပါတယ် ဆရာမ။ အစကတော့ ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ ဖွင့်မပြောတော့ဖို့
ဆုံးဖြတ်ထားခဲ့ပေမယ့် ကျွန်မရင်ထဲ တင်းကျပ်နေတာက တစ်ကြောင်း၊ တစ်ယောက်ယောက်ကတော့ တရားမမျှတမှု
တစ်ခု နောက်ကွယ်က အဖြစ်မှန်ကို သိသင့်တယ် ထင်တာက တစ်ကြောင်းကြောင့် ဒီစာကို ကျွန်မ
ရေးဖြစ်ခဲ့တာပါ။ အဲဒီ တစ်ယောက်ယောက် ဆိုတာကလည်း ကျွန်မအပေါ် စာနာ နားလည်ပေးနိုင်တဲ့သူ၊
ကျွန်မ ဘ၀ကို ကိုယ်ချင်းစာ ပေးမယ့်သူ၊ ပြီးတော့ ကျွန်မ မှီခိုနေခဲ့ရတဲ့ မေမေကြီးတို့
မိသားစုဝင် မဟုတ်တဲ့ အပြင်လူလည်း ဖြစ်ရမယ်ဆိုတော့ ကျွန်မဘ၀မှာ ဆရာမအပြင် ဘယ်သူရှိတော့
မှာလဲနော်။ ဒါကြောင့် ဆရာမ စာသင်တဲ့ အခန်းထဲက စားပွဲတင် ပန်းအိုးလေးအောက်မှာ ဒီစာကို
ထားခဲ့တာပါ။ ကျေးဇူးပြုပြီး လေးလေးနက်နက် ဖတ်ပေးပါနော် ဆရာမ။
ကျွန်မရဲ
့ဇာတိကတော့ ဟိုးအောက်ပြည် အောက်ရွာ သေးသေးလေး တစ်ခုလို့ပဲ မှတ်ထားပေးပါ။ ရွာမှာ ကျွန်မရယ်၊
အမေရယ် အတူတူနေကြတယ်။ ဆွေမျိုး တွေကတော့ ရှိပါရဲ့။ ဒါပေမယ့် “ရွှေ” ရှိမှ “မျိုး” တော်
ချင်ကြတဲ့ သူတို့နဲ့ ကျွန်မတို့ သားအမိ သဟဇာတ မဖြစ်လှပါဘူးလေ။ ကျွန်မတို့ သားအမိကလည်း
“ကိုယ့်မရှိ မာနနဲ့ကိုယ်” ခပ်ကင်းကင်း နေပေမယ့် မရှိဆင်းရဲ မျက်နှာမွဲ ဘ၀မှာ ဟိုလူကနှိမ်
သည်လူက နှိမ်နဲ့ မျက်နှာ ငယ်ရပါတယ်။ အထူးသဖြင့် “အဖေ မပေါ်ဘဲ မွေးတဲ့ ဟာမကများ မာနကကြီးသေး။
ဒင်းတို့ကို ကျုပ်တို့တွေကလည်း အဖက် မလုပ်ချင်ပေါင်” ဆိုတဲ့ စကားမျိုးနဲ့ ပုတ်ခတ် စော်ကားခံရတဲ့
ဘ၀က ဘယ်လောက် ခါးသီးမလဲ ဆိုတာ ဆရာမပဲ တွေးကြည့်။ ငွေမရှိရင် မာနမရှိ ရတော့ဘူးလားဟင်
ဆရာမ။
ဆရာမကို
အမှန်အတိုင်း ၀န်ခံရရင် ကျွန်မအမေ အပျိုပေါက် အရွယ်တုန်း မြို့တက်ပြီး အိမ်ဖော် လုပ်ဖူးတယ်။
သုံးနှစ်လောက်ကြာမှ ရွာပြန်လာတော့ ကျွန်မ ကိုယ်ဝန်ပါ လာခဲ့တယ်တဲ့။ “ယောက်ျား ဆုံးသွားလို့
ပြန်လာခဲ့တာပါ” လို့ အမေက ပြောပေမယ့် ဘယ်သူကမှ အယုံအကြည် မရှိရုံတင်မကဘူး။ တစ်မျိုး
တစ်ဆွေလုံးက ဆေးဖော် ကြောဖက်တောင် မလုပ်ချင်ကြတော့ ဘူးတဲ့။ အမေရွာမှာ နေတုန်းက အမေအနေအထိုင်
တတ်လွန်းလို့ သဘောကျပြီး ချွေးမ တော်ချင်တဲ့ သားရှင်တွေ၊ ချစ်ကြိုက်တဲ့ လူပျို ကာလသားတွေ
ဝိုင်းဝိုင်း လည်နေခဲ့တယ်လို့ ကျွန်မ သိတတ်လာတဲ့ အရွယ်မှာ ပြန်ကြားခဲ့ရတယ်။ ဒါနဲ့များ
ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာ အံ့သြစရာပဲ ဆရာမရယ်။
ထားပါတော့လေ။
ဆက်ပြောရရင် ဘယ်သူတွေက ဘယ်လိုပြောပြော အမေက ကျွန်မကို သတ္တိရှိရှိ မွေးဖွားခဲ့တယ်။ အားအင်
အပြည့်နဲ့ ရုန်းကန် ကျွေးမွေးခဲ့ တယ်။ ကျွန်မ အရှေ့ကနေ မားမားမတ်မတ် ရပ်တည် ကာကွယ်ပေးခဲ့တယ်။
အများနဲ့ တစ်ယောက်ဖြစ်ပေမယ့် အမေကတော့ ပြုံးပြုံးလေးပါပဲ။ အဲဒီလောက် စိတ်ဓာတ်ခိုင်မာပြီး
သတ္တိကောင်းလှတဲ့ အမေဟာ ကျွန်မက မေးခွန်းတစ်ခု မေးလိုက်ရင်တော့ တွေဝေ ငေးငိုင်သွား တတ်တယ်။
“ညည်းအဖေ မရှိတော့ဘူးလို့ အမေပြောပြီး ပါပကော မြရီ၊ အမေလည်း ဒါပဲ ပြောနိုင်တယ်။ တစ်ခုတော့
ရှိတယ်။ သမီးအဖေက အမေတို့လို ဘ၀ မနိမ့်ကျဘူး။ မျိုးရိုးကောင်းတဲ့ ပညာတတ် လူချမ်းသာမျိုး”
လို့ မျက်ရည် အ၀ဲသားနဲ့ပြောရင်း ဘာကို နာကြည်းမှန်းမသိတဲ့ အပြုံးမျိုး ပြုံးတတ်သေးတယ်
ဆရာမရဲ့။ ကျွန်မဘ၀က မွေးကတည်းက ဆက်တိုက်ကံဆိုး မိုးမှောင် ကျခဲ့ရတယ်။ အပယ်ခံ လူသားနှစ်ယောက်တည်းနဲ့
တည်ဆောက်ထားခဲ့ ရပါတယ်ဆိုတဲ့ ဘ၀လေးကိုမှ ကံတရားက ရက်ရက်စက် စက် ဖြိုခွဲ ပစ်ခဲ့ပြန်တယ်။
ကျွန်မ ဆယ့်နှစ်နှစ် သမီး အရွယ်မှာ အမေ မကျန်းမမာ ဖြစ်ပြီး ဆုံးသွားတယ်။ အဲဒီတော့ ပတ်ဝန်းကျင်က
မသင့်တော်လို့ ဝေဖန်တိုက်တွန်းတဲ့ ဒဏ်ကြောင့် မကောင်းတတ်လို့ ထင်ပါရဲ့ ပယ်ထားကြတဲ့
ဆွေမျိုးတွေက ကျွန်မကို သူတို့ အိမ်ပေါ် ခေါ်တင်ထားကြတယ်။
ထမင်းစား
ကျွန်ခံ ဆိုတဲ့ ဘ၀မျိုးမှာ ကျောင်းလည်း ဆက်နေခွင့် မရခဲ့ဘူး။ စာလိုက်နိုင်ပါရဲ့နဲ့
ငါးတန်း အောင်ပြီး ဆက်မထား ပေးတော့ဘူးလေ။ မကောင်းတတ်လို့ အိမ်ပေါ်ခေါ်တင် ထားရတာမို့
ဘာလုပ်လုပ် အကောင်းမမြင်ဘဲ မိုးလင်းမိုးချုပ် မကြည်မဖြူ ငြူစူ ဆောင့်အောင့် ခံနေတဲ့ဘ၀ဟာ
တစ်စက်ကလေးမှ နေပျော်စရာ မရှိပါဘူး။ အဲဒီဘ၀မျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်အောင်
ရုန်းထွက်ဖို့ အခွင့်အရေးလေး တစ်ခုလောက်ရရင် သိပ်ကောင်းမှာပဲလို့ တောင့်တနေတုန်းမှာ
ကောက်ရိုးလေး တစ်မျှင်က ကျွန်မကို နွံထဲကနေ ဆွဲတင် ခဲ့ပါတယ်။
အဲဒါကတော့
ရွာကို အလည်လာရင်း အိမ်ဖော်ကောင်းကောင်း လာစုံစမ်းတဲ့ ဘဘဦးသာရင်နဲ့ မေမေကြီး ဒေါ်ခင်ကြည်တို့
ဇနီးမောင်နှံပါပဲ။ ကျွန်မလေ အဲဒီသတင်း ကြားကြားချင်း အမြန်သွား တွေ့တယ်။ ပထမကတော့ မေမေကြီးက
ကျွန်မကို သိပ်လက်မခံချင်ဘူး။ ရုပ်ကလေး သန့်နေလို့တဲ့။ ဒါပေမယ့် ကျွန်မကလည်း အခွင့်အရေး
နှစ်ခါ မလာနိုင်မှန်း သိနေတော့ မရမက အကြောင်းစုံ ပြောပြပြီး အသနားခံမိတယ်။ အဲဒီအချိန်မှာ
ကျွန်မအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက ကျွန်မ စိတ်အဆင်းရဲကြီး ဆင်းရဲစေတဲ့ ဘ၀ဆိုးက လွတ်မြောက်ခွင့်ပဲ။
ထမင်းစားကျွန်ခံ၊ အငြူစူခံ ဘ၀ထက်စာရင် ထမင်းကျွေး အ၀တ်ဆင်၊ လခရမယ့် နေရာက ကျွန်မဘ၀ကို
အဓိပ္ပာယ် ရှိစေမလား ဆိုပြီး ဆုံးဖြတ်လိုက်မိတာ နောက်ဆုံးတော့ ကျွန်မဟာ မေမေကြီးတို့နဲ့
အတူ မြို့ကို လိုက်ပါခွင့် ရခဲ့တော့တယ်။
အသက်ဆယ့်လေးနှစ်သာသာ
ရှိသေးတဲ့ ကလေးတစ်ပိုင်း လူကြီးတစ်ပိုင်း ဖြစ်နေပြီ ဖြစ်တဲ့ ကျွန်မကို မေမေကြီးတို့
တစ်အိမ်သားလုံးက မိသားစုဝင် တစ်ယောက်လို နွေးနွေးထွေးထွေး ကြိုဆို ဆက်ဆံကြပါတယ်။ တစ်အိမ်သားလုံး
ဆိုတာက ဘိုးဘိုး ဦးမြမင်း၊ ဘဘနဲ့ မေမေကြီး၊ မေမေကြီးရဲ့မောင် နှလုံး ရောဂါသည်၊ လူပျိုကြီး
လေးလေးမြတ်ဦး၊ ပြီးတော့ မေမေကြီးရဲ့သား နှစ်ယောက် ဖြစ်တဲ့ ကိုကိုကြီးနဲ့ ကိုကို လေးရယ်
စုစုပေါင်း ခြောက်ယောက်ပေါ့။ သြော် ကျန်သေးတယ်။ နိုင်ငံခြား ရောက်နေတဲ့ မေမေကြီးရဲ့
သမီး အကြီးဆုံး မမသီတာရဲ့ သားနဲ့ သမီးနှစ်ယောက်လည်း ရှိတယ်။ အဲဒီတုန်းက အကြီးကောင်က
သူငယ်တန်းစ တက်တုန်း။ ကလေးတွေကလည်း ကျွန်မကို ခဏလေးနဲ့ ချစ်သွားကြတာပါပဲ။ တကယ်ပါ ဆရာမရယ်။
မေတ္တာတရားမဲ့တဲ့ ရပ်ဝန်းထဲကနေ အလဲလဲ အပြိုပြိုထွက်ပြေး ရုန်းထွက်လာရတဲ့ မိန်းကလေး အတွက်
ခိုလှုံစရာ နွေးထွေးတဲ့ ရိပ်မြုံလေးတစ်ခု ပိုင်ဆိုင်ရလိုက်တာဟာ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပါပဲ။
ကျွန်မလေ
လခ တစ်ပြားမှ မရဘဲတစ်သက်လုံး နေရမယ် ဆိုရင်တောင် ၀မ်းမြောက်ဝမ်းသာ ခေါင်းညိတ် လက်ခံမှာပါ။
မပျော်သင့် မပျော်အပ်တဲ့ ဘ၀မျိုးပေမယ့် ကျွန်မ အရမ်းပျော်မိတယ်။ ဒါကြောင့် မေမေကြီးတို့
မိသားစုရဲ့ ကျေးဇူးတရားတွေကို တတ်သိ နားလည်စွာနဲ့ ကျွန်မ တတ်နိုင်သလောက် မေတ္တာ စေတနာထားပြီး
ကျေးဇူး တုံ့ပြန်တယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် အိမ်ဖော်တစ်ယောက်က အိမ်ရှင်တွေအပေါ် ၀တ္တရား
ကျေပုံမျိုးထက် ဒီအိမ်ရဲ့ မိသားစုသွေးရင်း တစ်ယောက်လို ကိုယ့်မိဘ၊ ကိုယ့်ဦးလေး၊ ကိုယ့်အစ်ကို၊
ကိုယ့်တူ၊ တူမ တွေလို စိတ်ထဲ သဘောထားပြီး စေတနာပါပါ လုပ်ကိုင်ပေးတော့ တစ်အိမ်လုံးက
ကျွန်မကို ချစ်ခင်ကြတယ်။ ယုံကြည်မှု ရှိကြတယ်။ အဲဒီနောက် ကျွန်မထပ်ပြီး ရင်းနှီး ခင်မင်ခဲ့
ရတာကတော့ ဆရာမပဲပေါ့။ ကလေးနှစ်ယောက်ကို စာသင်ပေးဖို့ ဆရာမ ရောက်လာတုန်းက ဆိုရင် ကျွန်မ
ဝမ်းသာလိုက်တာ။ ပညာတတ်ကြီး ဖြစ်ချင်ရက်နဲ့ ပညာကို နှမြောတသစွာ စွန့်လွှတ် ကျောခိုင်းခဲ့ရတော့လေ
ကျွန်မက ပညာတတ် မှန်သမျှကို အားကျ အထင်ကြီးပြီး လေးစားတယ်။ ကျွန်မလည်း အမေရှိစဉ်တုန်းကတော့
ဆရာမတို့လို ဘ၀မျိုး ရည်မှန်းထားခဲ့ဖူးတယ်။ ဒါပေမယ့် ဘ၀အခြေအနေ မပေးခဲ့တော့။ ထားပါလေ။
ခုနကစကားကို
ပြန်ဆက်ပါရစေ။ မဆက်ခင် ပြောဖို့ ကျန်နေတာ တစ်ခုရှိတယ်။ အဲဒါက ကျွန်မဆယ့်ရှစ်နှစ် အရွယ်ရောက်တော့
ကျွန်မတို့ အိမ် တစ်လမ်းကျော်လောက်က ဟန်သာဆိုတဲ့ ကောင်လေးနဲ့ ချစ်သူ ဖြစ်ခဲ့ကြတယ်။
သူက ကျွန်မထက် နှစ်နှစ် ကြီးတယ်။ ကျွန်မလိုပဲ ရွာကနေ မြို့က ဘကြီးအိမ်မှာ နေရင်း ကြုံရာကျပန်း
ဝင်လုပ်နေတဲ့ သူပေါ့။ ဒီလိုပဲ သွားရင်း လာရင်း ဘ၀တူချင်း မျက်မှန်း တန်းမိပြီး ချစ်သွားကြတာပေါ့
ဆရာမရယ်။ နောက်တော့ သူက ဒီလို လက်သမားလေး ဘာလေး လုပ်လိုက်၊ ပန်းရံလေး ၀င်လုပ်လိုက်နဲ့ဆိုရင်
ဘ၀တိုး တက်ဖို့ရာ လမ်းမမြင်ဘူး။ ကျွန်မတို့နှစ်ယောက် ရှေ့ရေးလည်း ရှိသေးတယ်ဆိုပြီး
အဖော်ကောင်းတာနဲ့ ရွှေတောဘက် ပါသွားပါလေရော။ တစ်ခါတလေ ကျွန်မက အပြင်ထွက်ပြီး ဖုန်းခိုးဆက်မှသာ
အဆက်အသွယ် ရတာပေါ့လေ။ ပြောရရင် နှစ်လ တစ်ခါလောက် စကား ပြောခွင့်ရကြဖို့တောင် မလွယ်တဲ့
ဘ၀ပါ။ မေမေကြီးတို့ကတော့ ဘာမှမရိပ်မိဘူး ပေါ့နော်။
သူက
သုံးနှစ်နေမှ နှစ်ခါပဲ ပြန်လာတယ်။ ဒုတိယအခေါက် ပြန်လာတော့ တော်တော် ပိန်သွားတယ်။ နေသိပ်မကောင်းဘူး။
ငှက်ဖျားရ လာတာတဲ့လေ။ ငွေမစုမိ သေးတော့ သူက ပြန်သွားဦး မယ်လို့ ပြောတယ်။ သုံးနှစ် သုံးမိုးရှိပြီမို့
ယူရင်လည်း ယူလို့ ရပြီဆိုပေမယ့် သူက “ဒါဆို ယူကြမယ်ကွာ” ဆိုတော့လည်း ခေါင်းမညိတ်ချင်ဘူး။
အခြေမခိုင်သေးဘဲ ဇွတ်ယူကြရင် ကျွန်မတို့ နှစ်ယောက်တည်း ဒုက္ခတွေ့ ရုံတင်မကဘူး။ မွေးလာမယ့်
ကလေးတွေကိုပါ ဒုက္ခပေးသလို ဖြစ်သွားမှာ စိုးရိမ်တယ်။ ကျွန်မ ကိုယ်တွေ့ ခံစားချက် အရပေါ့နော်။
ကျွန်မတို့ဟာ ရွေးချယ်ခွင့် မရှိဘဲ ကံပစ်ချရာ အတိုင်း လူဖြစ်လာခဲ့ ကြရတာ။ အဲဒီ ကံပစ်ချရာ
ဆိုတာကလည်း သားသမီးကံက မိဘတွေ အပေါ်လည်း တစ်စိတ် တစ်ဒေသ မူတည်သေးတာပဲလေ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်
ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်း မရှိသေးဘဲနဲ့ အိမ်ထောင်ပြုတော့ အပြစ်မဲ့စွာ မွေးဖွားလာတဲ့
ကိုယ့်ရင်သွေးကို ဒုက္ခတွင်းထဲ ကူဆင်းဖို့ ဆွဲခေါ်လိုက်တာနဲ့ တူတူပါပဲ။ ကျွန်မအဲဒီလို
လုံးဝ အဖြစ်မခံနိုင်ဘူး ဆရာမ။ ဒါကြောင့် သူ့ကို နားလည် သဘောပေါက်အောင် ပြောပြပြီး ငွေစု
ခိုင်းလိုက်တယ်။ သူပြန်သွားတော့ ကျွန်မက သူအဆင်ပြေဖို့ အထပ်ထပ် ဆုတောင်းရင်း သူနဲ့
တည်ဆောက်မယ့် ဘ၀သစ်အတွက် စိတ်ကူးမျှော်လင့် ချက်တွေ အပြည့်နဲ့ ကျန်ရစ်ခဲ့ရတယ်။
ဒါပေမယ့်
အဲဒီ မျှော်လင့်ချက်တွေဟာ သူသွားပြီး နှစ်လလောက် အကြာမှာ ရက်ရက်စက်စက် ချေမွ ခံလိုက်ရပြန်တယ်
ဆရာမရယ်။
အဲဒီညက
ပြည့်ပြည့်စုံစုံ ပြောရရင် မိုးတွေ သဲကြီးမဲကြီးနဲ့ တ၀ုန်းဝုန်း ရွာချတဲ့ ညပေါ့။ ကံဆိုး
မိုးမှောင်ကျသွားတဲ့ ကျွန်မအဖြစ်ကို ကိုယ်စောင့်နတ်ရယ်၊ ကွဲသွားတဲ့ စာကြည့်မီးလုံး
ကလေးရယ်က လွဲပြီး ဘယ်သူမှ မသိလိုက်ပါဘူး။ တံခါးချက် ထိုးဖို့တောင် မေ့လျော့သွားတဲ့
ကျွန်မရဲ့ အိပ်ချင်စိတ် ကြီးစိုးသွားတာဟာ ဘယ်သူမပြု မိမိမှုပဲလား ဆရာမရယ်။
အဲဒီည
လူနဲ့ ကျွန်မဟာ အမှောင်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ခေါင်းရင်းက စာကြည့်မီးလုံး
ကွဲသွားခဲ့တယ်။ ကျွန်မအတွက် ကမ္ဘာပျက်တဲ့ ညပေါ့။ တရားခံ ထွက်ပြေးသွားတဲ့ အချိန်မှာ ရှက်ရွံ့
ယူကျုံးမရတဲ့စိတ်၊ နာကျင်ဒေါသ စိတ်တွေနဲ့ ဘာလုပ်ရမှန်း မသိဘဲ ကျွန်မ မျက်ရည်တွေ တပေါက်ပေါက်
ကျလာမိတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ တပ်အပ် မသိပေမယ့် ဒီလောက် လုံခြုံတဲ့ တိုက်ကြီး တာကြီးထဲကို
ဘယ်လိုသူခိုး၊ သူဝှက်မှ ၀င်လို့မရနိုင်တာ ကျွန်မလိုပဲ ဆရာမလည်း စဉ်းစားမိမှာပါ။ ဒါပေမယ့်
ဒီအိမ်သားတွေထဲက တစ် ယောက်ယောက်လို့ လုံးဝ မယုံကြည်ချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအိမ်မှာ
ကျွန်မအပေါ် မရိုးမသားစိတ်နဲ့ ထိကပါး ရိကပါး လုပ်ဖူးသူ၊ အခွင့်အရေး ယူချင်သူမရှိလို့
ပါပဲ။ အားလုံးက သမီးလေးလို နှမလေးလို ကျွန်မကို ဖေးမ ညှာတာ ကြတယ်။ မိသားစု ဆွေမျိုးရင်းချာလို
သဘောထား ကြတယ် ဆိုတာလေ။
မနက်မိုးလင်းတော့
ထမင်းစားပွဲမှာ အပူရုပ်ကို ဟန်လုပ်ရင်း အားလုံးကို အကဲခတ်ရတယ်။ ဒါပေမယ့် တရားခံကပဲ
ဟန်ဆောင်ကောင်း လွန်းတာလား။ ကျွန်မကပဲ လူကဲခတ် ညံ့တာလား မသိပါဘူး။ အားလုံး ပုံမှန်အတိုင်းပဲ။
မလုံမလဲ ဟန်နဲ့ မူပျက်နေတာ တစ်ယောက်မှ မတွေ့ရဘူး။ ဒါပေမယ့် ညတုန်းက ကျွန်မ ကြုံခဲ့ရတဲ့
အဖြစ်ဟာ လန့်နိုးလာရင် ပြီးသွားတဲ့ အိပ်မက် တစ်ခုမှ မဟုတ်ခဲ့တာ။ ဒါကြောင့် တရားခံဟာ
ဒီအိမ်ထဲမှာ ရှိကို ရှိနေမှာပဲလေ။ စဉ်းစား ကြည့်ရင်လည်း အားလုံးဟာ သူ့သိက္ခာနဲ့ သူဣနြေ္ဒရတဲ့
လူကောင်း သူကောင်းတွေချည်း ပါပဲ။
ဘိုးဘိုးက
လေဖြတ်ထားလို့ ၀ှီးချဲလ်နဲ့ သွားလာနေရတဲ့ ဒုက္ခိတ။ ဘဘကြီးနဲ့ လေးလေးမြတ်ဦး ကလည်း နှစ်ယောက်စလုံး
သံသယ၀င်စရာ မရှိတဲ့ သူတော်ကောင်းတွေ။ ကြည့်လေ ဘဘကြီးက ဘုရားမှာ ဂေါပကအဖွဲ့ဝင်။ လေးလေးမြတ်ဦးဆို
တာကလည်း ဟိုနားဒီနား သွားတာတောင် မောမောနေတဲ့ မွေးရာပါ နှလုံးရောဂါသည်။ သူက သူ့ကိုယ်သူ
အသက်မရှည် လောက်ဘူး ဆိုပြီး အမြဲလိုလို ပုတီးစိပ်လိုက်၊ ဘုရားစာ ရွတ်လိုက် လုပ်နေတဲ့သူ။
ကိုကိုကြီးကလည်း ချစ်သူရှိတယ်။ မကြာခင်မှာ အဲဒီ သူ့ချစ်သူ ဆရာဝန်မလေးနဲ့ လက်ထပ်ဖို့ရာ
စေ့စပ်ရက်တောင် ရွေးထားပြီးပြီ။ ကိုကို လေးကလည်း သူ့ဟာသူ အပြင်မှာ ဘယ်လောက် ရည်းစားများများ
အိမ်မှာဆို ကျွန်မကို တကယ့် နှမလေးလို စလိုက် နောက်လိုက်နဲ့ ရိုးသား ဖြူစင်စွာ ဆက်ဆံတတ်တဲ့
လူ။
ကဲ
ကျွန်မ ဘယ်သူ့ကို သံသယ၀င်ရမလဲ ဆရာမ။
အဲဒီမှာ
ထမင်းဝိုင်းလည်း သိမ်းရော ကိုကိုကြီးက အိုက်လို့ဆိုပြီး အပေါ်ဝတ် အင်္ကျီကို ချွတ်လိုက်တဲ့
အချိန်မှာ ကျွန်မ မျက်လုံးပြူးသွားတယ်။ ကိုကိုကြီးရဲ့ ဘယ်ဘက် လက်ဖျံမှာ ပတ်တီး ဖြူဖြူ
စီးထားတယ်။ ကျွန်မ အခန်းခေါင်းရင်းက မီးသီးဟာ တရားခံရဲ့ ဘယ်လို အစိတ်အပိုင်းကို ထိပြီး
ကွဲသွားမှန်း သေချာ မသိပေမယ့် လက်နဲ့ ထိတာလည်း အများကြီး ဖြစ်နိုင်တာပဲလေ။ ကျွန်မမှာ
ဟုတ်မှ ဟုတ်ရဲ့လားလို့ တစ်ယောက်တည်း ကြေကြေကွဲကွဲ ငိုလိုက်ရတာ။ ကိုကို ကြီးကတော့ ကျွန်မဘာမှ
မသိဘူးထင်ပြီး ခပ်တည်တည်နဲ့ ပုံမှန်ပါပဲ။ ကျွန်မကလည်း မသိချင်ယောင်ဆောင် နေရုံကလွဲပြီး
ဘာတတ်နိုင်မှာလဲ ဆရာမရယ်။ ဒါပေမယ့်လေ ဘယ်လိုပဲ ဟန်ဆောင် ဖုံးကွယ် ထားပါစေ။ ဖုံးကွယ်မှုဆိုတာ
အချိန်တန်ရင် ပေါ်လာရတာ ဓမ္မတာပါပဲ။
အဲဒီနေ့ကပေါ့
။ ကိုကိုကြီး စေ့စပ်ပွဲအတွက် ကြိုတင် ပြင်ဆင်ကြရင်း ပင်ပန်းတဲ့ဒဏ်၊ ညပေါင်းများစွာ
စိတ်ဆင်းရဲပြီး အိပ်ရေးပျက်ခဲ့တဲ့ ဒဏ်တွေကြောင့် ကျွန်မအနိုင်နိုင် အားတင်းထားပေမယ့်
မရတော့ပါဘူး။ ကျွန်မမူးလဲ သွားတော့ အားလုံးပျာယာ ခတ်ကုန်တယ်။ သတိမလစ်ခင် နောက်ဆုံး
ဆန္ဒကတော့ ကျွန်မဘယ်တော့မှ ပြန်သတိလည် မလာဖို့ပါပဲဆိုရင် ဆရာမ အံ့သြနေမလားပဲ။ ဒါပေမယ့်
ဘယ်တော့မှ ဆုတောင်း မပြည့်ဖူးတဲ့ မြရီဟာ ဒီတစ်ခါမှာလည်း ကံဆိုးစွာနဲ့ ပြန်သတိ ရလာခဲ့တယ်။
မျက်စိနှစ်လုံးပွင့်ပြီး သတိကပ်ကပ်ချင်း အားလုံးရဲ့ မျက်နှာကိုကြည့်ရင်း ကျွန်မ သဘောပေါက်
လိုက်တယ်။
မျက်လုံးပေါင်း
များစွာက ကျွန်မကို မေးခွန်းတစ်ခုတည်း မေးနေကြ သလိုပါပဲ။ ကျွန်မ ကိုယ်တိုင်တောင် မသိတဲ့
အဖြေဆိုတော့ ရေငုံ နှုတ်ပိတ်နေရုံက လွဲပြီး ဘယ်လို လုပ်မလဲ ဆရာမရယ်။ အထူးသဖြင့် ကိုကိုကြီးရဲ့
ဇနီးလောင်း မျက်နှာက သိသိသာသာ ပျက်ယွင်းလို့။ ရလဒ်ကတော့ မင်္ဂလာပွဲကို ရက်အကန့် အသတ်မရှိ
ရွှေ့ဆိုင်းလိုက် ကြတာပါပဲ။ ကျွန်မနှုတ်က ၀န်ခံမယ့် တရားခံကို အားလုံးက သိချင်နေကြတယ်။
မေမေကြီးဆိုရင် ချော့တစ်မျိုး၊ ခြောက်တစ်လှည့် အစ်အောက်လွန်းလို့ စိတ်ဆင်းရဲလိုက်တာ
ဆရာမရယ်။
အဲဒီနေ့ကစပြီး
ကိုကိုလေးကလွဲပြီး အားလုံးက ကျွန်မကို ရှောင်ဖယ် လာကြတယ်။ ကိုကိုကြီးက အဆိုးဆုံးပေါ့။
ကျွန်မရှိတဲ့ နေရာဆို သူသိသိသာသာ ရှောင်ထွက် သွားတတ်လို့ ကျွန်မ ရင်နာရ တယ်။ ဘယ်သူ
ဘယ်ဝါရယ်လို့ တရားခံကို လက်ညှိုး ထိုးပြရအောင်ကလည်း ခိုင်လုံတဲ့ သက်သေက မရှိတော့ ကျွန်မ
အဖြစ်က ဆုတ်လည်းဆူး စားလည်းရူးပေါ့။ ကိုကိုလေး ကတော့ ကျွန်မကို သနားလို့လား မသိဘူး
ခါတိုင်းထက်ပိုပြီး ဂရုစိုက်လာတယ်။ ကြင်နာလာတယ်။ ကျွန်မ အနားလာပြီး အားပေးစကားတွေ လာပြောတတ်တယ်။
အဲဒီအခါမှာ အားလုံးရဲ့ သံသယ မြားဦးက ကိုကိုလေးဘက် လှည့်လာ ပြန်ပါတယ်။
ရည်းစားများတဲ့
ကိုကိုလေးကို မေမေကြီးက အစ်အောက် တော့တာပါပဲ။ တိုက်ဆိုင်တာပဲ ဆိုရမလား မသိဘူး။ တစ်နေ့
ရေချိုးဖို့ အင်္ကျီချွတ်ကြီးနဲ့ ထွက်လာတဲ့ ကိုကိုလေးရဲ့ ညဘက် လက်ကောက်ဝတ် နေရာမှာ ထိခိုက်ရှရာ
အစင်းကြောင်း အမာရွတ် လတ်လတ် ဆတ်ဆတ်ကြီး တစ်ခု တွေ့လိုက်ရ ပြန်ရော။ ကျွန်မ မိုက်ခနဲ
ဖြစ်သွားရင်း အဲဒါ ဘာဒဏ်ရာလဲလို့ မေးတော့ ကိုကိုလေးက ရှုးတိုးတိုး၊ ဟိုး တစ်လောက ရန်ဖြစ်တာလို့
ဖြေတယ်။ ကျွန်မ စိတ်ရှုပ်သွား ပြန်ရော။
ဒါဆို
တရားခံ ဘယ်သူလဲလို့ သိချင်စိတ် ပြင်းပြလာ ခဲ့တယ်။
အဲဒီရက်ပိုင်းအတွင်းမှာပဲ
ကျွန်မရဲ့ချစ်သူ ကိုဟန်သာ ပြန်ရောက်လာတယ်။ ကျွန်မကလည်း ကိုယ့်အပူနဲ့ ကိုယ် အိမ်တွင်းအောင်း
နေတာဆိုတော့ သူ့သတင်း မကြား မိဘူး။ ရောက်ပြီးနှစ်ရက် သုံးရက်ကြာမှ သူ့သူငယ်ချင်း တိုးတိုးတိတ်တိတ်
လာခေါ်လို့ ကျွန်မ လိုက်သွားကြည့်တော့ သူစကားတောင် မ ပြောနိုင်တော့ပါဘူး။ ကျွန်မကို
တွေတွေကြီး ကြည့်နေရင်း အသက် ထွက်သွားရှာတယ်။ ဆရာဝန်က“ဆုံးတာကတော့ ငှက်ဖျားပါပဲ။ ဒါပေမယ့်
သူ့ သွေးစစ်ကြည့်တော့ HIV ပိုး တွေ့တယ်” လို့ မှတ်ချက် ပေးတယ် ဆရာမ။ ကျွန်မမှာ တစ်ပူပေါ်
နှစ်ပူဆင့်။ သူကျွန်မ အပေါ် သစ္စာမထားခဲ့ ပါလားလို့ စိတ်ဆိုးစိတ်နာ ခွင့်တောင် မရလိုက်တော့ဘူး။
စိတ်လည်း မနာရက်တော့ ဘူးလေ။
ပြီးတော့
အိမ်မှာလည်း ကိုကိုကြီးနဲ့ ကိုကိုလေး တစ်ပြန်တစ်လှည့်စီ စွပ်စွဲရင်း ရန်မဖြစ်တဲ့ နေ့ဆိုတာ
မရှိသလောက်ပါပဲ။ နောက်ဆုံး ကိုကိုလေး အိမ်က ဆင်းသွား ပါတော့တယ်။ အိမ်ရှေ့ပူ အိမ်နောက်
မချမ်းသာ ဆိုသလိုပါပဲ ဆရာမရယ်။ နောက်ဆုံးတော့ မေမေကြီးက ပြတ်ပြတ်သားသား ဆုံးဖြတ် လိုက်ပုံ
ရပါတယ်။ ကျွန်မကို ခေါ်ပြီးပြောတယ်။ ကာယကံရှင် ကိုယ်တိုင်က ဖွင့်မပြောတဲ့ အတွက် ဒီကိစ္စကို
လက်လျှော့ လိုက်ပါပြီတဲ့။ ကျွန်မက ကျွန်မ တကယ်မသိတဲ့ အကြောင်း အဖြစ်မှန်ကို ပြောပြတုန်းကလည်း
သူတို့ကမှ မယုံကြတာ ဆရာမရယ်။ ကျွန်မက တစ်ခုခုကြောင့် ရေငုံနှုတ်ပိတ် ထားတယ်လို့ သူတို့
ယူဆကြတာကိုး။ ဒါနဲ့ အတိုချုံးပြောရရင် မေမေကြီး တို့ကို ငဲ့ညှာတဲ့အနေနဲ့ ဒီကလေးကို
ဒီမှာမမွေးဖို့ ရွာပြန်မွေးပြီး ကျွေးမွေးပြုစု လုပ်ကိုင် စားသောက်ဖို့ အရင်းအနှီး
လုံလုံလောက်လောက် ထုတ်ပေးမယ် ပေါ့လေ။ မေမေကြီးကိုလည်း ကျွန်မ အပြစ်မမြင်ပါဘူး။ တကယ်ပါ။
မျိုးရိုးအဆင့်အတန်း ကွာဟလွန်းတဲ့အပြင် အိမ်ကခိုင်းတဲ့ ကောင်မလေးနဲ့ ကိုယ့်သားကို ဘယ်သားရှင်မျိုးက
ကြည်ဖြူပါ့ မလဲနော်။ မသိမသာ သွယ်ဝိုက်ပြီးနှင် နေပြီဖြစ်တဲ့ အတွက် ကျွန်မ ပြန်ဖို့
ဆုံးဖြတ်လိုက်တယ်။
တကယ်ဆို
ကျွန်မ အလိုက်တသိနဲ့ ထွက်ခွာပေးခဲ့ ချင်တာပါ။ ဒါပေမယ့် ကျွန်မရဲ့ ရင်သွေးလေး မွေးဖွား
လာခဲ့ရင်တောင် အဖေနာမည် ပြောမပြနိုင်ရင် ဘယ်လောက် ကြေကွဲရမလဲ စဉ်းစားကြည့်ပါ ဆရာမရယ်။
ကျွန်မ ငယ်ငယ်တုန်းက ခံစားချက်မျိုး ကျွန်မ ကလေးကို မခံစားရလေအောင် အဖေနာမည် သိခွင့်ရလိုရငြား
ဇွတ်ပေကတ် နေခဲ့တာပါ။ အမေ့ကိုလည်း သတိရလိုက်တာ ပြောမနေ ပါနဲ့တော့။ ကိုယ်တွေ့ကြုံမှ
အမေ့ဘ၀လေးကို ထပ်တူထပ်မျှ စာနာသနားမိရင်း တမလွန်က အမေ့ကို အကြိမ်ကြိမ် ရှိခိုးမိပါတယ်။
ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ အဖေဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဘ၀ ပုံရိပ်ကိုလည်း ကျွန်မအလိုလို
သိလိုက်ရသလိုပါပဲ။ ဒီလိုနဲ့ကျွန်မ ခုနစ်နှစ် ကျော်နေလာတဲ့ အိမ်ကြီးကို စွန့်ခွာသွားဖို့
ဆုံးဖြတ် လိုက်တော့တယ်။ မေမေကြီးကို ရွာပြန်မယ်လို့ ပြောပေမယ့် ကျွန်မ အဆင်ပြေမယ် ထင်တဲ့
အခြားတစ်နေရာကို သွားမှာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်မကို အမေမွေးခဲ့တုန်းက ဆွေမျိုး
အသိုက်အ၀န်းတွေ ကြားထဲ ကျွန်မ မျက်နှာငယ် ခဲ့ရသလို ကျွန်မကလေးကို မခံစားရစေချင်လို့ပါ။
ထွက်မသွားခင်မှာ ကျွန်မခေါင်းထဲမှာ လေးလေးနက်နက် အတွေးနှစ်ချက် ၀င်လာတယ်။
တစ်အချက်က
ကျွန်မအပေါ် မိခင်ရင်းတမျှ ကောင်းခဲ့ရှာတဲ့ မေမေကြီးကို ကျွန်မ အပေါ် မတရားဘူးလို့ ထင်ပြီး
စိတ်မချမ်းမသာ တအုံနွေးနွေးနဲ့ မကျန်ခဲ့စေချင်ဘူး။ နှစ်အချက်က အပြစ်မဲ့တဲ့ ကျွန်မဘ၀ကို
ယုတ်မာ ရက်စက်စွာ ချေမွ ဖျက်ဆီးခဲ့တဲ့ လူယုတ်မာကို တစ်နည်းနည်းနဲ့ ဒဏ်ပေး ခဲ့ချင်တယ်။
ကျွန်မအဖြစ်က ဧ၀ရတ်တောင်ကို ပန်းနဲ့လှမ်း ပေါက်သလောက်တောင် အရာဝင်ချင်မှ ၀င်လိမ့်မယ်။
ဒါ ပေမယ့် ပေါက်ခွင့်ရလိုက်တဲ့ အတွက် ကျွန်မကိုယ် ကျွန်မ တစ်စိတ်တစ်ဒေသ ဖြစ်ဖြစ် ကျေနပ်
ဖြေသိမ့်မှု ရနိုင်ရင်ပဲ မဆိုးဘူးပေါ့နော်။
ဒါနဲ့
တိုတိုပြောမယ် ဆရာမရယ်။ ကျွန်မပြန်ရမယ့် ရက်တဖြည်းဖြည်း ရောက်လာခဲ့တယ်။ ပြန်ရမယ့်ရက်
နေ့လယ်ပိုင်းလောက်မှာ ကိုကိုလေးပါ ပြန်ခေါ်ပြီး တစ်အိမ်သားလုံးကို စုံစုံညီညီ နှုတ်ဆက်
ကန်တော့ခွင့်ပြုဖို့ ခွင့်တောင်း လိုက်တယ်။ ညရထားနဲ့ ပြန်ရတော့မယ့် ကျွန်မဆန္ဒကို လိုက်လျောပြီး
မေမေကြီးက စီစဉ်ပေးရှာပါတယ်။ ဘိုးဘိုးကအစ လေးလေးမြတ်ဦး အလယ်၊ ကိုကိုလေးအဆုံး အားလုံးကို
ကျွန်မ၀မ်းနည်းစွာ ကန်တော့ရင်း စကားနည်းနည်း ပြောခဲ့တယ်။ အားလုံးကို ကျွန်မ မပြန်ခင်
ကျွန်မ မိုက်မှားမိခဲ့တဲ့ အပြစ်ကို တောင်းပန်ချင်ကြောင်း၊ နားနဲ့မနာ ဖ၀ါးနဲ့နာ ကျွန်မရဲ့
ကိုယ်ဝန်ဟာ မကြာခင်ကမှ HIV နဲ့ သေဆုံးသွားခဲ့ရှာတဲ့ ကိုဟန်သာနဲ့ ရတဲ့ ကိုယ်ဝန် ဖြစ်ကြောင်း
စသည်ဖြင့်ပေါ့ ဆရာမရယ်။ စကားအဆုံးမှာတော့ အားလုံး ကြက်သေ သေကုန်ပြီး မေမေကြီးကတော့
ကျွန်မကို ဖက်ပြီး “ မိုက်လိုက်တာ မြရီရယ်” ဆိုပြီး ကျူကျူပါအောင် ငိုရှာတယ်။ ဘာပဲဖြစ်ဖြစ်
ကျွန်မကိုယ်ဝန်ဟာ သူ့သွေးသားထဲက တစ်ယောက်ယောက်နဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်လို့ မေမေကြီး
စိတ်ချမ်းသာ သွားမှာကို ကျွန်မ ကျေနပ်တယ်။ ပြီးတော့ ကျွန်မစကားက တရားခံကို သူနဲ့ ထိုက်တန်တဲ့
အပြစ်ကို ရသွားခြင်းအတွက် ခံစားရမယ့် တုန်လှုပ်မှု ပေးနိုင်တဲ့ အတွက်လည်း သိပ်ကျေနပ်
တယ်။
ဆရာမရေ
အချိန်လည်း မရတော့ဘူး။ ဘူတာမဆင်းခင် ကတိုက်ကရိုက် ရေးရတာ ဆိုတော့ လက်ရေး သည်းခံပေးပါ။
ဒီစာကို ဖတ်ပြီးရင် ဆရာမအနေနဲ့ ဖျောက်ဖျက် ပစ်လိုက် စေချင်ပါတယ်။ ကျွန်မအနေနဲ့ ကတော့
ဒီလောကကြီးမှာ အမှန်တရားကို သိတဲ့လူဟာ ကျွန်မအပြင် အခြား တစ်ယောက် ရှိသေးတယ်ဆိုတဲ့
အသိနဲ့ပဲ လုံလောက်တဲ့ စိတ်ကျေနပ်မှု ရပါပြီ။ သြော် ပြောဖို့ မေ့ကျန်ခဲ့တယ်။ ကျွန်မနဲ့
ကိုဟန်သာက လက်ကလေးတောင် သုံးခါပြည့်အောင် မကိုင်ဖူးကြတဲ့ တကယ့် သန့်သန့်ရှင်းရှင်း
ချစ်သူတွေပါ ဆရာမ။ သွားရမယ့် အချိန် နီးနေပြီမို့ စာကို ဒီလောက်နဲ့ပဲ အဆုံး သတ်လိုက်ပါပြီ။
နှုတ်ဆက်ခဲ့ပါတယ် ဆရာမ။ ဆရာမ တစ်ယောက် ဘ၀လမ်းခရီး တစ်လျှောက် ထာဝရသာယာ ဖြောင့်ဖြူးပါစေ။
အဝေး တစ်နေရာမှ ကံဆိုးမလေး မြရီ။
စာအဆုံးမှာ
ဒီနေ့မနက် ထမင်းစားချိန်အထိ အခန်းထဲမှ ထွက်မလာ၍ အိပ်ရာထဲထိ သွားနှိုးတော့ ဘယ်အချိန်ကတည်းက
နှလုံးသွေးရပ် သေဆုံးနေသည် မသိသော မောင်မြတ်ဦး၏ ပုံရိပ်ကအာရုံကို ဒိုင်းခနဲ လာဆောင့်တိုးသည်။
ဘုရား ဘုရား ဒေါ်ခင်ကြည်သည် မိုက်ခနဲ ဖြစ်သွားကာ နံရံကို ကပျာကယာ လက်လှမ်း ထောက်လိုက်ရသည်။
နံရံက ရွက်ဆုတ်ပြက္ခဒိန်မှာ ကျူရှင်ပိတ်သည့် တနင်္ဂနွေက နေရာယူနေလျက်သား။
ငွေဇင်ယော်ဦး (မိုးကုတ်)
Tuesday, 21 July 2009 13:55
ရွှေအမြုတေ - ပေးစာတစ်စောင်




