တစ်ခါ တစ်ရံမှာ လူထုထဲက လူတွေရဲ့ အထင်အမြင်တွေဟာ ကျွန်မတို့ ဆရာဝန်တွေ ထင်မှတ် မထားတဲ့ ရှုထောင့်က သံသယတွေ ဖြစ်နေတတ် ကြပါတယ်။ ဒါကလည်း ကျွန်မက လူတွေနဲ့ တစ်သားတည်း ရောနှော နွေးထွေးစွာ နေတတ်တဲ့ မိသားစု ဆရာဝန်မို့လို့ သူတို့ ရင်ထဲက သံသယကို သိခွင့်ရတာပါ။ လူတွေနဲ့ ကင်းကွာပြီး စာတွေသာထိုင်ရေးနေတဲ့ ဆရာဝန်ဆိုရင် ဒီလို သံသယတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ တကယ့်ကိုပဲ မယုံနိုင်စရာ သံသယ အတွေးတွေဟာ သူတို့ရင်ထဲမှာ ရှိနေ ကြပြန်ပါတယ်။
အဲဒီနေ့က ကျွန်မရဲ့ ဆေးခန်းမှာ ပြနေကျ အမျိုးသမီး လူနာ တစ်ယောက်က သူ့ကလေး လာပြရင်းနဲ့ သူသုံးလခံ သန္ဓေ တားဆေးထိုးနေတာ ကလေး အသက် ၃နှစ်လောက် ရှိပြီဖြစ်ကြောင်း၊ ခန္ဓာကိုယ်ကလည်း ဝလာပြီး သွေးလည်း တိုးနေကြောင်း ပြောပြပါတယ်။ ကလေးလည်း မလိုချင်သေး တော့ ဘာလုပ် ရမလဲလို့ မေးပါတယ်။
ကျွန်မလည်း နောက်က လူနာ တွေ အများကြီး ရှိလျက်ကပဲ သန္ဓေ တားနည်းတွေ အကြောင်း အကြမ်း ဖျင်းရှင်းပြပြီး သွေးတိုးတာ၊ ကိုယ် အလေးချိန်တက် တာတွေရှိနေရင် ဟော်မုန်းပါတဲ့ တားဆေးတွေ မသုံး သင့်တော့ကြောင်း၊ ဟော်မုန်းမပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းထည့်နည်းက အသင့်လျော်ဆုံး ဖြစ်ကြောင်း ပြောပြ ရပါတယ်။ ဒါပေမယ့် ဒီနည်းက လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါ တွေ ကိုတော့ မကာကွယ်နိုင်ကြောင်း၊ ရောဂါတွေ စိတ်မချရင်တော့ ကွန်ဒုံး သုံးနိုင်ကြောင်း သတိပေး ရပါသေး တယ်။
သူက ဒါတော့ စိတ်ချရပါတယ်။ သုံးနှစ်လုံးလည်း တားဆေးထိုးတော့ ကွန်ဒုံးသုံးခဲ့တာ မဟုတ်လို့ ခုမှ ကွန်ဒုံး လည်း မသုံးချင်ပါဘူးတဲ့၊ ဒါပေမယ့် သန္ဓေတားတဲ့ပစ္စည်း IUD ထည့်တာကို လည်း မသုံးချင်ဘူးတဲ့။
ဘာဖြစ်လို့လဲ၊ နာမှာကြောက် လို့လားဆိုတော့ ကလေး နှစ်ယောက် တောင် မွေးဖူးတာပဲ၊ မကြောက်ပါဘူး တဲ့။ ဒါဆို ဘာကို ကြောက်တာလဲလို့ မေးတော့မှ "အဲဒါက ယောကျာ်း အားနည်း စေတယ်ဆို" တဲ့။
"ဘုရားရေ" လို့သာ ကျွန်မ အံ့ဩတကြီးဖြစ်ရပါတော့တယ်။
ကျွန်မတို့ PSI က အဲဒီ IUD အကြောင်း ဆွေးနွေးပွဲတွေ လုပ်တုန်း ကတောင် လူထုထဲက တုံ့ပြန်ချက် အသံတွေ ဆွေးနွေးကြရာမှာ အဲဒီ အချက်မပါခဲ့ပါဘူး။ ခုတော့ ကျွန်မတို့ ဘယ်လိုမှ မစဉ်းစားထားတဲ့ ရှုထောင့်ကနေ လူထုဆီက အသံတစ်ခုကြားရ ပြန်ပါပြီ။ ဒါဟာ ဘာကို အခြေပြုလာ တာလဲ။ IUD နဲ့ ယောကျာ်းအားဆိုတာကို သူတို့ဘယ်လိုဆက်စပ် လိုက် ကြတာလဲ။
"ဘယ်သူက ပြောတာလဲ" ပြဿနာရဲ့ အရင်းအမြစ်ကို ခြေ ရာခံလိုက်ပါတယ်။ ဘယ်ကနေ ဘယ် လိုအကြောင်းကြောင့် ဒီလိုသတင်း တွေ ထွက်လာရတာလဲ။ IUD ဆိုတာ မိန်းမ သားအိမ်ထဲ ထည့်တဲ့ပစ္စည်း၊ ယောကျာ်းရဲ့ အားကို ဘယ်လိုသွား နည်းစေမှာလဲ။
"ဟိုလေ၊ အဲဒါကြီးကမိန်းမကိုယ် အထဲမှာရှိနေတယ်ဆိုတော့ယောကျာ်း တွေက သူတို့ကို ထိုးမိမှာလား၊ ဒဏ်ရာရမှာလားတွေးပြီး သိပ်မဆက်ဆံ ဘဲနေရာကနေ အဲဒီကိစ္စအားနည်း သွားမှာတို့၊ ဘာတို့ မဖြစ်နိုင်ဘူး လား" တဲ့။
ကြံကြံဖန်ဖန်တွေးလည်း တွေး တတ်ကြပါပေ့လို့သာ ကျွန်မ သက် ပြင်းချမိပါတယ်။ သူတို့ကို ဒီပစ္စည်း အကြောင်းရှင်းပြစဉ်အခါက Minipelvic လို့ခေါ်တဲ့ မိန်းမသားအိမ်မျိုး ပွားအင်္ဂါပုံစံ အတုလေးထဲမှာ IUD လေးထည့်ပြပြီး သေသေချာချာသရုပ် ပြ ရှင်းပြခဲ့တာ။ တချို့လည်း ရှင်းပြ တုန်းမှာ ရှက်စိတ်ကြောက်စိတ်တွေ တအားကြီးပြီး နားမလည်နိုင်ခဲ့ သလားမသိပါဘူး။ အမျိုးမျိုး တုံ့ပြန် တွေ့ကြုံရတာပါပဲ။
အခုလည်း အဲဒီ IUD ပစ္စည်း လေးက မိန်းမသားအိမ်ထဲမှာ လွတ်လွတ်ကင်းကင်း သူ့ဘာသာသူရှိနေတာ၊ လိင်ဆက်ဆံတဲ့အခါ ယောကျာ်း အင်္ဂါက မိန်းမကိုယ်ရဲ့မွေးလမ်းကြောင်း ထဲမှာပဲ ဆက်ဆံရတာမို့ အဲဒီသားအိမ် ထဲက ပစ္စည်းနဲ့ အဝေးကြီးပါ။ ဘယ်လို မှ မထိခိုက်နိုင်ပါဘူး။ ဘာအားမှ နည်း စရာလည်း မရှိပါဘူးလို့ တစ်တစ်ခွခွ တွေပြောပြီး ရှင်းပြ ရပါတော့တယ်။
မိန်းမဆိုတဲ့ သတ္တဝါခမျာလည်း အတော်သနားစရာကောင်းပါတယ်။ မိန်းမရယ်လို့ ဖြစ်လာကတည်းက အရွယ်ရောက်ရင် ရာသီဆင်းတာ၊ ကိုက်ခဲနာကျင်တာ၊ ကိုယ်ဝန်ဆောင် ရတာ၊ ကလေးမွေးရတာ ဒါတွေ အပြင် ယောကျာ်းရဲ့ အလိုကိုလည်း အချိန်အခါမရွေး လိုက်လျောရတာ၊ သားရေးသမီးရေးလည်း ရင်အုပ်မကွာ ပြုစုပျိုးထောင်ရတာ၊ အိမ်မှုကိစ္စ၊ အပြင်ကိစ္စတွေနဲ့ မနားရတာ၊ ခုခေတ် မှာ အိမ်ရှင်မရယ်လို့ အိမ်ထဲမှာတင် အေးအေးမနေရဘဲ အပြင်စီးပွားရေး လည်းပါရတာ။ အို ဒီလို အရေးအရာ တွေထဲမှာယောကျာ်းကိစ္စ တွေမှာလည်း တွေးပူပေးရတာနဲ့ဆိုတော့ ခက်တော့ ခက်သားလားလို့သာ တွေးမိပါတယ်။
ဒါပေမယ့် ဒါတွေကို အရေးမပါ တာတွေလို့လည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ မိန်းမတွေရဲ့ ပင်ကို သဘာဝကိုက တစ်ဖက်သားကို ဂရု တစိုက် အရေးပေးတတ်တာ၊ မိခင် စိတ်ရှိတာမို့ သူတို့ဘဝင်မကျတာကိုလည်း အတင်းဇွတ်လုပ်ခိုင်းလို့ မဖြစ်ပါဘူး။ သူတို့စိတ်ထဲမှာ ကျေနပ်မှယောကျာ်းတွေကိုပါ ရှင်းပြစည်းရုံးပြီး လင်ကိုမယားက သိမ်းသွင်းအောင် မြင်နိုင်မှာပါ။
ရှေးကတည်းက ဒီ IUD နည်း လမ်းဟာ သန္ဓေတားနည်းတွေထဲမှာ တစ်လင်တစ်မယားစနစ်နဲ့ ကလေး မရအောင် ကြာရှည်တားချင်သူ လင် မယားတွေအတွက် သိပ်ကောင်းပြီး အသုံးဝင်တဲ့ နည်းလမ်းဖြစ်ခဲ့ပေမယ့် ကျန်းမာရေးပညာပေးတွေ၊ လိင်ပညာ ပေး ဆွေးနွေးချက်တွေ မကျယ်ပြန့် အားမကောင်းခဲ့လို့ လူတွေကြားမှာ အသုံးမရဲခဲ့ကြတာပါ။
ပြီးတော့လည်း ကိုယ့်ကိုယ်ထဲ ဘာပစ္စည်းကြီးထည့်ထားမှာလဲ၊ အပ် ကြီးထိုးမှာလား၊ ကတ်ကြေးကိုက်မှာ လား၊ အခွဲခံရမှာလား၊ ဒါကြီးက သား အိမ်ထဲကနေတစ်ဆင့် ကိုယ်ထဲ ရောက်သွားရင် ဘယ့်နှယ်လုပ်မလဲ စသဖြင့် အရပ်ထဲမှာ တီးတိုးခြောက် လှန့်နေခဲ့ကြပါတယ်။ တချို့ကလည်း အဲဒါ ထည့်ထားရင် အနာဖြစ်တယ်၊ ကင်ဆာဖြစ်တယ် အို စုံနေတာပ၊ဲ မဟုတ်တဲ့သတင်းဆိုတာ ပိုများ ပျံ့နှံ့ လွယ်သလားလို့တောင်ထင်မိပါတယ်။
လူတွေရဲ့ သဘောကလည်း တစ်ခုခုကောင်းကြောင်းကြုံရရင် အဲဒီ သတင်းကို လူ ၂ ယောက်လောက် ကိုပဲ ပြောပြပြီး၊ တစ်ခုခု အဆင်မပြေ တာကြုံရရင်တော့ အဲဒီသတင်းကို လူ ၂၀ လောက်ကို ပြန်ပြောတတ်ပါတယ် လို့ သုတေသနတစ်ခုက ဆိုထားပါ တယ်။ ဆိုလိုတာက လူတွေဟာ ကောင်းကြောင်းထက် ဆိုးတာတွေကို ပိုသတင်းဖြန့်တတ်ပါတယ်တဲ့။
နောက်ပြီး အဲဒီလို သတင်းဖြန့် ရာမှာလည်း အခြေအမြစ် မစုံစမ်းဘဲ ဟုတ်၊ မဟုတ် မသေချာဘဲ ယုံလွယ် တတ်ကြပါတယ်။ ကိုယ်သေသေချာချာ မသိတဲ့ ဆိုးသတင်းတစ်ခုကိုလည်း လူအများဆီ ပြန်လည် ဖြန့်ဝေဖို့ ဝန်မလေးကြပါဘူး။ တစ်ခုခု မကောင်းကြောင်းဆိုရင် ပိုလို့ စိတ်ဝင်စားတတ် ကြပါတယ်။ တစ်ခုခု အဆင်ပြေသွား ရင်တော့ သိပ်သတင်းမဖြန့် ချင်ကြပါဘူး။ ဒီလို လူ့သဘောသဘာဝဟာ ကိုယ်နဲ့ မရင်းနှီးသေး၊ မတွေ့ကြုံရ သေးတဲ့ တစ်ခုခုအပေါ်မှာ ပိုလို့ သံသယထားပြီး လှည့်ပတ်တွေးတတ် ကြပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ အစိမ်းသက်သက် ဖြစ်နေတဲ့ကိစ္စတစ်ခု အပေါ်မှာ တစ်ခုလောက်အဆင်မပြေ တာ ကြားရတာနဲ့ ဟုတ်မှာပါပဲလို့ လည်း အလွယ်မှတ်ယူတတ်ကြပါ တယ်။ ပြီးတော့ တတ်သိနားလည်တဲ့ သူ ပြောစကားထက် အခမဲ့ အကြံပေး တဲ့ အရပ်ထဲက နီးစပ်ရာစကားတွေကို ပိုအာရုံစိုက်တတ်ကြပါတယ်။ နောက် ပြီး ကိုယ်ခင်မင်ယုံကြည်တဲ့သူရဲ့ ပြော စကားကို ပိုလို့ ယုံမှတ်လိုက်နာတတ် ကြပါတယ်။ စကားနားထောင်တဲ့ နေရာမှာ ကြောက်လို့ နားထောင်ရ တာထက် ကိုယ့်စိတ်ထဲက သဘောကျ ယုံကြည်တဲ့သူ ပြောစကားဟာ ပိုလွှမ်း မိုးတတ်ပါတယ်။ အခု IUD ကိစ္စမှာလည်း ရှေးတုန်း ကတည်းက တိုးတိုးသတင်းအဖြစ်ပဲ ရှိပြီး သိပ်မကျယ်ပြန့်ခဲ့တဲ့၊ ပညာပေး ဖြန့်ဝေမှု အားနည်းခဲ့တဲ့ အဖြစ်ကနေ အခုအခါမှာ နည်းပညာတွေကလည်း တိုးတက်ကောင်းမွန်၊ ပစ္စည်းတွေက လည်း တီထွင်အသုံးချမှု ပိုအဆင်ပြေ၊ မီဒီယာတွေရဲ့ လွှမ်းမိုးမှုကလည်း အချိန်အခါလိုက် အရှိန်ကောင်းချိန်၊ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ ကလည်း ကျယ်ပြန့်ခိုင်မာလာချိန်မှာ လူထုအတွက် အကျိုးရှိပြီး အသုံးဝင်တဲ့ ဒီသန္ဓေတားနည်းပညာတစ်ခုဟာ လူထုထဲကို ထိုးဖောက်ဝင်ရောက် နေရာယူနိုင်ပါပြီ။
ကျွန်မတို့ ဆေးပညာဟောပြော ပွဲတစ်ခုမှာတောင် သားဖွားမီးယပ် ပညာရှင်ကြီးတစ်ဦးက ဟိုတုန်းကတည်းက ဒီ IUD ကိစ္စကို သင့်တော်သူတွေ အများကြီးရှိလို့ သုံးခဲ့စေချင်တာကို ဘယ်လိုမှ စည်းရုံးပညာပေးလို့ မရခဲ့ဘူး။ အခုတော့လည်း ကြော်ငြာခေတ်မို့လား မသိဘူး။ ဒီ IUD ကို ထည့်ချင်သူတွေ၊ စိတ်ဝင်စားသူတွေ အတော်များလာသား။ ဒါ ကြောင့်လည်း မီဒီယာဆိုတာ အရေး ကြီးတာပဲလို့ ပြောသွားပါသေးတယ်။
မီဒီယာရဲ့ လှုံ့ဆော်မှု၊ ကျန်းမာ ရေးဝန်ထမ်းတွေရဲ့ ပညာပေးဖြန့်ဝေ မှုတွေဟာ တကယ်တော့ ပြည်သူတွေ အတွက်ပါပဲ။ ပြည်သူတွေအတွက် ဘယ်ဟာ အသုံးဝင်မလဲ၊ ဘယ်ဟာ အကျိုးရှိမလဲ စတာတွေကို ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက ပြင်ပ အနှောင့်အယှက်လာဘ်ပေးလာဘ်ယူမှု ကင်းကင်းနဲ့ သမာသမတ်ကျစွာ ဖြန့် ဝေစည်းရုံးနေရမှာပါပဲ။
အထူးသဖြင့် ကျွန်မတို့လို ဆရာဝန်အဖြစ် ပြည်သူ့ကျန်းမာရေးအတွက် ဆေးလည်းကု၊ ပြည်သူ့ကျန်းမာရေး ဗဟုသုတ ပညာပေးလည်း ရေးသားနေတဲ့ ဆရာဝန်စာရေးဆရာတွေရဲ့ အခန်းကဏ္ဍဟာ ပိုလို့ ကြီးမား ကျယ် ပြန့်လာပါပြီ။
အခုပဲ ကျွန်မတို့ တွေးထင်မထားတဲ့ ရှုထောင့်ကနေ သံသယ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ပြည်သူတွေထဲကနေ ကြားလိုက်ရလို့ အကျိုးသင့်အကြောင်း သင့် ပြန်လည် ရှင်းလင်း ပြောပြနိုင်ခဲ့ပါ တယ်။ ဒီ IUD ဟာ ယောကျာ်း အတွက်ရော၊ မိန်းမအတွက်ပါ ဘယ်လိုမှ၊ ဘာအားကိုမှ မနည်းစေ ပါဘူး။ လိင်ဆက်ဆံမှုကိုလည်း ဘာ အနှောင့်အယှက်မှ မဖြစ်ပါဘူး။ ယောကျာ်းကို ထိခိုက်မှာတို့၊ ကြိုးစစူး မှာတို့ မဖြစ်ပါဘူးလို့ ရှင်းပြရပါတယ်။
တစ်ခုပဲ၊ တစ်ခါတလေ မိန်းမ သားအိမ်လျောကျတာတို့၊ ဘေးကကြွက်သားတင်းအားလျော့ကျလာတာ တို့နဲ့ ကြုံရင် သားအိမ်ခေါင်းဝထိပ် ကလေးမှာရှိနေတဲ့ IUD ကြိုးစလေး က လာထိနေတတ်တယ်။ တစ်ခါ တလေ IUD ထည့်ရာမှာ မကျွမ်းကျင် သေးလို့ ကြိုးစဖြတ်တဲ့အခါ ရှည်နေ တာတွေဖြစ်ခဲ့ရင် ယောကျာ်းကလည်း လိင်တံရှည်လွန်းရင် ကြိုးစစူးတာမျိုး ကြားရတတ်ပါတယ်။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။ အဲဒီအခါမှာလည်း ကြိုးစပြန်ညှိပေးရင် အဆင်ပြေသွား တတ်ပါတယ်။ ထပ်လည်း အကုန် အကျမရှိ၊ ပြဿနာ မရှိပါဘူး။ ကျွန်မတို့က အဲဒီ IUD ကိစ္စမှာ ကာယကံရှင် မိန်းမတွေကိုချည်း ရှင်းပြပေးလိုက်ပေ မယ့် မိန်းမတွေက သဘောတူပြီး ထည့် မယ်လုပ်တဲ့အခါမှာ အချို့ယောကျာ်း တွေက သူတို့ မိန်းမတွေကိုယ်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက် ဘာတွေဖြစ်နေမှာ လဲဆိုပြီး သဘောမတူတာတွေ ရှိ တတ်ကြပါတယ်။ ဒါကိုတော့ ကျွန်မ က အမျိုးသမီးဆရာဝန်မို့လား မသိဘူး။ ယောကျာ်းတွေဘက်က ဘယ်လိုသဘောထားရှိတယ်ဆိုတဲ့ အသံတွေ မကြားရပါဘူး။ ဖြစ်နိုင်မယ ဆိုရင်တော့ ဒီ IUD ကိစ္စကို လင်မယား နှစ်ယောက်လုံးကို အတူရှင်းပြပေးရင် အကောင်းဆုံး ဖြစ်မှာပါ။ နောက်ပြီး အိမ်မှာ ဩဇာ လွှမ်းမိုးလေ့ ရှိတဲ့ မိဘ၊ ယောက္ခမတွေ၊ မိကြီးမိလေးတွေကို အကျိုးအကြောင်း ရှင်းပြပေးနိုင်ရင် ပို ကောင်းမှာပါပဲ။
အခုတော့ ကျွန်မတို့ကို လာတိုင် ပင်တဲ့ အမျိုးသမီးတွေကိုသာ ရှင်းပြ အသိပေး နေရပါသေးတယ်။ ဟော်မုန်း မပါဘဲ ဘေးထွက် ဆိုးကျိုး အလွန်နည်း တဲ့ နှစ်ရှည် သန္ဓေတား နည်းတစ်မျိုးရဲ့ အသုံးဝင်မှု တစ်ခုကို ခံစားခွင့်ရှိတဲ့ စုံတွဲတွေအတွက် ထိရောက်ကျယ်ပြန့် စွာ အသုံးချကြဖို့၊ အားလုံးက နား လည်လက်ခံ လာစေဖို့သာ ဆန္ဒပြု လိုက်ရပါတော့တယ်။
အမရာ(ဆေး) - ဘေးထွက်ဆိုးကျိုး အလွန်နည်းတဲ့ IUD




