ချင်းမိုင်မြို့စွန် တစ်နေရာမှာ အုတ်ချပ်နီနီနဲ့
ပုံပြင်ထဲကလို အဆောက်အဦကို အဝေးကနေ လှမ်းမြင် ရတော့ အမျိုးအမည် မသိရတဲ့ ဝမ်းနည်းမှုတစ်ခုက
ရင်ထဲမှာ လှိုက်တက်လာတယ်။ အိမ်နီ ကြီးနဲ့ ခြံဝင်ကျယ်ကြီးကို ကာရံထားတဲ့ အုတ်တံတိုင်းဝင်ပေါက်မှာ “နစ်ကီရဲ့နေရာ အဂါပီရိပ်မွန်” Nikki’s Place,
AGAPE Home လို့ စာတန်းရေးထိုးထားတယ်။ သပ်ရပ်လှပတဲ့ ဒီဝင်းတံတိုင်းထဲက အိမ်ကြီး ထဲမှာ
ပုံပြင်မဟုတ်တဲ့ ဘဝလေးတွေ ရှိနေတယ်။ ပန်းကလေးတွေနဲ့တူတဲ့ ကလေးငယ် လေးတွေ နေထိုင်ကြတယ်။
အပြစ်ကင်းတဲ့ ရယ်မောသံတွေ ကြားရတယ်။ ဒါ့အပြင် သူတို့ကို ဖမ်းစားထားတဲ့ HIV ဆိုတဲ့ တစ္ဆေကြီးတစ်ကောင်လည်း
ရှိတယ်။
“အဂါပီဆိုတာ ဂရိဘာသာစကားနဲ့ ကြွင်းမဲ့မေတ္တာလို့
ဆိုလိုတာပါ။ ကျမတို့ရဲ့ အဂါပီဟာ မိသားစု တစ်ခုပါ အဖွဲ့အစည်း မဟုတ်ပါဘူး” လို့
HIV/AIDS ဒဏ် ခံရသူ ကလေးတွေအတွက် ဒီရိပ်မွန်ကို
တည်ထောင်ခဲ့သူ မစ္စအေဗီးရီဒေါက် Mrs Avis Rideout က ရှင်းပြပါတယ်။ သူဟာ ကနေဒါ နိုင်ငံသူ
ဖြစ်ပေမဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေတာ ၁၃နှစ် ရှိပါပြီ။
သူဟာ ပိုပေါ့ လက်ထက်က ကမ္ဘောဒီးယားပြည်သူတွေအတွက်
ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးတယ်။ ပလတ်စတစ်နဲ့ကို အမိုးလုပ်
ဝါးကို အကာလုပ်ပြီး နေခဲ့ကြရတဲ့ ဒုက္ခ သည် လေးသိန်းကျော်ကြားမှာ သူဟာ သေခြင်းတရားနဲ့
စတင်ထိတွေ့ခဲ့တယ်။ ဒါဟာ သေခြင်းတရား နဲ့ ပတ်သက်လို့ သူ့ရဲ့ ပထမဦးဆုံး အတွေ့အကြုံပါပဲ။
သည့်နောက်မှာတော့ ဒုက္ခရောက် နေသူတွေကို ကယ်တင်ဖို့ အမြင်တွေ ကျယ်လာပါတယ်။
“လွန်ခဲ့တဲ့ ၁၀ ကျော်က ချင်းမိုင်မှာ AIDS
ရောဂါ စတင်ပေါက်ကွဲလာတဲ့အခါ လူတွေ နေမကောင်း ဖြစ်ကြပြီး သေလို့သာသွားရော ဘာဖြစ်လို့ဖြစ်မှန်း
မသိကြဘူး။ အဲဒီအချိန်တုန်းက AIDSနဲ့ ပတ်သက် လို့ ဒီလူတွေဟာ ဘာမှ မသိကြဘူး။ ခန့်မှန်းခြေ
လူ ၁၀၀ လောက် နေ့စဉ် သေနေကြပြီး သင်္ချိုင်းက ၂၄နာရီ မီးခိုး အူထွက်နေတယ်” လို့ Avis
ကပြောပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲ ဒုက္ခရောက် ကြသူတွေ၊ မိဘမဲ့ ကလေးတွေကိုလည်း သူတွေ့လာရတယ်။
တစ်နေ့တော့ ထိုင်းအစိုးရရဲ့ မိဘမဲ့ဂေဟာ ဒုတိယထပ်မှာ
ပြုစုမယ့်သူ မရှိတဲ့ AIDS ကလေးငယ် ငါးယောက် သူတွေ့ခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ကူးစက်ရောဂါပိုးတွေ
ပြည့်နှက်နေတယ်လို့ ထင်ရပြီး ကလေးငယ်တွေဟာလည်း အခြေအနေ တော်တော်ဆိုးနေကြတယ်။ အဲဒီ အထဲက
ကလေး မလေးတစ်ယောက်ဟာ နဂိုအသားအရေ ညိုပေမဲ့ ကင်ဆာရောဂါသည် တစ်ယောက်လို အသားက ဝါကျင်ကျင်နဲ့
ရောဂါ တော်တော် သည်းနေပြီး ထိုင်လည်း မထိုင်နိုင် လမ်းလည်း မလျှောက်နိုင် ဖြစ်နေ တယ်။
ဒါအပြင် သရက်ရွက် ရောင်နေပြီး ဝမ်းဗိုက်ကလည်း ဖေါင်းကားနေတယ်။ အနာတွေကလည်း ပြည်တရွှဲရွှဲနဲ့
အနံ့အသက်က တော်တော်ဆိုးတာကို Avis က သတိထားမိတယ်။
Avis ဟာ သူနာပြုတွေ ပြောတဲ့အတိုင်း လက်အိတ်စွပ်မနေပဲ
ကလေးမလေးကို ကောက်ယူ ချီပွေ့ လိုက်တယ်။ ဒီအခါမှာ ကလေးရဲ့ မျက်လုံးအကြည့်က ရင်ထဲကို
ထိုးဖေါက်ဝင်ရောက်သွားသလို သူခံ စားလိုက်ရပါတယ်။ အဲဒီအချိန်တည်းကစလို့ သူဟာ ကလေးငယ်တွေကို
ထိတွေ့ ကိုင်တယ်တဲ့ အခါ မှာ ဘယ်တုန်းကမှ လက်အိတ်မသုံးပါဘူး။ “သူတို့ လိုနေတာ လူသားချင်း
အထိအတွေ့လေ။ သူတို့ ခမျှာ AIDS ကြောင့် သေလုမျောပါး ဖြစ်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေက
သူတို့ကို မထိကြ မကိုင်ကြလို့ မချစ်ခင် မကြင်နာကြလို့ သူတို့တွေ အသက်ငင်နေကြရတာ” လို့
Avis ကပြောပါတယ်။
သူဟာ ကလေးမလေးကို လက်မောင်းထဲမှာ ချီပွေ့ထားရင်းကနေ
မွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ “အဲဒီအချိန်တုန်းက ကလေးရဲ့ နှလုံးခုန်သံနဲ့ ကျမရဲ့ နှလုံးသား
ခုန်သံဟာ တစ်ချိန်တည်းမှာပဲ စည်း ချက်ညီ ခုန်နေတယ်” လို့ သူက ပြန်ပြောင်းပြောပါတယ်။
နာမည်ရင်း ဂျရိုဝီ လို့ခေါ်တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းဇာတိ အဲဒီ မိဘမဲ့ကလေးမေလေးကို
မွေးစားရာမှာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။
ကလေးမွေးစားခွင့်ရဖို့အတွက် အစိုးရ ပိုင်းဆိုင်ရာနဲ့
အကြိတ်အနယ် ရင်ဆိုင်ပြောဆိုခဲ့ရတယ်။ Avis ကိုယ်တိုင်ကလည်း မိဘမဲ့ဂေဟာ အရာရှိ အမျိုးသမီးရဲ့
“ရှင်ဟာ အရူးပဲ” လို့ ပြောတာ ခံရသေးတယ်။ သူယုံကြည်ကိုးကွယ်ရာ ဘုရားသခင်ဆီမှာ ဒီကလေးကိုသာ
မွေးစားခွင့်ရခဲ့ရင် ဒီလို ကလေးတွေကို ဆက်ပြီး စောင့်ရှောက်သွားပါ့မယ်လို့ ဆုတောင်းခဲ့တယ်။
နောက်ဆုံးမှာ အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး
မွေးစားခွင့်ရတဲ့အခါမှာ သူဟာ ပဉ္စလက် တစ်ခု ကိုကြုံလိုက်ရသလို ပျော်ရွှင်သွားပြီး နစ်ကီ
တစ်ဖြစ်လဲ ဂျရိုဝီ ကို အိမ်ခေါ်သွားတယ်။ ဒါဟာ Nikki’s Place ဆိုတဲ့ အဂါပီ ရိပ်မွန်တစ်ခု
ရှင်သန်လာဖို့အတက် မျိုးစေ့ချလိုက်တာပါပဲ။
နစ်ကီ ကို မွေးစားလိုက်တဲ့အချိန် Avis မှာ
ကိုယ်ပိုင်ရင်သွေးလေး တစ်ယောက်ရှိနေပြီးသားပါ။ အခုအ ချိန်မှာတော့ သားသမီး လေးယောက်ထဲက
အကြီးဆုံး သမီးက ၂၆နှစ် အရွယ်နဲ့ အငယ်ဆုံးက ၁၅ နှစ်ရွယ်ရှိနေပြီလို့ သိရတယ်။ သူရဲ့
သားတစ်ကလွဲလို့ ကျန်တဲ့ သားသမီးတွေက နစ်ကီကို လိုလို လား လား လက်ခံကြပါတယ်။ သူ့သားကတော့
ရောဂါကူးခံရမှာကို ကြောက်နေလို့ပါပဲ။ နစ်ကီရဲ့ နားထင်မှာ မခံမရနိုင်အောင် အနံ့ဆိုးတဲ့
ပြည်တရွှဲရွှဲ အနာကြီး ပါလာခဲ့ပေမဲ့ ပြုစု ယုယမှုတွေကြောင့် အနာ ပျောက်သွားခဲ့ပါပြီ။ အခုအခါ
အမာရွတ် သေးသေးလေးသာ အမှတ်တရ ကျန်ခဲ့ပါတယ်။ ဒါဟာ ချစ် မေတ္တာရဲ့ စွမ်းပကားတွေကြောင့်ပါပဲလို့
Avis က အောင်နိုင်သူ တစ်ယောက်ရဲ့ အပြုံးစွက်ပြီး ပြောသွား ပါတယ်။
နစ်ကီကို အစပြုပြီး Avis ဟာ HIV ရှိတဲ့ ကလေးငယ်တွေကို
လက်ခံလာလိုက်တာ စုစုပေါင်း ရေတွက် ကြည့်ရင် ၁၈၂ ယောက်ထိ ရှိခဲ့ပြီး အဲဒီ အထဲကမှ ၅၉
ယောက်ဟာ ရောဂါနဲ့ သေဆုံးသွားခဲ့ပြီ ဖြစ်ပါ တယ်။
ကလေးတွေကို ချစ်တတ်တဲ့ Avis တို့ ဇနီးမောင်နှံဟာ တစ်ခါတုန်းက ကလေးတွေနဲ့အတူ
စား သောက်ဆိုင် တစ်ဆိုင်မှာ ဝိုင်းဖွဲ့ စားသောက်နေကြတုန်း အမျိုးသမီး တစ်ဦးဟာ ချစ်စရာကောင်းတဲ့
ကလေးတွေကို ကြည့်ပြီး နှစ်သက်စွာနဲ့ “မွေးစားလို့ရမလား” လို လာမေးဖူးပါတယ်။ ဒါမေပမဲ့
ဒီကလေးတွေ အားလုံးမှာ HIV ရှိတယ်လို့ပြောလိုက်တော့ ကလေး မွေးစားလိုတဲ့ အမျိုးသမီးဟာ
ကြောက်လန့်တကြား ဖြစ်သွားပြီး အဝေးကို ပြေးထွက်သွားပါ တော့တယ်။
ပတ်ဝန်းကျင်က ရှောင်ဖယ်ခံရတဲ့ ဒီလိုကလေးတွေအတွက် အဂါပီဟာ နွေးထွေးမှုတွေနဲ့ နေပျော်စရာ နေရာလေးတစ်ခုပါပဲလို့
Avis ကပြောပါတယ်။ “ကလေးတွေဟာ HIV နဲ့ မွေးလာကြရပေမဲ့ သူတို့ အားလုံးဟာ အခြားကလေးတွေလို
ပုံမှန်ပါပဲ။ သူတို့ကို ချစ်ခင်မယ့်သူ တစ်ယောက် သူတို့ လိုအပ် ပါတယ်” လို့လည်း ဆက်ပြောပါတယ်။
အဂါပီဟာ ကလေးတွေ အတွက်သာမက ကိုယ်ဝန်နဲ့အတူ
HIVကိုပါ လွယ်ထားရတဲ့ သားသည် မိခင်တွေအတွက် AIDS က သူတို့ကို ခေါ်ဆောင်မသွားခင် နောက်ဆုံးအချိန်အထိ
သူတို့ရင်သွေး တွေနဲ့အတူ နေခွင့်ရအောင် စီစဉ်ပေးထားပါတယ်။ ဒီအစဉ်ဟာ တစ်နေ့မှာ ဇနီးမောင်နှံ
နှစ်ယောက်က သူတို့ကလေးတွေ မွေးပြီးပြီးချင်း လာပေးသွားရာက စတင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
ကလေးရဲ့ မိဘနှစ်ယောက်လုံးဟာ သူတို့အနေနဲ့ AIDS ရှိနေပြီးသားဆိုတာ သိကြတယ်။ ဒါကြောင့်
သူတို့ မသေ ခင် ကလေးတွေကို လာရောက် အပ်နှံသွားကြတာဖြစ်တယ်။ ရင်သွေးဟူက ချစ်မဝ ဖြစ်ကြရတဲ့
မိဘ နှစ်ပါးကတော့ ကလေးကို ထားခဲ့ရပေမဲ့ ဝင်းပေါက်ရောက်တဲ့အထိ နောက်ပြန်လှည့်ကြည့် လှည့်ကြည့်
နဲ့ မခွဲချင် မခွာရက်ဖြစ်ပြီး မျက်ရည်လည်ရွှဲနဲ့ ပြန်သွားကြပါတယ်။ မကြာခင်မှာပဲ ကလေးရဲ့
ဖခင်ဖြစ်သူ သေဆုံးသွားတဲ့ သတင်းကို ကြားရပြီး သုံးလအတွင်း မိခင်ဖြစ်သူလည်း သေဆုံးသွားတယ်။
“အဲဒီအမျိုးသမီး (ကလေးအမေ) ဟာသူတို့နဲ့အတူ
မျှဝေခံစားပေးမယ့်သူ တစ်ယောက်မှ မရှိလို့ ခန့်
မှန်းထားတာထက်စောပြီး မြန်မြန်ဆန်ဆန် သေသွားရတာပါ။ တစ်ယောက်တည်း အဖေါ်မဲ့စွာနဲ့ သေ သွားရတယ်ဆိုတာ
မနှစ်သက် စရာပါပဲ” လို့ Avis ကပြောပါတယ်။ အခုတော့ အဂါပီမှာ သားသည် မိခင်တွေဟာလည်း ကလေးတွေနဲ့အတူ
အေးချမ်းစွာ ရှိနေကြတာကို တွေ့ရပါတယ်။
အဂါပီမှာ ကလေးတွေအများစုဟာ CD4 Count က ၃၀၀
ကနေ ၃၅၀ ကြားရှိတဲ့အတွက် HIV ခုခံကာ ကွယ်ဆေး ARV သောက်ဖို့ မလိုကြဘူးလို့ သိရတယ်။ ကလေးတွေကို
ဆေးနဲ့ မေတ္တာ ရောစပ် ကုပေး တယ်လို့ Avis က ပြောပါတယ်။ “မေတ္တာကို ပဓါနပြုပြီး ဆေးကို
ဖြည့်စွက်ကျွေးတာဟာ ဆေးကို အဓိကထားပြီး မေတ္တာလေးစွက်လိုက်တာထက် ပိုပြီး အကျိုးအာနိသင်ရှိတယ်။”
ဆိုတာကတော့ Avis ရဲ့ ပြောကြားချက်ပါ။
ကလေးတွေ အိပ်ရာ အသုံးအဆောင် အိမ်သာကစလို့ သူ့အရွယ်နဲ့သူ
အံကိုက်အောင် စီစဉ်ပေးထား တဲ့ အဂါပီ မှာ လက်ရှိကလေးအရေအတွက် ၅၀ကျော်ကနေ ရာဂဏန်းချီတဲ့အထိ
မွေးစားခွင့်ရအောင် ထိုင်းအစိုးရဆီမှာ လျှောက်ထားဆဲဖြစ်တယ်။ အဂါပီမှာ HIV မရှိပေမဲ့
မွေးကင်းစ ကတည်းက စွန့်ပစ်ခံ သွားရတဲ့ မိဘမဲ့ ကလေးတွေလည်း ရှိပါတယ်။ “အို့ Oat” လို့
ခေါ်တဲ့ ၂ နှစ်အရွယ် ယောက်ျားလေး တစ်ယောက်ကတော့ မွေးစကတည်းက စွန့်ပစ်ခံသွားရလို့ သူနာပြုဆရာမက
အဂါပီမှာ လာရောက် အပ်နှံတာဖြစ်တယ်။ ဒီလိုကလေးတွေ အပါအဝင် ကလေးတွေ အားလုံးအတွက် စောင့်ရှောက်ထိန်း
ပေးမယ့်သူတွေ ထားရှိပြီး ကလေးကြီးတွေကလည်း ကလေးငယ်တွေကို အဆင့်ဆင့် ထိန်းပေးရပါ တယ်။
ကလေးထိန်းတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ အမေရိက
တို့က ကျောင်းသူ ကျောင်းသား လေးတွေ က စေတနာ့ဝန်ထမ်း အဖြစ် လာရောက်ကူညီ ကြတာလည်း ရှိပါတယ်။
ကလေးထိန်းတွေဟာ သူ့ အဆိုင်းနဲ့သူ အလုပ်ဆင်းရပြီး သူတို့အတွက်တော့ အချိန်ပြည့် နေရာထိုင်ခင်း
ပေးမထားပါဘူး။ ကလေးထိန်းတွေအပြင် ဆရာ ၂ ယောက်နဲ့ အကူ လက်ထောက် သူနာပြု ၄ ယောက်ထားပေးတယ်။
မူလတန်းကြို ကလေးတွေကို စာအရေးအသားနဲ့ ပုံဆွဲ သင်ပေးဖို့အတွက် ဆရာ ၂ယောက်လည်း ခေါ်ထားတယ်။
အားလုံးကို ထိပ်တန်း အရည်အသွေးရအောင် စီစဉ်ပေးထားတယ်လို့
Avis ကဆိုတဲ့ အဂါပီမှာ နောက် ထပ် ရံပုံငွေ ဒေါ်လာ ၃၅ သန်းနဲ့ စာသင်ကျောင်းသာမက ကလေးတွေ
ကြီးလာတဲ့အခါ နေဖို့ အ ဆောင်အပါအဝင် မိခင်နဲ့ ကလေး သီးသန့် အဆောင်တွေ ဆောက်ဖို့ မြေဝယ်ထားပြီး
စီစဉ်နေတယ် လို့သိရတယ်။ ရံပုံငွေထည့်ဝင်တဲ့ နိုင်ငံတွေကတော့ ကနေဒါ၊ သြစတြေးလျ၊ ဟော်လန်၊
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။
အဂါပီရဲ့ ထူးခြားချက်ကတော့ ထွက်ရှိလာသမျှ အသုံးပြုပြီးသား
ရေတွေကို ပတ်ဝန်းကျင်ဆီ စွန့်မ ထုတ်ပဲ ကိုယ်ပိုင်ရေသန့်စင်စက်နဲ့ ပြန်လည် သန့်စင်စေခြင်းပါပဲ။
အချို့ထိုင်းလူမျိုးတွေက ရေကနေ ပိုးကူးစက်နိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်တယ်။ ရေဆိုးသန့်စင်မှုကို
ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်လည်း အဂါပီဟာ ထိုင်းမှာရှိတဲ့ NGO တွေထဲမှာ
အထင်ရှားဆုံး အအောင်မြင်ဆုံး တစ်ခုအဖြစ် ရှိနေတယ်လို့ Avis ကပြောပါတယ်။
ဒါပေမဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက
HIV ရှိတဲ့ ကလေးတွေအပေါ် နှိမ်ချ ဆက်ဆံမှုကိုတော့ မအောင်မြင်နိုင်သေးပါဘူး။ ရောဂါပိုးရှိတဲ့
ကလေးတွေ အပေါ်မှာသာမက Avis ရဲ့ သမီး အကြီးဆုံး ကိုယ်တိုင် အပြည်ပြည်ဆိုင်ရာကျောင်း
International School ကနေ ကျောင်းဝင်ခွင့် ငြင်းပယ်လိုက် တာကို ခံခဲ့ရတယ်။ အဂါပီက ကလေးတွေဟာ
အများသူငါလို ကျောင်းသွားတက်တဲ့ အခါ အချို့ အပေါင်း အဖေါ်တွေက အပေါင်းအသင်း မလုပ်ချင်ပဲ
ခွဲခြားဆက်ဆံကြတယ်။ ဒီလို အခါမျိုးမှာတော့ အဂါပီရဲ့ ရင်သွေးလေးတွေက “နင်တို့မှာ
HIV မရှိဘူးဆိုတာကို ဘယ်သူမှ သေချာပြောနိုင်မှာ မို့လို့လဲ” လို့ တုန့်ပြန်ပြောဆိုတတ်ကြပါပြီ။
ပုံ (Pong) ဆိုတဲ့ ၁၂နှစ်အရွယ် သမီးငယ်ကတော့
“ကျောင်းမှာ အတန်းသားတွေက ဝိုင်းနှိမ်ကြပေမဲ့ သမီးကတော့ ဘာမှ ပြန်မပြောပါဘူး။ သမီးဒီမှာ
နေရတာ ပျော်ပါတယ်။ သမီးကို စွန့်ပစ်သွားတဲ့ မိဘတွေကိုတော့ စိတ်ဆိုးတယ်။” လို့ သူ့ခံစားချက်ကို
ပြောပြတယ်။ ရုပ်မြင်သံကြား သတင်းထောက် တစ်ယောက်ဖြစ်ချင်တဲ့ “ပုံ” ဆိုတဲ့ သမီးငယ်လေးရဲ့
မျှော်လင့်ချက် အိမ်မက်သာမက အခြားကလေး ငယ်တွေအားလုံးရဲ့ အနာဂတ် အိမ်မက်တွေကို လည်း
ရှင်သန်ပြည့်မြောက်စေချင်ပါတယ်။
ထို့ထက်မကပဲ ကမ္ဘာ့ထောင့်ကြိုထောင့်ကြားပါမကျန်
ရှိရှိသမျှ HIV ကလေးငယ်တွေ အတွက်လည်း အကြွင်းမဲ့ မေတ္တာနဲ့ တည်ဆောက်ထားတဲ့ ကွန်းခိုရာနေရာလေးတွေ ရရှိကြစေချင်ပါတယ်။ ကြည်ဖြူ
စာနာစိတ်နဲ့အတူ တစ်ယောက်တစ်လက် ဝိုင်းဝန်း ကူညီ လုပ်ဆောင်ပေးသွားရင်ဖြင့် HIV ပိုး
ထိုးခံရ တဲ့ ပန်းကလေးတွေဟာ ပတ်ဝန်းကျင်မှာ မွှေးရနံ့ သင်းပျံ့လာနိုင်ဦးမှာပါ။
Published
by: bluebluenight
Myanmar LGTB Society - မေတ္တာကွန်းခိုရာ




