မော်လမြိုင်တက္ကသိုလ်
တည်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်တွင် အနှိပ်ခန်းများနှင့်
လောင်းကစား ဝိုင်းများ ပြည့်နှက်နေကြောင်း သိရသည်။
တက္ကသိုလ်
ကျောင်းသူကျောင်းသားတို့က အပြင်အဆောင်အဖြစ် နေထိုင်ရသည့် မြိုင်သာယာရပ်ကွက် တခုတည်းတွင်ပင်
အနှိပ်ခန်းပေါင်း (၃၀) ကျော်ကို ဗြောင်ကျကျ ဖွင့်လှစ်ထားကြောင်း မော်လမြိုင်တက္ကသိုလ်မှ
နည်းပြဆရာမတဦးက ပြောသည်။
“ဒီလိုမျိုး
ဗြောင်ကျကျ ဖွင့်ထားလို့မသင့်တော်ဘူး။ ဒီရပ်ကွက်က ကျောင်းသူကျောင်းသားတွေ နေတဲ့ရပ်ကွက်ဖြစ်တယ်။
သူတို့နေတဲ့ အဆောင်ဘေးမှာတောင် ဒီလိုအနှိပ်ခန်းတွေ ရှိနေတာက အဆိုးဘက်ကို တွန်းပို့သလို
ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ပြည်နယ်ပညာရေးအရာရှိတို့က
မြိုင်သာယာရပ်ကွက်တွင် မှိုလိုပေါက်နေသည့် စားသောက်ဆိုင်၊ အနှိပ်ခန်း၊ လောင်းကစား ဝိုင်းများနှင့်
အခြားဖျော်ဖြေရေး လုပ်ငန်းများအား ရွှေ့ပြောင်း၊ တားမြစ်ပိတ်ပင်ပေးရန် ပြည်နယ်အာဏာပိုင်ထံ
တင်ပြသော်လည်း ယင်းလုပ်ငန်းများတွင် အထက်ပိုင်းအာဏာပိုင်များလည်း ပါဝင်ပတ်သက်နေသောကြောင့်
ပိတ်ပင်တားမြစ်ရန် မအောင်မြင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မြိုင်သာယာရပ်ကွက်၊
ရှင်စောပုလမ်းရှိ ကျောင်းသားများအကြား ရေပန်းစားနေသော အနှိပ်ခန်းကို စစ်တပ်အရာရှိ တဦးက
ဖွင့်လှစ်ထားခြင်းဖြစ်ပြီး (၂၄) နာရီ ဝန်ဆောင်မှု ပေးထားကြောင်း ကျောင်းသားများက ပြောသည်။
ဒုတိယနှစ်
ပထဝီဘာသာ ကျောင်းသားတဦးက “အခု အနှိပ်ခန်းတွေက ညပိုင်း အားလုံး ပိတ်ခိုင်းထားတယ်။ နေ့ပိုင်းမှာပဲ
အလုပ်လုပ်ကြတယ်။ ဒါပေမယ့် အထက်လူကြီး စစ်တပ်အရာရှိ ဖွင့်ထားတဲ့ ရှင်စောပုလမ်းထဲက အနှိပ်ခန်းဆိုရင်
ကြိုက်တဲ့အချိန် သွားလို့ရတယ်” ဟု ပြောသည်။
အနှိပ်ခန်းများတွင်
အသက် (၁၅) နှစ်မှ (၂၅) နှစ်အထိ မိန်းကလေးငယ်အများစု အလုပ်လုပ်နေကြပြီး အဆိုပါ အနှိပ်ခန်းများသည်
ပြည့်တန်ဆာအိမ်တို့နှင့် မကွာခြားကြောင်း သိရသည်။
အဆိုပါ
မြိုင်သာယာရပ်ကွက်တွင် အနှိပ်ခန်းကဲ့သို့ ဖျော်ဖြေရေး လုပ်ငန်းများရခြင်းမှာ အပစ်ရပ်တိုင်းရင်းသား
အဖွဲ့အစည်းတို့ အများဆုံးအခြေချရာ ရပ်ကွက်ဖြစ်သကဲ့သို့ မြဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းတို့မှ
လာသည့် ကုန်တင်ယာဉ်များ ရပ်နားရာ ရပ်ကွက်လည်း ဖြစ်သည်။
အနှိပ်ခန်းအများစုမှာ
မြိုင်သာယာတိုးချဲ့အကွက်၊ ကျိုက်မရောလမ်းတလျှောက်၊ ရှင်စောပုလမ်း၊ သမိန်ဗရမ်းလမ်း၊
ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့တွင် တည်ရှိသည်။
ထို့ပြင်
တက္ကသိုလ်ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်တန်း အနီးတွင်လည်း ကြေးမြင့်သည့် လောင်းကစားဝိုင်းများနှင့်
ဘောလုံးပွဲ လောင်းနိုင်သည့် နေရာများ၊ ချဲထိုးနိုင်သည့် နေရာအများအပြား လည်းရှိကြောင်း
စုံစမ်းသိရသည်။
တက္ကသိုလ်နည်းပြဆရာမက
“ဒီလိုမကောင်းတဲ့အလုပ်အကိုင်တွေရဲ့ နောက်ကွယ်မှာ အာဏာပိုင်တွေ ရှိနေတယ်ဆိုတာ လူတိုင်းသိတယ်။
ဒီလိုရပ်ကွက်မျိုးမှာ ချဲဖွင့်ရဲတာ၊ ဘောလုံးလောင်းတဲ့အိမ် ဖွင့်ရဲတာ အာဏာပိုင်တွေပဲ
ရှိတာပေါ့။ ဒါပေမယ့် ရပ်ကွက်က မတိုင်ရဲကြလို့သာ ဒီအတိုင်းငြိမ်နေ ကြတာ” ဟု ပြောသည်။
http://www.khitpyaing.org




