25
Dec

မေမေရယ် သမီးရယ် မောင်လေးရယ် … ပြီးတော့

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး
ခံစားချက်များ)

အိမ်က ကျွန်မအဖေသေတော့ TB နဲ့
သေတယ်လို့ထင်တယ်။ ဒါပေမဲ့ သေပြီး မေမေတို့ ပြောနေ ကြတာတွေကြားပြီး  TB နဲ့
မသေဘူးလို့သိရတာ။ HIV/AIDS နဲ့ သေတာတဲ့။ ရိုးရိုးမှတ်နေ တာပေါ့။  ဒါပေမဲ့
မေမေတို့က ကိုယ့်သမီးလေး မကြားအောင် အိပ်ချိန်ကျမှ ပြောတယ်။

ဘယ်ရမလဲ အိပ်ချင်ယောင်ဆောင်ပြီး
နားထောင် နေလိုက်တာ၊ ဖေဖေက မသေခင် ပြောသွားတာ ကြားမိတယ် ။

“ငါက လူသတ်သမားဖြစ်ပြီ” 
တဲ့။

“ ဘာလို့လဲ”  လို့ မေမေက
မေးတယ်။

“ဘာဖြစ်ရမလဲ၊ ငါတစ်ယောက်ကြောင့်
ဘာမှမဟုတ်တဲ့ ဖြူစင်တဲ့ မိသားစုကို သတ်လိုက်တာပဲ” တဲ့

“ဒါကို ဂရုမစိုက်ဘူးလေ” လို့
ပြန်ပြောတယ်။

ဖေဖေ့ကို အရမ်းသနားမိတယ်။
ခြင်ထောင်တောင် ခွဲအိပ်ရှာတယ်။ နေမကောင်းလို့ ညအပေါ့အပါး သွားရင်လဲ မေမေ့ကို
မခေါ်ဘူး။ တစ်ယောက်ထဲ သွားတယ်လေ။ တစ်ရက် မဟုတ်ဘူးလို့ ပြောတယ်။

ဖေဖေ TB ရှိတယ် ဆိုကထဲက
သွေးစစ်ကြည့်တယ်၊ မိသားစု ၄ ယောက်လုံးကိုလေ။ ဒါပေမဲ့ တားဖို့ အချိန်မရလိုက်ပါဘူး။
ဖေဖေ သေသွားတယ်။ အဲဒီတုန်းက ကျွန်မ ၁ တန်းဘဲ ရှိသေးတယ်။ မောင်လေးဆို တွေးကြည့်လေ
သိတောင် မသိဘူး။

ဖေဖေကိုမမြင်တော့ မောင်လေးက
ဘာမေးတယ် မှတ်လဲ …

“ဖေဖေ ဘယ်သွားတာလဲ”

 မေမေက “ခရီး အကြာကြီး ထွက်သွားတယ်”တဲ့။

 အဲဒါတွေ ပြန်တွေးလိုက်ရင်
ပိတ်ကားပြင်ပေါ်မှာ ရုပ်ရှင်အကြာကြီး ကြည့်နေရတဲ့ အတိုင်းပဲ။

အိပ်ချင်ယောင်ဆောင်နေတဲ့ သမီးက
ထငိုလိုက်တယ်။ အကုန်လုံး သိသွားပြီဆိုပြီး မေမေကြီးက အစ အဆုံး ပြောပြတယ်။ ဖေဖေ
သေသွားတော့ အရမ်း အားငယ်တယ်။ ပြီးတော့လဲ မေမေ့ကို မုဆိုးမလို့ အပြော မခံချင်ဘူးလေ။

ထားပါတော့၊ လူတွေက
တချိန်သေရမှာဘဲလေ။ ဒါပေမဲ့ အဲဒီ ရောဂါနာမည်ကို မကြားချင်လောက် အောင် မုန်းတယ်။
ဘာ့ကြောင့် ငါတို့ကျမှ ကူးရတာလဲလို့ တွေးမိတယ်။

ဖေဖေ သေသွားတော့ ကိုးကွယ်ရာတစ်ခု
မဲ့သွားတာပေါ့။ ဖေဖေသေပြီး တစ်လကြာတော့ မေမေ့ ဘက်က အဘွားတွေက လာခေါ်တယ်လေ။ ရွာမှာဘဲ
အခြေချမိတယ်။ အစက ….. မြို့မှာ နေတာ။ အဲဒီ အချိန်မှာဘဲ ပြဿနာတက်တယ်လို့ ထင်မိတယ်။
ရွာဆိုတော့လေ - ဗဟုသုတ မရှိကြဘူးလေ။

အိမ်နီးနားချင်းထဲက တစ်အိမ်ပေါ့၊
အဲဒီအိမ်မှာ ကျွန်မအတန်းဖေါ်လဲ ရှိတယ်။ HIV/AIDS ရှိတဲ့ လူက ၄ နှစ်လောက် ပကတိ
အတိုင်းပဲတဲ့လေ။ မေမေက လျှောက်ပြောတယ်။ သူ့မှာလဲ ဒီရောဂါကြီးရှိ တယ်လို့။
အဲဒီအချိန်မှာ ကျွန်မ သူငယ်ချင်းက ဆက်ဆံရေးတွေ လျော့လာတယ်။ သူ့အမေကရော
မပေါင်းခံတော့ဘူးလေ။ အဲဒီအချိန်မှာ အရမ်းအထီးကျန်တယ်။

မေမေဟာ ဖေဖေ့ရဲ့ နောက်ဆုံးဆန္ဒအရ
…… မြို့ကို စာပေးစာယူ နောက်ဆုံးနှစ်စာမေးပွဲ သွားဖြေချိန် မှာ မောင်လေးကိုပဲ
ခေါ်သွားတယ်။ ကျွန်မက အဘိုးအဘွားနဲ့ဘဲ နေခဲ့ရတယ်။ စဉ်းစားကြည့်ပါ၊ အားပေးမဲ့သူ
တစ်ယောက်မှ မရှိဘူးလေ။

တစ်နေ့တော့လေ - ဘယ်ကမှန်း
မသိဘူးလေ - HIV/AIDS လက်ကမ်းစာစောင်တစ်စောင် လေ လွင့်ပြီး ပါလာ တာပေါ့။ အဲဒါ
ကံကောင်းမှုတစ်ခု၊ ထွက်ပေါက်တစ်ခုလို့ ထင်မိပါရဲ့။ အဲဒီစာလေးကို ဖတ်ပြီး
အရမ်းဝမ်းသာ မိတယ်။ အဲဒီမှာဘဲ လွယ်အိပ်ထဲကို အဲဒီစာစောင်လေးထည့်ပြီး အပြေး အလွှားပဲ
ကျောင်းကိုသွားပြီး သူငယ်ချင်းကို ပြတယ်။ စိတ်ဝင်စားစရာလေးလေ၊ ကာတွန်းပုံလေးနဲ့
ဆိုတော့။

ကျောင်းရောက်တော့ သူငယ်ချင်းကို
ပြပြီး “ ဖတ်ကြည့်ပါလား ” လို့ပြောတယ်။ သူငယ်ချင်းကလဲ စိတ် ၀င်စားပြီး
ဖတ်ကြည့်တယ်။ နောက်ဆုံးတော့ “အလကားပါတဲ့၊ ငါနဲ့ ပေါင်းချင်လို့ လျှောက်ပြီးပြနေ တာ”
လို့ ဆိုပြီး မျက်နှာကို စာရွက်နဲ့ ပစ်လိုက်တာ။

ဒီလိုနဲ့ဘဲ နေလာတာ မေမေတောင်
စာမေးပွဲဖြေပြီး ရွာပြန်ရောက်တော့ - အကြောင်းစုံ ညတွင်းချင်းပဲ ပြောလိုက်တယ်။

ဒါတွေ မစဉ်းစားနဲ့လို့ပဲပေါ့လေ
ပြောလိုက်တယ်။ နှစ်တွေ လတွေတောင် မပြောင်းပါဘူး။ လတွင်းချင်း မှာဘဲ အဘွားသေပြီး
တစ်လကြာပြီးနောက် အဘိုးသေ။ နောက်ထပ် တစ်လခွဲကြာပြီးနောက် ဖေဖေ့ဘက်က အဘိုးသေ။

သြော် … သူများတွေပြောတာ
ကြားမိလိုက်တယ်။

 “ကံဆိုးမသွားရာ
မိုးလိုက်လို့ရွာ “ ဆိုတဲ့ စကားပုံလေ။

သုံးလလောက်ကြာတော့ ရွာတွေရဲ့
ဓလေ့အတိုင်း အမွေတောင်းကြပါလေရော။ စကားများကြပြီး မေမေက အငယ်ဆုံးညီမဖြစ်သူနဲ့
မခေါ်ဘူးလေ။ အခုထိ မခေါ်ပါဘူး။ အဲဒါနဲ့ မေမေက ရင်ဘတ် ကိုထုပြီး “ငါ့ရှိတာတွေ
အကုန်ယူသွားတဲ့” ပြောတာ ၊ ဘုန်းကြီးပျံမှာ အငြိမ့်မင်းသမီး ငိုနေတဲ့ အတိုင်းဘဲ။

အဲဒီကစပြီး ဒဏ်ပေါ်တာ၊ အိပ်ယာထဲ
လဲပါလေရော။

မေမေက ငိုပြီး “ငါ မထင်တော့ဘူး”
တဲ့ ၊

“နင့် မေမေကြီးဆီ သွားပြီး
ဖုန်းဆက်” တဲ့ ၊

“ငါ ရွာမှာ မသေဘူး၊ အဲဒီမှာဘဲ
သေမှာလို့၊ အမြန်လာခေါ်လို့” ပြောပြီး သွားဆက်ခိုင်းတယ်။

လမ်းတလျှောက် လုံး ငိုသွားတာ၊
ဖုန်းဆိုင်ရောက်တော့ “ဘာဖြစ်လို့ ငိုတာတုန်း” မေးတော့ အစအဆုံး ပြောပြတယ်။

ဖုန်းခေါ်ပေးပြီး ဖုန်းဆိုင်က
အဖွားကြီး လိုက်လာတယ်။ “အားမလျှော့နဲ့”လို့ အားပေးရှာတယ်။

နေ့တွင်းချင်းဘဲ
ကားလာခေါ်လို့  × × × ကို လိုက်သွားတာ၊ မေမေရယ် အခန်းထဲ ပိတ်ပြီး ဘယ်သူ့ ကိုမှ
မတွေ့ခံဘူးလေ။ အဲဒါနဲ့ ဖေဖေရဲ့ညီက အဲဒီလို မလုပ်ပါနဲ့လို့
 နားဝင်အောင်ပြောပြီး ပြုစုရှာတယ်။

ဘုန်းကြီးဆေးက ကောင်းတယ်လို့
ကြားပြီး ဘွားဘွားကလဲ သူ့ချွေးမလေးကို ပျောက်စေချင်တာပေါ့၊ တစ်ထုပ် ကို
တစ်သောင်းတဲ့၊ ၀ယ်သောက်ရတယ်။ အဲဒီလိုနဲ့ နေကောင်းပြီး ရွာပြန်လာတယ်လေ။

လူဆိုတာ အဆိုးရှိရင်
အကောင်းပေါ်တတ်တယ်လို့ ကြားဘူးတယ်။ မေမေ နေမကောင်းတဲ့လက ကျောင်း ပိတ်တယ်လေ။
ပြန်လာတော့ ကျောင်းဖွင့်ပြီ။ ကဲ့ရဲ့စကားတွေကလဲ ဆိုလာတယ်။ အဲဒီအချိန်မှာ ကျွန်မ
၎-တန်းလေ။ အိမ်နီးနားချင်းနဲ့လဲ ရန်ဖြစ်လာတယ်။ ပထမတော့ ခံနိုင်ရည် မရှိဘူးပေါ့။
ကျောင်းမှာ ဖြစ်ပျက် လာတဲ့ အကြောင်းတွေ အကုန်ပြန်လျှောက်တင်ရတယ်လေ။

တစ်နေ့တော့
အခြားသူငယ်ချင်းတစ်ယောက်က အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်ကို သွေး ဆောင်တော့
ပါသွားလေရော။  ကျောင်းမှာ တစ်တန်းလုံးကပြောတော့ ကိုယ်တစ်ယောက်ထဲဆိုတော့
ဘယ်ခံနိုင်ရည်ရှိမလဲ၊ ငိုတော့တာပေါ့။ ငိုတယ်ဆိုတော့ ဆရာမတစ်ယောက်ကခေါ်ပြီး အကြောင်း
စုံမေးတော့ အစအဆုံးဖြေလိုက် တယ်။ အဲဒီမှာ သူတို့ကို အပြစ်ပေးလိုက်တယ်။ အရမ်းပျော်သွား
တယ်။

အိမ်အရောက်မှာဘဲ အပျော်မှုကြီးက
အရမ်းရပ်တန့်သွားပြီ။ မေမေ စိတ်ဆင်းရဲမှာ စိုးလို့ မပြောဘူး။
လွယ်အိတ်ကလေးချိတ်တော့ အမေကခေါ်တယ်။

“ဘာ့လို့ ငိုတာလဲ၊
အကုန်ပြောပြ”လို့ ပြောတော့ ငိုပြီး ပြောပြလိုက်တယ်။

အဲဒီမှာဘဲ သမီးကို ပြောတဲ့
သူငယ်ချင်းဆီ ခေါ်ပြီး လက်ညှိုးထိုး ဆူတော့တာပဲ။

အပြန်မှာ မေမေက ပြောတယ်။

“ငါ့ သမီး ဘယ်သူ မပေါင်းလို့မှ
ဂရုမစိုက်နဲ့၊ ကိုယ့်ထမင်း ကိုယ်စားတာ၊ ခစရာလဲ မလိုဘူး” လို့ မာန်အပြည့်နဲ့
ပြောလိုက်တယ်။ အဲဒီ ၀ါဒကြီး အခုထိဘဲ ခံယူထားပါတယ်။

စဉ်းစားကြည့်ပါ။

“အိမ်နီးနားချင်း
သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက ဆေးမှူးဖြစ်ပြီး ဘာလို့ ဒီဗဟုသုတတွေ မရှိ တာလဲ”

အဲဒီတုန်းမှာ မောင်လေးက
၎-နှစ်သားဘဲ ရှိသေးတယ်လေ။ အဲဒီအချိန်ကစပြီး ဘယ်သူ့မှ ဂရုမစိုက် တော့ဘူး။
တစ်ယောက်တည်းဘဲ နေတယ်။ နေသားကျလာတယ်။

နောက်နေ့မှာ မေမေ့ရဲ့ခဲအိုက
တခြားမြို့မှာနေတဲ့ သူ့အစ်ကိုဆရာဝန်ရောက်လာတော့ သမီးတို့ အကြောင်း ပြောပြလိုက်တယ်။
ညအလယ်သွားချိန်မှာ ARV ဆေးသောက်ရန် နိုးဆော်တယ်။ ဆေးသောက်ရမှ အလုပ်
လုပ်နိုင်မှာလို့ ပြောတယ်။ သားသမီးစိတ်နဲ့ပဲ သောက်လိုက်ရတယ်။

အဲဒီမှာဘဲ ရွှေခြင်္သေ့အဖွဲ့ မှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ အသိတစ်ယောက်က
ခေါ်ပြီး အသင်းဝင် ခိုင်းလိုက်တယ်။ ဆေးတွေကုရ။ ထောက်ပံ့တာတွေရလို့ ၀ဖြိုးနေတဲ့
အမေ့ကိုအားကျပြီး တချို့က ရယ်စရာ ပြောကြတယ် “အဲဒီ အသင်းထဲ ၀င်ချင်လိုက်တာ”တဲ့။

အဲဒီအချိန်ဟာ
မပွင့်နိုင်သေးတဲ့ပန်းကို လောကတခွင်က ပေးလိုက်တဲ့ နေမင်းကြီးကြောင့် ရနံ့တွေ
မွှေးပျံ့လာကြတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းတွေကလဲ အရောတ၀င် လာကြတယ်။

ARV ဆေးက တစ်ကဒ်ကို
နှစ်သောင်းခွဲ၊ သုံးသောင်းလောက်ရှိမယ်လို့ ထင်တယ်။ ကြာကြာ မခံနိုင် တော့ဘူး လို့
ထင်တာ။

အဆိုးတွေဘဲ ဖြတ်လာရတာ၊
အကောင်းတွေ ရှိနေတာဘဲလေ။ ဒီနှစ်ထဲမှာဘဲ ဆေးလှူသူ ပေါ်လာ တယ်။ သမီးအတွက်ရောပေါ့။
နောက် ၄-၅ လကြာတော့ မန္တလေးဆေးရုံက ဆေးပေးမယ်တဲ့။ ဆေးရုံကမှ ရေရှည် ကောင်းမှာလို့
ဆိုတော့ ဆေးရုံသွားတိုးကြတော့ အရမ်းအံ့သြမိတယ်။

“ငါတို့ဘဲ ရှိတယ် ထင်မိတာ၊
ကမ္ဘာပေါ် မှာ တစ်ဝက်လောက်ရှိတယ်လို့ ထင်ပါရဲ့။ တစ်ဝက်ကနေ အနှံ့ မပွားအောင်
ထိန်းချုပ်မယ်လို့ စိတ်မှာတွေးပြီး  သမီးတို့လို ရောဂါမဖြစ်အောင်၊
ရွှေခြင်္သေ့လို ကူးစက် ရောဂါထိန်းသိမ်းရေးအသင်း များများရှိပါစေလို့ ဘုရားမှာ
ဆုတောင်းမိပါတယ်။

မောင်လေးမှာလဲ သမီးလို
အဖြစ်မျိုး ကြုံနေရပါတယ်။ မေမေနဲ့ သမီးက သမီးတုန်းက အဖြစ်အပျက် တွေပြောပြတော့
ညှိုးနေတဲ့ ပန်းကလေး ရေလောင်းပေးသလို ဖြစ်သွားပါတယ်။

ယမင်းဖြူဖြူ

ဒီဇင်ဘာ ၉၊ ၂၀၁၀

မိုးမခ - မေမေရယ်
သမီးရယ် မောင်လေးရယ် ... ပြီးတော့  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top