မျောက်မှလာသော အေ့ဒ်စ်ရောဂါ
အတွက် မျောက်များထံမှပင် ဆေးတွေ့မည်လော မျောက်အချို့တွင် အေ့ဒ်စ်ရောဂါ ကာကွယ်နိုင်သည့်
မျိုးဗီဇများ ရှိနေနိုင်ကြောင်း လေ့လာမှုက ဖော်ပြ
မျောက်မှတစ်ဆင့် လူတို့ထံ ပျံ့နှံ့ခဲ့သော အေ့ဒ်စ်ရောဂါ အတွက်
ကာကွယ်ဆေးကို မျောက်များထံမှပင် ထုတ်လုပ် နိုင်ရန် မျှော်လင့်ချက်ရှိလာခဲ့ကြောင်း
သိရသည်။ မျောက်အချို့တွင် Simian immune deficiency virus(SIV) (လူသားတို့၏ အိတ်ခ်ျအိုင်ဗွီနှင့်တူသော
မျောက်များတွင် တွေ့ရသည့် ရောဂါပိုး) ကာကွယ်သည့်ဆေးကို ပိုမို အားကောင်းစေသည့် မျိုးဗီဇတစ်မျိုး
ရှိနေကြောင်း လေ့လာမှု တစ်ရပ်ကြောင့် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
သုတေသနပညာရှင်များသည် Rhesus မျောက်များကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီးနောက်
နှစ်ပတ် ဆက်တိုက် SIV ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့စေရာတွင် စမ်းသပ်ခံမျောက် ထက်ဝက်မှာ
ကူးစက်ခဲ့သော်လည်း ကျန်ထက်ဝက်မှာ ကူးစက်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းသို့ ကူးစက်မှု မရှိသော မျောက်များတွင် မျိုးဗီဇတစ်မျိုး
ရှိနေခြင်းကြောင့် ဖြစ်ပြီး ယင်းမျိုးဗီဇကို TRIM5 ဟု ခေါ်ဝေါ်ကြောင်း သိရသည်။ ယခု တွေ့ရှိမှုကြောင့်
လူသားတို့အတွက် ကာကွယ်ဆေး ထုတ်လုပ်ရာတွင် အကူအညီ ရလာနိုင်ကြောင်း သုတေသနကို ဦးဆောင်ခဲ့သည့်
နော်မန်လက်ဗင်း က ဆိုသည်။
''အခုဆိုရင် ကျွန်တော်တို့က ကာကွယ်ဆေးပေးပြီး ခန္ဓာကိုယ်တွင်းက
ပဋိပစ္စည်းတွေရဲ့ တုံ့ပြန်မှုကို လေ့လာရုံတင် မကဘဲ တစ်ဦးချင်းစီရဲ့ မျိုးဗီဇ ပုံစံကိုလည်း
လေ့လာရမယ် ဆိုတာပါပဲ။ အခုမျောက် တွေက ရတဲ့ အချက်အလက် အရ နှစ်ခုစလုံး အရေးပါတယ် ဆိုတာ
တွေ့ခဲ့ရပါတယ်''ဟု နော်မန်လက်ဗင်း က ဆိုသည်။
၂၀၀၉ ခုနှစ်ကလည်း ထိုင်းနိုင်ငံတွင် လူသားတို့၌ အေ့ဒ်စ်ဆေးဝါး
စမ်းသပ်ခဲ့ရာတွင် ကူးစက်ခံရ နိုင်ခြေကို ၃၂ ဒသမ ၂ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း
တွေ့ရှိခဲ့ရသော်လည်း သုံးနှစ်အကြာတွင် ထိရောက်မှု ကျဆင်းသွား ကြောင်း တွေ့ရှိ ခဲ့ရသည်။
''ကျွန်တော်တို့ လူတွေမှာ စမ်းသပ်ကြည့်ရာကရတဲ့ အချက်အလက်တွေနဲ့
မျောက်တွေမှာ စမ်းသပ်ရာ ကရတဲ့ အချက်အလက်တွေ ပေါင်းစပ်ပြီး ဆောင်ရွက်မယ်ဆိုရင် ကာကွယ်ဆေး
ထိုးပြီးတဲ့ တစ်လျှောက် ပိုကောင်းတဲ့ ပဋိပစ္စည်းတွေရဲ့ တုံ့ပြန်မှု ပိုကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင်
နောက်ထုတ်မဲ့ ဆေးဝါးက ၅၀ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းလောက် အထိ ကာကွယ်ပေးနိုင်ပါ လိမ့်မယ်''ဟု
လက်ဗင်းကဆိုသည်။




