16
Apr

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

ဆောင်းလေညင်း တစ်ချက်တိုက်တိုင်း အသက် (၃၁) နှစ်ရှိ အမျိုးသမီးတစ်ယောက် မွေးကင်းစ ကလေးငယ်အား တင်းတင်း ဖက်တွယ်ထားသည်။ သို့သော် ထိုမိခင်လက်နှစ်စုံဖြင့် ဖက်တွယ်ထားသော မွေးကင်းစ ကလေးငယ်သည် (၄) လ ပြည့်ပြီး ၁၀ ရက် လွန်တွင် မိခင်ရင်ခွင်မှ ထာဝရ ခွဲခွာသွားခဲ့ရသည်။ မွေးကင်းစ ကလေးငယ်သည် ဒီဇင်ဘာ အအေးဒဏ်ကို မလွန်ဆန်နိုင်သောကြောင့် အသက်ပျောက်သွားခဲ့ရခြင်း မဟုတ်ပေ။ ဆောင်းလေနှင်းထက် ဆိုးသည့် ရက်စက်ကြမ်းကြုတ်သော ရန်သူ ခုခံအားကျဆင်းရောဂါ HIV/ AIDS သည် ၄င်း၏ မိခင်ရင်ခွင်မှ ဆွဲထုတ်သွားခဲ့ခြင်းဖြစ်သည်။ ထိုရောဂါသည် နှင်းထုနှင့်အတူ မိခင်အသီးသီး၏ ရင်ခွင်မှ မွေးကင်းစ ကလေး (၃) ဦးကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

လူနေရပ်ဝေးသည့် ဇိုင်းအောင် (Zai Awng) ဒုက္ခသည် စခန်းသည် အေးမြသည့် ရာသီဥတုနှင့် အလိုက် အေးချမ်းသော နယ်မြေ တစ်ခုပင်။ ဗန်းမော်မြို့နယ် ဆန်ပိုင်ကျေးရွာမှ ကုန်းကြောင်းလျှောက်လျှင် နှစ်ရက်နှင့် နှစ်ည သွားရသည့် ကျေးရွာတစ်ခုဖြစ်သည်။ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် ဖြစ်သည့် လိုင်ဇာမြို့မှ ဇိုင်းအောင် (Zai Awng) ဒုက္ခသည် စခန်းထိ ဆိုင်ကယ်ဖြင့် တစ်ရက်ခရီး မောင်းနှင်ရသည်။

ဝေးလံ ခေါင်ဖျားသည့် အဆိုပါ ဒုက္ခသည်စခန်းတွင် ကိုယ်ဝန်ဆောင် မိခင်အများအပြား ကာလသားရောဂါ၊ ခုခံအားကျဆင်းရောဂါ ခံစားနေကြခြင်းဖြစ်သည်။ သားဦးကို ဆုံးရှုံးလိုက်ရသည့် ဆိုးဝါးလှသော ကြေကွဲ ၀မ်းနည်းမှု စိတ်ခံစားချက်မျိုးကို နောက်ထပ် မရင်ဆိုင် ရဲတော့ကြောင်း ပြောလာသည်။

“ဆေးမစားခင်မှာ ကလေးရမှာ စိုးလို့ တားဆေး လာထိုးတာ” ဟု ဦးလနော့လထိန် (Salang Lanaw La Hting) က သူ့အမျိုးသမီးအား လှမ်းကြည့်ရင်း ပြောပြနေသည်။

လက်ထပ်ထားသည်မှာ ၁ နှစ်ပင် မပြည့်သေးချိန် သားဦးလေးကို ရခဲ့သော်လည်း ရန်သူ HIV/ AIDS ရောဂါ လက္ခဏာကြောင့် အခိုက်အတန့် သာမိဘနှင့်အတူ အသက်ရှင်သွားခဲ့သည်။ အဆိုပါ အဖြစ် အပျက်မျိုးသည် ထိုမိသားစုပင် မကသေး .. ၄င်းတို့နည်းတူ မိခင်နှစ်ဦးတွင်လည်း HIV/ AIDS ရောဂါကြောင့် လသားအရွယ် သားဦး သေဆုံးသွားခဲ့သောကြောင့် ထပ်တူဝမ်းနည်း ကြေကွဲ နေရကြောင်း သိရသည်။

ထို့ပြင် နောက်ထပ် လသား ကလေးငယ် (၂) ဦးသည်လည်း HIV/ AIDS ရောဂါခံစားနေရပြီး ယခုချိန် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေသည်ကို မြင်တွေ့နေရသည်။ ထိုအထဲမှ (၂) လသားအရွယ် ကလေးငယ်သည် မိဘ နှစ်ဦးမူ ဝမ်းစာအတွက် စခန်းမှတောသို့ ခရီးထွက်သွားကြသောကြောင့် ငယ်ရွယ်သေးသော်လည်း တကိုယ်တည်း ရန်သူကို ခုခံနေဆဲ ဖြစ်သည်။

မိခင်နှင့် ကလေး၏ မေတ္တာများကို ဖျက်ဆီးဖြိုခွဲပေးနေသည့် ရောဂါကြောင့် မခံမရပ်နိုင် ကြေကွဲဝမ်းနည်းမှုများ ရင်ဆိုင်နေရကြသော်လည်း ၄င်းကို ရင်ဆိုင်ရန်ပင် ဦးတည်လာသော မိခင်များလည်း ရှိနေဆဲ ဖြစ်သည်။ မကြာမီ ကလေးမွေးဖွားရန် အဆင်သင့်စောင့်နေသော HIV ခံစားနေသည့် ကိုယ်ဝန်ဆောင် မိခင်နှစ်ဦး ရှိနေသည်။

“တစ်ယောက်က ကိုယ်ဝန် (၈)လ၊ တစ်ယောက်က (၅) လ။ (၈)လ ကိုယ်ဝန်ရှိနေတာတောင်မှ ကျွန်တော်တို့ မနည်းပြောမှ ဆေးရုံကို လာအပ်တာ။ သူတို့လည်း အခြေအနေဆိုးတယ်” ဟု ဇိုင်းအောင် ဆေးရုံမှ ကျန်းမာရေးမှူး (Hkamja Du) ဆရာမ ထုလွမ်က ပြောသည်။ ဇိုင်းအောင် ဒုက္ခသည်စခန်းမှ HIV ခံစားနေသည့် ကိုယ်ဝန်ဆောင် မိခင်အချို့မှာမူ တရုတ်ပြည် ယူနန်ရှိ ဆေးရုံသို့ အခက်ခဲကြားမှ ရုန်းကန်၍ သွားရောက်မွေးဖွားနေကြသူများလည်း ရှိသည်။

“တိန့်ယိန်းတို့ လင်မယားလည်း ဆေးစားနေတာ ခု ဆေးပျက်သွားပြီ။ သူတို့ရိုးရိုး မွေးလို့မရလို့ တရုတ်ပြည်မှာ သွားမွေးတယ်။ တရုတ်ငွေ ၄၊ ၅ ထောင်လောက်ကုန်မယ်ထင်တယ်။ ပိုက်ဆံချေးပြီး သွားမွေးကြတယ်” ဟု ဆရာမထုလွမ်က ဆက်ပြောသည်။

ဝေဒနာရှင်များ ဆေးဝါး မပြတ် စားသုံးရန်လိုအပ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ဇိုင်းအောင်စခန်းနှင့် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အချို့ ဒုက္ခသည် စခန်းများတွင် HIV တိုက်ဖျက်ဆေးဝါးများ ပြတ်လပ်နေပြန်သည်။ ထိုသို့ HIV ပိုးနှင့် နေထိုင်သော ဒုက္ခသည်များသည် ဆေးဝါး ရရှိရန် မျှော်လင့်နေကြသည်။

နောက်ဆက်တွဲ အနေဖြင့် ဆက်လက် ဖော်ပြပါမည်.....

ကချင် သတင်းဌာန - မွေးကင်းစလေး၏ မွေးရာပါ ရန်သူ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top