17
Apr

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ (နောက်ဆက်တွဲ)

“ကျွန်တော်တို့ လင်မယားလည်း ဆေးသောက် ရင်တော့ ပျောက်မှာပါ။ ဆေးရမှ ကလေး ထပ်ယူတော့မယ်” ဟု သားဦး ဆုံးရှုံးခဲ့ရသော ဦးလနော့လထိန် က ပြောသည်။ ဇိုင်းအောင် (Zai Awng)နှင့် မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းမှ ဆရာဝန်များသည်လည်း ယင်းတို့၏ လူနာအတွက် ဆေးအမြန် ရရှိလိုကြောင်း ပြောသည်။

“HIV ရှိတဲ့ လင်မယားဆို ကလေးလိုချင်လို့ ဆေးမရောက်သေးဘူးလားလို့ ခဏခဏ လာမေးတယ်။ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ဆေးမှ မရှိတာ။ ဆေးအမြန်ရစေချင်ပြီ။ ဒီနှစ်အတွင်း ဆေးမရောက် လာရင်တော့ အခြေအနေ ဒီထက် ပိုဆိုးလာနိုင်တယ်” ဟု ဇိုင်းအောင် ဆေးရုံးမှ ဆရာမထုလွမ်က ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစကာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ AZG မှ HIV/AIDS ရောဂါရှိသူများနှင့် တီဘီ ရောဂါရှိသူများ၏ စာရင်းကောက်ခံထားရန် စခန်းတာဝန်ခံများအား ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် စာရင်းများ ကောက်ခံပြီး ၁ လ ကျော်ကြာသော်လည်း AZG မှ ဆေးဝါးထောက်ပံ့ ရန် ပြန်လည်အကြောင်း ပြန်ခြင်း မရှိသေးကြောင်းသိရသည်။ မဂါးယန် ဒုက္ခသည်စခန်းတွင်လည်း HIV ပိုးလာစစ်သူ ၁၀ ဦးရှိလျှင် ၇ ဦးက မူရောဂါလက္ခဏာပြနေကြောင်း ဆရာဝန် မကော့မိုင် (Doctor Kaw Mai) က ပြောသည်။

လက်ရှိ မဂါးယန် စခန်းတွင် HIV နှင့် အဆုတ် TB ရောဂါ ရှိသူ စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရသည်။ HIV ရှိသည့် လူနာ အားလုံးနီးပါးခန့် တီဘီရောဂါကို တူးတွဲတွေ့မြင်နေရခြင်းဖြစ်သည်။ UNAIDS မှလည်း HIVနှင့် တီဘီ ပူးတွဲစစ်ဆေးမှု စနစ်ပြုလုပ်သင့်ကြောင်း မတ်လကုန် ပိုင်းတွင် နှိုးဆော် လိုက်သည်။ ကမ္ဘာတလွှား HIV ကူးစက် ခံထားရသူ များတွင် နေ့စဉ် လူ ၁၀၀၀ ကျော် တီဘီရောဂါကြောင့် သေဆုံးနေကြကြောင်း သိရသည်။

ပြည်တွင်းတွင် HIV ပိုးကူးစက်ခံထားရသူ နှစ်သိန်းသုံးသောင်းကျော် ရှိနေပြီး လူနာ ၇ သောင်းကျော်အတွက် ဆေးဝါး လိုအပ်လျက်ရှိကြောင်း သိရသည်။ မဂါးယန် စခန်းမှ အခြေအနေဆိုးရွားနေသည့် HIV ရောဂါ ခံစားနေရသူ အသက် (၃၁)နှစ် နှင့် (၄၁) နှစ်ရှိ အမျိုးသမီး နှစ်ဦးကိုမူ လိုင်ဇာ ဆေးရုံသို့ဆေးကုသမှု ခံယူရန် ပို့ထားကြောင်း ဆရာဝန်က ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်း နှစ်ခုတွင် ဆေးဝါး ထောက်ပံ့မှုမရရှိသည်မှာ (၆)လကြာမြင့်ပြီဖြစ်သဖြင့် ဓါတ်ဆားထုတ်များ ပျက်တောက်နေပြီဖြစ်ကာ အကိုက်အခဲပျောက်ဆေး ပါရာဆေးမူ တစ်ဘူး သာကျန်တော့ကြောင်း သိရသည်။ ထို့အပြင် HIV စစ်ဆေးသည့် ကိရိယာလည်း ကုန်နေပြီဖြစ်သည်။

“ဟိုတစ်လောက ဆို လက်အိတ်တောင်မရှိတော့ဘူး။ ခွဲစိတ်ကုသတဲ့အခါ လက်အိတ်က အရေးကြီးတယ်တယ်။ လက်အိတ်ကုန်သွားလို့ ကျွန်မတို့ ပျာယာခတ်သွားတယ်။ ခုတော့လာပို့ထားပြီ” ဟု ဆရာဝန် ကော့မိုင် (Doctor Kaw Mai) က ပြောသည်။

ဆက်ပြီး ဆရာဝန် ကော့မိုင် (Doctor Kaw Mai) က “ဒီမှာ HIV ၁၀ ယောက်လာစစ်ရင် ၇ ယောက်တော့ရှိပြီးသား။ အကုန်လုံးကို စစ်လိုက်မယ်ဆိုရင် အားလုံးရှိနိုင်တယ် ဒါကြောင့် မြန်မြန် ဆေးစစ်၊ အခြေအနေမဆိုးခင် ဆေးသောက်မှ ဖြစ်မယ်” ဟုဆိုသည်။ ဇိုင်းအောင် ဒုက္ခသည်စခန်းနှင့် မဂါးယန် ဒုက္ခသည် စခန်းတွင် ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်သို့မှ စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည် စုစုပေါင်း ၃ ထောင် နီးပါးစီ ရှိသည်။

စစ်၏ ဘေးဒဏ်ခံစားနေရသော အခက်အခဲ ဒုက္ခနှင့် ရောဂါနှိပ်စက်ခြင်းကြောင့် ခံစားနေရသော ဆင်းရဲဒုက္ခများသည် ဒုက္ခသည်စခန်းထဲတွင် ဒွန်တွဲနေထိုင်နေရသည်။ မိခင် ရင်ခွင်သို့ ရောက်လာကာ တခဏတာအသက်ရှင်၍ ခွဲခွာသွားကြသော မွေးကင်းစ ကလေးများ ရှိသကဲ့သို့ မိခင်နှင့်အတူ ရောဂါဝေဒနာကို ခုခံကာအသက်ရှင်လုံးပန်းနေသော ကလေးငယ်များလည်းရှိသည်။

HIV ခံစားနေရသည့် အသက် (၃၁) နှစ်ရှိ ဦးနော်ဆမ် (Salang Naw Sam) သည်လည်း သူ၏သားဦးဖြစ်သည့် (၇) လသား ကလေးငယ်မှာ ခုထက်ထိ ကျန်းကျန်းမာမာ ရှိနေသေးသောကြောင့် ဆက်လက် အသက်ဆက်နိုင်ရန်အတွက် မျှော်လင့်ချက်များ ခိုင်မာနေဆဲဖြစ်သည်။

“ဆေးသောက်ရင်တော့ ပျောက်မှာပဲ လို့ ယုံကြည်တယ်။ စိတ်ဓါတ်တော့ မကျပါဘူး။ ခုဆေးစောင့်နေတယ်” ရောဂါကို ခုခံတိုက်ခိုက်၍ အသက်ရှင်နေသော မွေးကင်းစ ကလေးများရှိနေသော်လည်း ရန်သူကို ခုခံတိုက်ခိုက်ရန် အားအင် ကုန်ခမ်းသွားခဲ့သော မွေးကင်းစလေးများ အတွက်မူ မိခင်ရင်ခွင်ကို ခြေစုန်ပစ် ထာဝရ ခွဲခွာခဲ့ကြရသည် မဟုတ်ပါလား….။

ကချင် သတင်းဌာန - မွေးကင်းစလေး၏ မွေးရာပါ ရန်သူ (နောက်ဆက်တွဲ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top