12
Jul

မွေးလမ်းမှ သွေးသွန်ခြင်း

အမျိုးသမီးတွေ သွေးသွန်ရခြင်း အကြောင်းရင်းကို သိချင်ပါတယ်။ ဖြစ်လာခဲ့ရင် ရှောင်ရန်၊ ဆောင်ရန်တွေ၊ မဖြစ်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာ သိချင်ပါတယ်။ အသက်က ၃၂ ပါ။ အမျိုးသား ခွင့်ပြန်လာတယ်။ သူပြန်သွားပြီး၊ ၂ ပတ် လောက်မှာ သွေးသွန်တာပါ။ သားအိမ်ပါ ခြစ်လိုက်ရတယ်။ အဲဒါ ကိုယ်ဝန် ပျက်တာလား။ ဒါမှမဟုတ် တခြား အကြောင်း ကြောင့်လား သိချင်ပါတယ်။
အမျိုးသမီးတွေ သွေးဆင်းတာ အကြောင်းတွေက များလှတယ်။ ရေးပြီးသား ၄ ပုဒ်နဲ့ မခြုံငုံနိုင်သေးလို့ ထပ်ရေးပါအုံးမယ်။
1. Mid Cycle Bleeding and Ovulation Test ကြားရက်သွေးဆင်းတာ နဲ့ မျိုးဥထွက်တာ သေခြာချင်တယ်၊
2. Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း၊
3. Amenorrhea မိန်းမပီသတာ စိုးရိမ်စရာမရှိ၊
4. Bleeding during early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း။

မွေးကာစ မိန်းကလေးတွေမှာ သွေးစွန်းတာ တွေ့ရတတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။ Newborn estrogen withdrawal ဟော်မုန်း အထာမကျတာ၊ မိခင်က တားဆေး သုံးခဲ့တာကနေ ဖြစ်တတ်တယ်။ ခပ်ငယ်ငယ် မိန်းကလေးတွေမှာ ဆင်းတာဆိုရင် Foreign body ပစ္စည်း တခုခု အထဲ ရောက်နေတာလား၊ မတော်တာ ပြုမူခံရတာလား၊ ရှားရှားပါပါး Tumor အလုံး-အကျိတ်လား စဉ်းစားရမယ်။ မိန်းကလေးငယ်တွေမှာ ပိုးဝင်လို့ Vulvovaginitis မအင်္ဂါတဝှိုက်ရောင်တာ ဖြစ်တတ်တယ်။ ဆီးအောင့်တာနဲ့ ရောနေနိုင်တယ်။ ယားတာလဲ ရှိနိုင်တယ်။ မအင်္ဂါယားတာက စအိုယားနဲ့ပါ ရောနေရင် Pinworms တုပ်ကောင် ဖြစ်တတ်တယ်။ Precocious puberty အစောကြီး အပျိုဖြစ်တာလဲ ထည့်တွက်ပါ။

အပျိုဖြစ်ပြီးနောက် ငယ်သေးသူတွေမှာ Anovulation ရာသီဆင်းပေမဲ့ မျိုးဥ မထွက်တာ (၈၅%) ရှိနိုင်တယ်။ အသက် ၂ဝ လောက် ရှိလာသူတွေမှာတောင် ၂ဝ% လောက်က မျိုးဥမထွက်တဲ့ လတွေရှိကြတယ်။ အရွယ်ရောက်ချိန်ကနေ သွေးမဆုံး သေးခင်မှာ Dysfunctional uterine bleeding ဆိုတာက အများဆုံး ဖြစ်တယ်။ Hormonal imbalance ဟော်မုန်း အနေမတော် ဖြစ်လို့ အမျိုးသမီး 10% မှာ လာဖြစ်တယ်။ လလယ်ရက်မှာ မျိုးဥ ထွက်မလာလို့ရော၊ ထွက်လို့ပါ၊ သွေးဆင်း ကြသေးတယ်။ ဆေးကုဘို့ မလိုတာ များပါတယ်။ ကိုယ်ဝန်တား-စားဆေး၊ စိတ်ဖိအား များတာတွေကြောင့်လဲ ဖြစ်နိုင်တယ်။

ဆေးကုဘို့ လိုတာထဲမှာ အများဆုံး ဖြစ်နိုင်တာက ကိုယ်ဝန်ပျက်တာပါ။ မေးတဲ့သူက ပြောဘို့လိုသေးတယ်။ သွေးသွန်တာ မဖြစ်ခင် အရင်တခါ ရာသီလာတာနဲ့ ဘယ်လောက် ရက်ကွာသလဲ။ ဆင်းတာ ဘယ်နှစ်ရက်ကြာမှ သားအိမ်ခြစ်ရသလဲ။ ဆရာဝန်ကို ဘာလို့လဲဆိုတာ မေးလို့ရမှာပါ။ ကိုယ့်ရောဂါကို သိထားတာရမယ်။ ရောဂါ-မှတ်တမ်းတွေ သိမ်းထားတာ ကောင်းတယ်။

ကိုယ်ဝန်ပျက်ရင် ပုံမှန်ရက်ထက် နောက်ကျမှ သွေးဆင်းမယ်။ မသေခြာရင် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။ နောက်ကျရက် ကြာလေလေ သွေးဆင်း ပမဏများလေ၊ ရက်ကြာလေ။ သွေးသွန်တာနဲ့အတူ ဗိုက်နာနိုင်တယ်။ ရာသီ လာရင် ခါတိုင်း နာတတ်သူ မဟုတ်လဲ နာနိုင်တယ်။ သားအိမ်က အထဲမှာ ရှိနေတာတွေကို ညှစ်ထုတ်နေလို့ နာတာ ဖြစ်တယ်။ ဆင်းတာထဲမှာ သွေးတင်မက တခြားဟာတွေ ပါနိုင်တယ်။ အတုံး-အခဲ-အဖတ် စတာမျိုး။

ကိုယ်ဝန်ပျက်တာ မဟုတ်ဘဲ သားအိမ်ခြစ်ရတယ်ဆိုတာ ရှားတယ်။ ရှိတော့ ရှိပါတယ်။ စပျစ်သီး-ကိုယ်ဝန်ဆိုရင် ၂ ခါ ခြစ်ရမယ်။ ကိုယ်ဝန်ပျက်တိုင်းလဲ သားအိမ်မခြစ်ရပါ။ ဥပမာ ကိုယ်ပူနေမယ်၊ အဖြူစတာပါ ရောဆင်းနေမယ်၊ ဗိုက် အတော် နာနေမယ် ဆိုသူတွေက ပိုးဝင်နေလို့ သားအိမ် မခြစ်သေးဘဲ ဆေးအရင်ပေးရတယ်။ ပျက်တဲ့ ကိုယ်ဝန်က အလိုလို အကုန် ဆင်းသွားရင်လဲ သားအိမ်ခြစ်ဘို့ မလိုပါ။

(ဗဂျိုင်းနား) က သွေးဆင်းတာဟာ ပုံမှန်ဟုတ်-မဟုတ် မေးခွန်း ၃ ခုသိရမယ်။
1. ကိုယ်ဝန်လား၊
2. သွေးဆင်းတဲ့ပုံစံက ဘယ်လိုလဲ၊
3. လလယ်ရက် မျိုးဥထွက်သလား၊

လူနာက “ရာသီ မမှန်ဘူး” လို့သာ ပြောမယ်။ မမှန်ဘူး ဆိုတာက လုံးဝ မလာတာ၊ နဲတာ၊ များတာ၊ ရက်နောက်ကျတာ၊ ရက်စောတာ၊ စသဖြင့် အကုန်ကို ရောပြောတာမို့ တိတိကျကျ မေးရတယ်။ အခုဖြစ်နေတာရော၊ နောက်ကြောင်း-သမိုင်း၊ မိသားစု-ရာဇဝင်တွေ မေးပြီးရင် စစ်ဆေးရမယ်။ ဆေးစစ်တာက မွေးလမ်း-မျိုးပွါးနေရာသာမက စစ်ရတယ်။ Thyroid လည်ပင်းကနေ စကြည့်မယ်။ Breast ရင်သား၊ Pelvic area တင်ပါး။ လက်နဲ့ရော ကရိယာထည့်လို့ပါ စမ်းရတယ်။ (အာလ်ထွာ-ဆောင်း)၊ သွေးစစ်၊ အသားစယူ စစ်တာတွေလဲ တချို့မှာ လိုလာတယ်။

လူနာမှတ်တမ်းမှာ Bleeding PV လို့ ရေးပါလိမ့်မယ်။ ဆေးစာတွေက လက်တင်လို သင်ရလို့ ရေးတာပါ။ Bleeding per vaginam ဖြစ်တယ်။ သွေးက သားအိမ်-အတွင်းဆုံးအလွှာ Endometrium ကနေလာတာ များတယ်။ Cervix သားအိမ်ဝ၊ Vagina, ဗဂျိုင်းနား၊ ရှားရှားပါးပါး Fallopian tube သားအိမ်ပြွန်ကနေ လာနိုင်သေးတယ်။

ဒီနေရာတွေ အားလုံးက ကောင်းပေမဲ့ Anticoagulant drugs သွေးမခဲဆေးပးထားသူ၊ မွေးရာပါ von Willebrand disease, hemophilia သွေးယိုရောဂါရှိသူ၊ ထိခိုက်မိထားသူ၊ IUCD ကိုယ်ဝန်တား-ပစ္စည်း ထည့်ထားသူ၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ ရှိသူတွေမှာလဲ ပုံမှန်မဟုတ်ဘဲ မွေးလမ်းကြောင်းကနေ သွေးဆင်းနိုင်တယ်။

ရာသီ မတရား များနေတာကို Menorrhagia, Hypermenorrhea လို့ခေါ်တယ်။ နဲနေရင် Hypomenorrhea ခေါ်တယ်။ ဆေးနာမယ်တွေပါ။ စိုးရိမ်စရာ ရောဂါတွေလို့ မမှတ်ပါနဲ့။ ကုစရာလိုတဲ့ ရာသီကို ခန့်မှန်းရခက်တဲ့ များတာကိုတော့ Metrorrhagia လို့ ခေါ်တယ်။ လူကလဲ ပိန်လာမယ်ဆိုရင် Polycystic ovary syndrome ကို စဉ်းစားရတယ်။ Uterine fibroids ကင်ဆာ-မဟုတ်တဲ့ သားအိမ်အလုံးကလဲ နေရာလိုက်ပြီး သွေးဆင်းများတတ်တယ်။ Cervical cancer ကင်ဆာ ကိုတော့ အသက်မငယ်သူတွေ၊ သွေးဆုံးအရွယ်တွေမှာ သံသယရှိရပါမယ်။

ကိုယ်ဝန်ဆောင်ပေမဲ့လဲ သွေးဆင်းတာနဲ့ တွဲတတ်သေးတယ်။ သန္ဓေက သားအိမ် အတွင်းဆုံးအလွှာမှာ လာတွယ်ကပ်တဲ့ အချိန် သွေးနဲနဲကလေး ဆင်းတယ်၊ ကိုယ်ဝန်ပျက်ခြင်သလို ဖြစ်တာ၊ ကိုယ်ဝန်ပျက်တာ၊ သားအိမ်ထဲမှာ ကလေး သေသွားတာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ စပျစ်သီး-ကိုယ်ဝန်။

သွေးဆုံးပြီးသူတွေ မွေးလမ်းကနေ သွေးဆင်းတာမှာ
• Unopposed estrogen အီစထိုဂျင် ဟော်မုန်းဆေးပေးလို့၊ ၃ဝ%၊
• Atrophic Endometritis, Vaginitis မွေးလမ်း၊ သားအိမ်ရောင်လို့ ၃ဝ%၊
• Endometrial cancer သားအိမ်ကင်ဆာ ၁၅%၊
• Endometrial polyps, Cervical polyps သားအိမ်-သားအိမ်ဝ အညှာပါ-အသားပို ၁ဝ%၊
• Endometrial hyperplasia သားအိမ်ရောဂါ ၅% နဲ့
• တခြားအကြောင်းတွေ ၁ဝ% ရှိတာ တွေ့ရတယ်။

Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html

ဒေါက်တာတင့်ဆွေ (၁၅-၂-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ -  မွေးလမ်းမှ သွေးသွန်ခြင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top