မှောင်ရိပ်ကျနေတဲ့ ကြမ်းခင်းပေါ်မှာ သူမဟာ ပက်လက်လှဲလှောင်းရင်း
လျော့ကျနေတဲ့ ခြင်ထောင် အပြင်ဘက်ကို ခေါင်းထုတ်ထားပါတယ်။
“အဖေလဲမရှိတော့ဘူး၊ အမေလဲမရှိတော့ဘူး၊ အကိုနဲ့ မောင်လေးလည်း
မရှိတော့ဘူး။ နောက်ဆုံး ကျန်တဲ့ မောင်လေးက စစ်တပ်ထဲမှာရောက်နေတယ်။ ဘယ်ရောက်လို့
ရောက်နေ မှန်း မသိတော့ဘူး။ မသေခင်တော့ မောင်လေးနဲ့ ပြန်တွေ့ချင် သေးတယ်” လို့ ပါးစပ်အသာ ဟကာ အသက်ကို ရှူရင်း မဇာခြည်လင်းက
လေသံတိုးတိုးလေးနဲ့ ပြောပြ နေခဲ့သည်။
သူမ.. ဒီအေအိုင်ဒီအက်စ် ရောဂါဆိုးကို ခံစားရတာ မကြာသေးပေမဲ့
လမ်းပေါ်ပျော်တဲ့ ဘ၀ကို ရောက်ခဲ့ရတာတော့ သူမအသက် ၁၈ နှစ်လောက် ကတည်းကလို့ မျက်လုံးကို
မှေးရင်း ပြောပြ နေခဲ့သည်။
အသားရောင်ခပ်မွဲမွဲနှင့် ရောဂါကြောင့် ပိန်လှီနေတဲ့
သူမရဲ့လက်ချောင်းများကို ရင်ဘတ်ပေါ်က စောင်အပေါ်မှာ လှပ်တင်ထားရင်း ဇာတိဖြစ်သည့်
တိုက်ကြီးမြို့မှာ ဆွေမျိုးမောင်နှမတွေ ရှိသေးသော်လည်း ရောဂါကြောင့် ပြန်ဖို့
မလွယ်သေးဘူးလို့ ပြောပြသည်။
ရန်ကုန်မြို့စွန်မှာ တည်ရှိတဲ့ အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေကို ပြုစု
စောင့်ရှောက်ထားတဲ့ ဂေဟာတခုမှာ သူ့ဘ၀ရဲ့ ဝေဒနာနေ့ရက်တွေကို ဖြတ်သန်းနေရတာပါ။
၂၀၀၈ ခုနှစ် စာရင်းများ အရ ကမ္ဘာပေါ်တွင် အိတ်စ်ရောဂါနှင့်
နေထိုင်နေရသူပေါင်း ၃၃.၄ သန်း ရှိပြီး တစ်နှစ်မှာ အိတ်စ်ရောဂါကြောင့်
သေဆုံးသူဦးရေဟာ ၂.၇ သန်း နီးပါး ရှိခဲ့တယ်လို့ UNAIDS မှ စီမံချက် အရာရှိတစ်ဦးက
ပြောသည်။
“အများစုက အခုလို sex worker လို့ ခေါ်တဲ့ ပြည့်တန်ဆာ မိန်းကလေးတွေမှာ
ဖြစ်တတ်ပေမဲ့ အကာအကွယ် သုံးနိုင်ရင်၊ သုံးဖို့လည်း ကိုယ့်ဘက်က ကိုယ့်ပါတနာကို
တိုက်တွန်းရပါမယ်။ ကူးစက်ဖို့ အန္တရာယ် အများဆုံး ဆိုပေမဲ့ ဒီအလုပ်ကို မလုပ်နဲ့လို့
မတားနိုင်တဲ့ အခြေအနေမှာ ကျွန်မတို့ အနေနဲ့ အတတ်နိုင်ဆုံး အကာကွယ်သုံးဖို့
တိုက်တွန်းရတာပါပဲ” လို့ အိတ်ချအိုင်ဗွီ နဲ့ပတ်သတ်ပြီး အတွေ့အကြုံ လုပ်သက်များတဲ့
ပြည်တွင်း အန်ဂျီအိုမှ ၀န်ထမ်းတစ်ဦးက ပြောပြသည်။
အခုတလော ခေတ်စားလာတဲ့ လူကုန်ကူး ခံရသူတွေထဲ မဇာခြည်လင်းလည်း
ပါဝင်ခဲ့ပါတယ်။
သူမက “ သူငယ်ချင်းက အလုပ်သွားမယ်ဆိုပြီး ခေါ်သွားတာ၊ ပထမဘယ်ကို သွားမှာလည်း
မေးတော့ ခဏပဲ နင်လည်း ပြန်လို့ရတယ်၊ ငါလည်း ပြန်လို့ရတယ် ပြောတယ်။ နောက်ဒီလိုနဲ့ပဲ
တဆင့်ဆင့်နဲ့ တရုတ်ပြည် ရောက်သွားတယ်။ ကိုယ်ကလည်း တရုတ်စကား နားမလည်ဘူး။ နောက် တရုတ်တယောက်နဲ့
အိမ်ထောင်ကျတော့ ကလေးတယောက်ရတယ်။ ဒီကတည်းက ရောဂါရှိနေတာ သိပေမဲ့ ကျမယောက်ျားက
လုံးဝမသိဘူး။ ကလေးကို သူနဲ့ထားပြီး မြန်မာပြည် ပြန်လာတာ မကြာသေးဘူး။” လို့ သူမ လူကုန်အကူးခံရင်း
တရုတ်ပြည် ရောက်ခဲ့ပုံကို ပြောပြ သည်။ တရုတ်ပြည်မှာ ကျန်ခဲ့တဲ့ သူမရဲ့ သားကလေးကို
တခါတရံ သတိရပေမဲ့ ပြန်သွားဖို့ တော့ မလွယ်တော့ဘူးလို့ ပြောပြပါသည်။
လူဦးရေ ထူထပ်ပြီး တစ်အိမ်ထောင်လျှင် သားသမီး တစ်ဦးသာ ယူခွင့်ရပြီး
သားယောက်ျား လေးကိုသာ ဦးစားပေးတတ်သည့် တရုတ်ပြည်မှ ဓလေ့စရိုက်ကြောင့်
အိမ်နီးချင်း မြန်မာနိုင်ငံ လို နိုင်ငံမျိုးတွင် သတို့သမီး ရောင်းစားသည့်
လူကုန်ကူးမှု ပြဿနာများကို ရင်ဆိုင်လာရခြင်း ဖြစ်သည်။
“ကျမဒီက သွားတော့ ရွှေလီဝင်တယ်။ နောက်တဆင့်ပြီး တဆင့် ကားစီးရတယ်။
နောက် သူတို့ အဆက်အသွယ် တည်းခိုခန်းမှာ နေတယ်။ တရုတ်နဲ့ရပြီး သုံးနှစ်လောက် တရုတ်နဲ့
နေရတယ်။ ကျမလည်း နောက်တော့ ကိုယ့်နိုင်ငံ မဟုတ်တော့ မပျော်ဘူး။ အဲဒါနဲ့ ကျမ ယောက်ျား
တရုတ်ကို ပြောတယ်။ ငါပြန်ချင်တယ် ငါ့မောင်လေး လက်ထဲမှာပဲ ငါသေချင် တယ်လို့
ပြောပြခဲ့တယ်။ သူကကောင်းကောင်းမွန်မွန် ထားပါတယ်။ ဒါပေမဲ့ ဇွတ်ထွက်ခဲ့ တယ်။” လို့ သူမက
ပြောပြ နေသည်။
စီးပွားရေး ကြပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးခြင်း၊ လူကုန်ကူးမှု၊
မိန်းကလေးများရဲ့ ကိုယ်ခန္ဒာ ရောင်းချခြင်း ဆိုတဲ့ အညိုရောင် စီးပွားရေး၊ အိတ်ခ်ျအိုင်ဗီ ကူးစက်မှုတို့ဟာ
တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေပြီး ဘယ်အစကို ဖြတ်တောက်ရမယ် ဆိုတာ ရှင်းလင်းလွယ်ကူတဲ့
ပြဿနာ တစ်ရပ် မဟုတ်တာတော့ အမှန်ပါ။
ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ဦးရေမှာ
ခန့်မှန်းခြေ အားဖြင့် နှစ်သိန်း သုံးသောင်းကျော် ရှိကြောင်း သိရသည်။
ထိုကောက်ယူချက် အရပင် ပြည့်တန်ဆာ အမျိုးသမီးများမှ တဆင့်
အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်း သည် ၁၁ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
ခုခံအားကျဆင်းမှု ရောဂါ အိပ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ
စာရင်းတွင် အသက် ၁၅ နှစ် အထက် အမျိုးသား ၁ သိန်းခွဲကျော် ၊ အသက် ၁၅ နှစ်အထက်
အမျိုးသမီး ၈ သောင်းကျော်နှင့် မိခင်မှ
တဆင့် ကူးစက်ခံရသူ ကလေးငယ် ၄၆၀၀ ဦး စုစုပေါင်း ၂ သိန်း ၃ သောင်းကျော် ရှိကြောင်း
သိရသည်။
ဇာခြည်လင်းရဲ့ ဘ၀ကတော့ စီးပွားရေး မိဘလက်ထက်က ရွှေဆိုင်ထောင်ခဲ့သည် အထိ
ပစ္စည်းဥစ္စာ ကြွယ်ဝခဲ့ပေမဲ့လည်း အသုံးအဖြုံးကြီးမှု၊ ပညာမတတ်ခြင်း တို့ကြောင့်
သူမတို့ မိသားစုလေး ပြိုကွဲခဲ့ရပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာခဲ့ရတာ ဖြစ်ကြောင်း
ပြောပြခဲ့သည်။ မြန်မာ နိုင်ငံ၏ ဆင်းရဲမှုပြဿနာကြောင့် အရွယ်ကောင်းသော မိန်းကလေးများစွာ
အနှိပ်ခန်းများတွင် ၀င်ငွေရှာရင်း ရောဂါပါ အဆစ်ရခဲ့သည်။
“ကျွန်တော်တို့ သိရသလောက်က ဒီအနှိပ်ခန်း ပိုင်ရှင်တွေ ကိုယ်တိုင်က
မိန်းကလေးတွေ အပေါ် နိုင့်ထက် စီးနင်း လုပ်နေတာတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့
ဈေးကောင်းရ နေတုန်း ဂရုစိုက်ပြီးတော့ ဈေးမရလို့ ကျသွားရင် ဒီအတိုင်း
ပစ်ထားလိုက်တာပဲ။ ဒါတွေက မလုပ်သင့်ဘူး။ အနှိပ်ခန်းပိုင်တယ် ဆိုတာလည်း များသောအားဖြင့်
အာဏာပိုင်တွေ၊ သူတို့နဲ့ အကျိုးတူ လုပ်ကိုင်သူတွေပဲ ပိုင်ကြတာလေ” ဟု ပြည်တွင်း
အန်ဂျီအို ၀န်ထမ်းတဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရမှုနှုန်း အများဆုံးနှစ်မှာ ၂၀၀၀
ပြည့်နှစ်တွင် ၀.၉၄ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ၀.၆၇ ရာခိုင်နှုန်း
ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ၀.၆၁ရာခိုင်နှုန်း ဖြစ်သဖြင့် ရောဂါဖြစ်ပွားမှုနှုန်း
လျော့ကျသွားကြောင်း သိရသည်။
အသက်သုံးဆယ်ပင် မပြည့်သေးတဲ့ သူမလိုရောဂါရနေတဲ့ အမျိုးသမီးလေးများ အဖို့
အလုပ် ရှင်များ၏ စွန့်ပစ်မှု ခံရပြီးတဲ့နောက် နောက်ဆုံး နေ၀င်ချိန်ကို ဘ၀တူ
အဖော်များ လက်ထဲမှာ ပင် ကျော်ဖြတ်ရတော့မည်ဟု သူမက ဆိုသည်။
“ပထမ ညီမမှာ ရောဂါ ရှိမှန်း မသိခင်ကတော့ ဟေးလားဝါးလားပဲ နေခဲ့တယ်။
နောက်ကျလာ တော့ ဒီလိုမနေသင့်တော့ဘူး။ ပိုက်ဆံရရုံနဲ့ မလုပ်တော့ဘူးလို့
ညီမတွေးမိတယ်၊ ဒါပေမဲ့ သွားပြီ ငါသေတော့မှာပဲလို့ တခါတလေ စိတ်ထဲသိလာတယ်။ လောလောဆယ်
တီဘီဆေး သောက်နေရတယ်။ ဘုရားတရားကိုတော့ ရောဂါဖြစ်နေတုန်း စိတ်နဲ့ပဲ မှတ်တယ်.. ဒါကြောင့်
စိတ်ဓါတ်လည်း မကျတော့ဘူး။ နေကောင်းရင်
မောင်လေးနဲ့ တွေ့ဖိုပဲ ရည်မှန်းထားတယ်” လို့ သူမက ပြောပြသည်။
မိုးနှင်းရည်




