17
Sep

ယောက်ျား၏ ဆုံးဖြတ်ချက်ကြောင့် အမျိုးသမီးများ HIV ကူးစက် ခံရနှုန်းမြင့်

အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ကူးစက်ခံရနှုန်းမြင့်မားလာရခြင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု များကြောင့်ဖြစ်သည်ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ အမျိုးသမီး ဥက္ကဌက ဆိုသည်။

''အမျိုးသမီးတွေက သူတို့ရဲ့အိမ်ထောင်ဖက် ဒါမှမဟုတ် လိင်ဆက်ဆံဖေါ်တွေနဲ့ ဆက်ဆံတဲ့အခါ အဲ့ဒီလူမှာ ရောဂါရှိမှန်းသိရက်နဲ့လည်း အကာအကွယ်မဲ့ ဆက်ဆံခံနေရတယ်၊ ဒါကြောင့် မလိုလား အပ်တဲ့ ရောဂါ ကူးစက်မှုတွေ ပိုပြီးများလာတယ်''ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးရေးတိုးတက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်ဆူဇန်နာလှလှစိုးက ပြောသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်ပျံ့ပွားမှု များပြားလာသော်လည်း အမျိုးသမီး လိင်လုပ်သား များနှင့် အိမ်ထောင်ရှင် အမျိုးသမီးများမှာ မိမိတို့၏ လိင်ဆက်ဆံဖေါ်များနှင့် ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုမှု နည်းပါးနေဆဲပင်ဖြစ်သည်။

''များသောအားဖြင့် အမျိုးသမီးတွေက ရောဂါကာကွယ်ရေး အသိပညာကို မသိကြတာများတယ်၊ သိတဲ့သူကလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ဘူး၊ ယောက်ျားရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ပြုလုပ်နေကြတာ၊ ဒါကြောင့် သိသိ ကြီးနဲ့ ကူးစက်ခံနေရတာ'' ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောသည်။

HIV/AIDS ကူးစက်ပျံ့ပွားမှု အများဆုံးမှာ ကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားနေပြီး ထိုကဲ့ သို့ဖြစ်ပွား နေရခြင်းမှာလဲ ၄င်းဒေသများတွင် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးမှု နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ ကူးစက်ပျံ့ပွားမှု အများဆုံးဖြစ်ပွားနေသော နိုင်ငံများဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ကျေးလက်ဒေသများနှင့် ဖွံ့ဖြိုးမှုနိမ့်ပါးသော အရပ်ဒေသများတွင် ကူးစက်ပျံ့ပွားမှု ကာကွယ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ထိရောက်စွာပြုလုပ်ပေးနိုင် လျှင် ရောဂါပျံ့ပွားမှု လျှော့နည်း သွားနိုင်မည်ဟု HIV/AIDS နှင့်ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင်များက သုံးသပ်သည်။

HIV  ပိုးကူးစက်ခံရသူများသည် အချိန်မှီဆေးကုသမှု ခံယူသင့်ကြောင်းနှင့် ကြောက်စရာ ရှက်စရာမလိုပဲ ဆေးသောက်သုံးလျှင် လူ့သက်တမ်းစေ့ နေနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ လုပ်ကိုင်နေသူများထံက သိရှိရသည်။

ပိုးကူးစက်ခံရသူများသည် ART  ဆေးဝါးများကို အမြန်ဆုံးသောက်သုံးရန် လိုအပ်ကြောင်းနှင့် အဆိုပါ ART ဆေးဝါးရရှိရန် အတွက်လည်း ဆေးပေးနိုင်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နည်းလမ်း တကျ သောက်သုံးနိုင်မှသာ ကာကွယ် တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါ ART  ဆေးဝါးများသောက်သုံးရာတွင်လည်း အမျိုးအစား ပေါင်းစုံရှိသည့်အတွက် ဆေးဝါးတိုင်းမှာ ပိုးရှိသူတိုင်းနှင့် မတည့်သဖြင့် မိမိနှင့် သင့်တော်သောဆေးဝါးများကိုသာ ပညာရှင်တို့၏ လမ်းညွှန်မှုဖြင့် စမ်းသပ်သောက်သုံးသင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပိုးကူးစက်ခံရနှုန်း ကျဆင်းနေသည်ဟု ဆိုနိုင်သော်လည်း အမျိုးသမီးလိင် လုပ်သားများ၊ ယောက်ျားချင်း လိင်ဆက်ဆံသည့်သူများ၊ မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများ အကြားတွင် ယနေ့ထိတိုင် ကူးစက်နှုန်းမြင့်မားလျက် ရှိနေဆဲဖြစ်ကြောင်း ကျမ်းမာရေးအဖွဲ့များ၏ သတင်း ထုတ်ပြန်ချက် များအရ သိရှိရသည်။

နေဖြိုးမြင့် ရှမ်း/မြောက်

မြစ်မခ - ယောက်ျား၏ ဆုံးဖြတ်ချက်ကြောင့် အမျိုးသမီးများ HIV ကူးစက် ခံရနှုန်းမြင့် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top