31
May

ယောက်ျား ပျော်တော်ဆက်လုပ်ငန်း



ဇင်းမယ်မြို့၏ ပျားပန်းခတ်မျှ
စည်းကားလှသော ညဈေး (
Night Bazzar) အနီးရှိ ကျဉ်းမြောင်း ရှည်မျော၍ နီယွန်မီးရောင်
ခပ်ဖျော့ဖျော့ ထွန်းညှိထားသည့် အဖော်အချွတ်ဘားဆိုင်တန်းတခု၏ အလယ်၊ ညနေခင်း
ပျော်ပါးစားသောက်ရာ နေရာ တခုတွင် ဖြစ်သည်။ နိုင်ငံခြားသားတစုကို
စိတ်ဝင်တစားရှိလှပုံဖြင့် အာရှယောက်ျားပျိုတသိုက်က ၀ိုင်းဖွဲ့ထိုင်နေကြသည်။
အချို့နိုင်ငံခြားသားများကို ထိုယောက်ျားပျိုများက  နှိပ်နယ်ပေး၍ပင် နေသေးသည်။ ကျန်သူများက
၎င်းလူငယ်များနှင့် တရင်းတနှီးစကားဝိုင်းဖွဲ့ ရယ်မောနေကြသည်။

 

နှစ်လိုဖွယ်အပြုံးပိုင်ရှင်
အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသား
တွန်က ယခုဆိုင်ကို ဖွင့်ထားခဲ့သည်မှာ တနှစ်ကျော်ပြီ ဖြစ်သည်။
သူကိုယ်တိုင်က ဆန့်ကျင်ဖက်လိင်ကို နှစ်သက်သူဖြစ်သော်လည်း
ဘားဆိုင်ရှိ ယောက်ျားပျိုကောင်လေးများနှင့် လိင်ဆက်ဆံဖက် အဖော်ရှာနေသူ ဖောက်သည်ယောက်ျားသားများအတွက်
သီးသန့်နေရာတခုအဖြစ် ဤဘားခန်းကို သူ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

တွန်၏ အဆိုအရ ၉၅
ရာခိုင်နှုန်းသော ယောက်ျားပြည့်တန်ဆာများသည် ဆန့်ကျင်ဖက်လိင်ကို နှစ်သက်သော
ယောက်ျား သားများဖြစ်ကြသည်။ သို့သော်လည်း မတတ်သာ၍ စီးပွားရေးအရသာ ယခုအလုပ်ကို
လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။ ဤကိန်းဂဏန်းကို
Mplus ဟုခေါ်သော အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အန်ဂျီအို) တခုကလည်း
အတည်ပြုပေးသည်။ တွန်၏မျက်နှာချင်းဆိုင် ဘားဆိုင်တွင် ဧည့်ကြိုနှင့်
သန့်ရှင်းရေးအလုပ်သမားအဖြစ် လုပ်နေသော
ဂျေးသည်လည်း ဤလိုလူစားမျိုးဖြစ်သည်။ သူက မြန်မာနိုင်ငံမှ ရှမ်းလူမျိုးဖြစ်ပြီး
အသက် ၂၁ နှစ်ဟုပြောလျှင်ပင် သူ၏ကလေးဆန်ဆန် အပြစ်ကင်းစင်သော သွင်ပြင်ကြောင့်
မယုံနိုင်စရာ ဖြစ်ရသည်။ သူက ဖောက်သည်များအကြား မျက်နှာပန်းပွင့်သူ တဦးဖြစ်သည်။
သူနှင့် ခဏတာ စကားစမြီပြောကြည့်ရုံမျှနှင့်ပင် ဘာကြောင့်
သူ့ကိုလူကြိုက်များရသည်ကို လွယ်လွယ်နှင့်သိနိုင်သည်။ ရုပ်ဖြောင့်၍ သူ၏
ရင်းနှီးလှိုက်လှဲစွာ ပေါင်းသင်းဆက်ဆံတတ်ပုံက ကျစရာဖြစ်သည်။

 

သို့သော် ဂျေးက လွန်ခဲ့သော
တနှစ်မှစ၍ ဖောက်သည်များနှင့် အပြင်မလိုက်တော့။ လွန်ခဲ့သော ၁၀ လခန့်မှ စ၍
စုံမက်မြတ်နိုးရသော မိန်းကလေးတဦးနှင့် ရည်းစားဖြစ်ပြီးကတည်းက ဖြစ်သည်။
လွန်ခဲ့တဲ့ ၂ နှစ် လောက်က ရှမ်းပြည်နယ် ကနေ ကျနော်
ဇင်းမယ်ကို အလုပ်ရှာဖို့ လာခဲ့တယ်။ ကျနော် ဖောက်သည်တွေနဲ့ သွားဖူးပါတယ်၊
မတတ်နိုင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျနော် ပိုက်ဆံလိုတယ်၊ ဒါပေမယ့် ကျနော်
ကပ်ပတိန်အလုပ်ရတော့ ဒီအလုပ်မလုပ်တော့ဘူး။ နားလိုက် တယ်။ အဲဒီအလုပ်က
မကောင်းဘူးလေ။ ကျနော်လည်း မကြိုက်ဘူး။ ဒီမှာ အလုပ် လုပ်နေတဲ့ ကောင်လေးတွေအားလုံး
လည်း အတူတူပဲ။ သူတို့ လုပ်သာလုပ်နေရတာ မကြိုက်ကြဘူး။ ဒါပေမယ့် သူတို့လည်း
ပိုက်ဆံလိုနေကြတယ်လေ
ဟု ဂျေးက
ပြောပြသည်။

 

ဂျေး၏ အလုပ်က
ဆိုင်သို့လာရောက်စားသုံးသူများကို ကြိုဆိုဧည့်ခံရသည်။ ဧည့်သည်များ စိတ်လွတ်လက်လွတ်
ပျော်ရွင် နိုင်စေရန် စီစဉ်ပေးရသည်။ ပြည့်တန်ဆာခေါင်းတဦးကဲ့သို့ ဖောက်သည်များနှင့်
ယောက်ျားပျို ပျော်တော်ဆက်များအကြား ဈေးညှိပေးရသည်။

 

မြန်မာနိုင်ငံ
ရှမ်းပြည်နယ်မှနေ၍ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူက တစတစများလာနေသည်။
၎င်းတို့အထဲတွင် ဇင်းမယ်၌ ယောက်ျားပြည့်တန်ဆာအဖြစ် လာရောက်လုပ်ကိုင်နေသူ
အရေအတွက်သည်လည်း တိုးလာနေလျက်ရှိသည်။ ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံ
မြောက်ပိုင်း နယ်နိမိတ် ထိစပ်နေမှုကြောင့်၊ ရှမ်းလူမျိုး
ရွှေ့ပြောင်းအလုပ်သမားများအတွက် ဇင်းမယ်မြို့သို့ လာရောက်၍ အလုပ်ရှာရန်လွယ်သည်။ 

 

ရှမ်းလူမျိုးအများစုသည်
လူများအစုလိုက်အပြုံလိုက် အဓမ္မပြောင်းရွှေ့ခံရခြင်းနှင့် အတင်းအကျပ်
အလုပ်ခိုင်းစေခြင်း စသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်
ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာကြချိန်တွင် ဂျေးကဲ့သို့သော အခြားသူများ
သည်လည်း တိုင်းပြည်စီးပွားရေးမတည်ငြိမ်မှုကြောင့် နယ်စပ်ဖြတ်ကျော်၍ ငွေရှာနေကြရသည်။
ထိုင်းနိုင်ငံသည် ဘ၀အတွက်ကြီးပွားတိုးတက်ရာလမ်းသဖွယ် ဖြစ်နေသည်။ ငွေဝင်ကောင်းသည့်
အလုပ်ရှာရန်နှင့် အိမ်တွင်ကျန်ရစ်ခဲ့သော မိသားစုအတွက်
ငွေကြေးပြန်လည်ပို့ပေးနိုင်ရန် အခွင့်အလမ်းများရနိုင်သည့် တံခါးပေါက်တခု
ဖြစ်နေသည်။

 

သို့သော်
ရှမ်းလူမျိုးများနှင့် အခြားသော ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံအတွင်း
ရင်ဆိုင်နေထိုင်ကြရသော အခြေအနေမှာ ခက်ခဲကြမ်းတမ်းလှသည်။ တရားဝင်အလုပ်သမားအဖြစ်
မှတ်ပုံတင်ခွင့် ရှိကြသော်လည်း ၎င်းလက်မှတ် များသည် မှတ်ပုံတင်သောနေရာအတွင်းသာ ခရီးသွားလာခွင့်ရှိပြီး
တနှစ်သာ သက်တမ်း ခွင့်ပြုထားသည်။ အလုပ်သမား လက်မှတ်အတွက် နှစ်စဉ်ပေးသွင်းရငွေမှာ ၃
,၈၀၀ ဘတ်မျှ (မြန်မာငွေ ၁ သိန်း ၃ သောင်းခွဲနှင့် ညီမျှသည်)
ရှိပြီး အများစု အတွက် ဈေးကြီးလွန်းလှသည်။ ဤငွေ ပမာဏသည် ၎င်းတို့၏ တလလုပ်ခ သို့မဟုတ်
ထိုထက်မကသော ၀င်ငွေနှင့်ညီမျှ နေသည်။ မြန်မာရွှေ့ ပြောင်းအလုပ်သမားများက
ထိုင်းနိုင်ငံသား အနည်းအကျဉ်းသာ လုပ်ကိုင်လိုကြသော အလုပ်များကို လုပ်ကြရသည်။
ဤအကျိုးဆက်များအဖြစ် ၎င်းတို့၏ အလုပ်ရှင်များ၏ မတရားပြုမှု၊ အနိုင်ကျင့်မှု များကိုလည်း
ခါးစည်း ခံနေကြရသည်။

 

ထို့အတွက်ကြောင့်
အချို့သောသူများသည် စီးပွားရေးအရ ပိုမို၍ဆွဲဆောင်မှုရှိသော အသက်မွေးဝမ်းကြောင်း
လုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်ကြတော့သည်။ ရှမ်းလူမျိုး
ရွှေ့ပြောင်းအလုပ်သမားများသည် ဇင်းမယ်မြို့ ၏ ကြီးထွားထွန်းကားလာ နေသော
လိင်ဖျော်ဖြေရေးလုပ်ငန်းအတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ ဤလုပ်ငန်းသည်သာ
မြို့ကြီးပြကြီးတွင် ၎င်းတို့၏ စီးပွားရေးနှင့် လူမှုရေးအခက်အခဲများ
ဖြေရှင်းနိုင်ရန်အတွက် ဆွဲဆောင်မှုအရှိဆုံး နည်းလမ်းဖြစ်နေတော့သည်။ ရွှေ့ပြောင်း
အလုပ်သမားတဦး၏ တနေ့တာ ၀င်ငွေသည် ထိုင်းဘတ်ငွေ ၈၀ မှ ၁၈၀ (မြန်မာငွေ ၂၇၀၀ မှ ၆၃၀၀)
အတွင်းရှိနေချိန်တွင် လိင်ဖျော်ဖြေရေး လုပ်ငန်း၏ တညတာဝင်ငွေသည် ဘတ်ငွေ ၁ သောင်းမျှ
(မြန်မာငွေ ၃ သိန်းခွဲကျော်) အထိ ရရှိနိုင်ကြသည်။

 

အောင်သည်လည်း ဇင်းမယ်မြို့တွင် ယောက်ျားပျော်တော်ဆက်တဦးအဖြစ်
လုပ်နေသူ ရှမ်းအမျိုးသားတဦး ဖြစ်သည်။ ခပ်သွယ်လျလျ၊ ကြွက်သားတောင့်တင်းသောခန္ဓာ၊
တရုတ်သွေးနွယ်၍ ဖြစ်လာသည့် ဖြူစင်သော အသားအရည်ကြောင့်
အောင်သည် ဤဒေသအတွင်းတွင် ဈေးအကောင်းဆုံးရနေသူလည်း ဖြစ်သည်။ သူ၏
ပြေပြစ်ချောမောသည့် သွင်ပြင် ကြောင့် ဖောက်သည်တဦးထံမှ ဘတ်ငွေ ၁၀
,၀၀၀ ခန့်အထိပင် ရနိုင်သည်။ ထိုင်းဖောက်သည်အများစုက ဘတ်ငွေ တထောင် ဒါမှမဟုတ် ၂ ထောင်ပဲ
ပေးကြတယ်။ ဖလန်း (အနောက်နိုင်ငံသားများ) တွေက ပိုပေးကြတယ်
ဟု အောင်က ပြောသည်။ တကယ်လို့ ပေးနိုင်တယ်လို့ထင်ရင် ဖလန်းတွေကို ကျနော် ၅
ထောင်ကနေ တသောင်းအထိ တောင်းတယ်။ သူတို့ကလည်း ပေးကြတယ်
သူက ပြောပြသည်။

 

အောင်က ဆန့်ကျင်ဖက်လိင်ကို နှစ်သက်သူတဦး ဖြစ်သည်။ သို့သော်
မြန်မာပြည်တွင်ကျန်နေသော သူ၏ မိသားစုကို ကူညီရန် ၀င်ငွေလိုအပ်နေသည်။
သူ့ခန္ဓာကိုယ်ကို အခြားယောက်ျားများထံ ရောင်းရန်မှတပါး အခြားရွေးချယ်စရာ မရှိ။
ကျနော် ဒီအလုပ်ကို မလုပ်ချင်ဘူး၊ ဒါပေမယ့်
ကျွန်တော်ဘာလုပ်ရမှာလဲ
ဟု သူက
စောဒကတက်သည်။
ကျနော် ဇင်းမယ်ကို
ရောက်ခါစတုန်းက ထိုင်းစကားလည်း တလုံးမှမတတ်ဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ ဘာမှလည်း
မသိဘူး။ မိသားစုအတွက်လည်း အိမ်ကိုပိုက်ဆံပြန်ပို့ရမယ်။ သုံးနှစ်လောက် ကျနော်
ဒီအလုပ်ကို လုပ်လာခဲ့တာ အခုဆိုရင် ဘတ်တသိန်းခွဲလောက် မိဘတွေဆီကို ပို့ပြီးသွားပြီ။
သူတို့လည်း အိမ်အသစ်တလုံး ဆောက်နိုင်ခဲ့တယ်
ဟု အောင်က ပြောပြသည်။

 

ဇင်းမယ်မြို့အတွင်း
ယောက်ျားပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေသူ ရှမ်းလူမျိုးအရေအတွက် အတိအကျကို
ခန့်မှန်းရန် ခက်ခဲလှသည်။ သို့သော် ဘန်ကောက်တွင် ကျင်းပသော ၁၅ ကြိမ်မြောက်
နိုင်ငံတကာ အေအိုင်ဒီအက်စ်ညီလာခံအတွက် ထိုင်းနိုင်ငံ
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကောက်ယူခဲ့ သော ၂၀၀၃
ခုနှစ်လေ့လာမှုတခုအရ ၁၄ နေရာတွင် မှတ်တမ်းယူခဲ့သော ယောက်ျားပြည့်တန်ဆာ ၁၉၈ ဦးတွင်
၄၉ % မှာ ထိုင်းလူမျိုးမဟုတ်သော တိုင်းရင်းသားများ ဖြစ်ကြပြီး ၎င်းတို့ အထဲမှ ၆၄ %
သည် ရှမ်းလူမျိုးများ ဖြစ်ကြသည်။

 

ထိုင်းနိုင်ငံတွင်
ပြည့်တန်ဆာလုပ်ငန်းသည် ဥပဒေအရ တရားမ၀င်သည့်လုပ်ငန်း ဖြစ်နေသောကြောင့်လည်း  လိင်လုပ်ငန်း လုပ်ကိုင်သူများက သိုသိုသိပ်သိပ်
နေလိုကြသည်။ သို့အတွက်ကြောင့် ကိန်းဂဏန်းအတိ အကျရရှိရန်မှာ မဖြစ်နိုင်
သလောက်ရှိသည်။ သို့သော်လည်း လိင်တူချင်းစုံမက်သူ
ဂေးများ အတွက် သီးသန့် ဖွင့်လှစ်ထားသောနေရာများ မြို့တွင်း၌
တိုးပွားလာနေပုံကိုကြည့်၍ အကြမ်းဖျဉ်း သုံးသပ်နိုင်သည်။ နယ်သာလန်နိုင်ငံ၊
အမ်ဆတာဒမ်တက္ကသိုလ် မနုဿဗေဒဌာန၏ လေ့လာမှုတခုအရ ၁၉၉၄ ခုနှစ်၌ လိင်တူ
ချင်းဆက်ဆံသူများအတွက် ဖွင့်လှစ်ထားသော နေရာ

၈ နေရာသာ ဇင်းမယ်မြို့တွင်
ရှိခဲ့သော်လည်း ယခုဆိုလျှင် ၃၅ နေရာခန့် ရှိနေပြီဖြစ်သည်။

 

ဤသို့ လူမြင်သာသည့်
အနေအထားအောက်တွင် ရှိမနေကြခြင်းကြောင့် တိုးတက်များပြားလာနေသော ရွှေ့ပြောင်း
အခြေချလာသူ ယောက်ျားပြည့်တန်ဆာများသည် အန်ဂျီအို များထံမှ
အကူအညီအနည်းအကျဉ်းမျှကိုသာ ရရှိကြသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ
အဖွဲ့အစည်းအချို့က ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသော
လူနည်းစု တိုင်းရင်းသားများအရေးကို ၀ိုင်းဝန်းဖြေရှင်းပေးနေချိန်တွင်
အလွန်နည်းပါးလှသော အန်ဂျီအို အဖွဲ့အစည်းများသည်သာ
ယောက်ျားပြည့်တန်ဆာများနှင့်ပတ်သက်သော ကိစ္စများကို တိုက်ရိုက်ဖြေရှင်းဆောင်ရွက်
ပေးနေကြသည်။

 

ဘန်ကောက်က Swing
အဖွဲ့နဲ့ ဇင်းမယ်မြို့က Mplus
အဖွဲ့များကသာ
လိင်ပျော်တော်ဆက်လုပ်ငန်း လုပ်ကိုင်နေကြသူများနဲ့ တွဲလုပ်နေကြတာရှိတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့က ယောက်ျားပြည့်တန်ဆာတွေ ဖြစ်နေလို့ပဲ။ အဓိကအားဖြင့်တော့
တခြားအကြောင်း မရှိပါဘူး
ဟု မားကပ်စ် ဒရက်စ်နာ (Marcus Dresner) က ပြောပြသည်။ မားကပ်စ် ဒရက်စ်နာသည် ဂျာမန်လူမျိုး
လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်ပြီး မကြာသေးမီကပင် ဇင်းမယ်မြို့အတွင်းရှိ
ယောက်ျားပြည့်တန်ဆာများ လူမှုရေးအရအပယ်ခံရမှု၊ အထောက်အပံ့များရရှိမှုများနှင့်
ပတ်သက်၍ လေ့လာနေခဲ့သူ ဖြစ်သည်။
Mplus အဖွဲ့က  ထိုင်းနိုင်ငံ
မြောက်ပိုင်းရှိ
ယောက်ျားချင်းလိင်တူဆက်ဆံသော
ယောက်ျားများ
သို့မဟုတ် MSM များ အတွက် အခမဲ့ကုသ ပေးသောဆေးခန်းတခုကိုလည်း
ဖွင့်လှစ်ထားပေးသည်။

 

ကျနော်တို့က
ယောက်ျားပြည့်တန်ဆာတွေကို သတင်းအချက်အလက်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့  အထောက်အပံ့တွေ ပေးဖို့ ကြိုးစားနေပါတယ်
ဟု Mplus ၏ စီမံကိန်း မန်နေဂျာ ပဒ် ထပ်ဆိုင် (Pad
Thepsai)
က ပြောပြသည်။ သူတို့ကိုယ် သူတို့ ထူထောင်နိုင်ဖို့အတွက် ကျနော်တို့က
ကူညီပေးချင်ပါတယ်
ဟုလည်း ဆိုသည်။
ထိုအဖွဲ့အစည်းသည် ယောက်ျား ပြည့်တန်ဆာများနှင့် လူငယ်များအား သတင်းအချက် အလက်များ
ဖြန့်ဝေပေးခြင်းနှင့် လိင်မှတဆင့် ကူးစက်တက်သော ရောဂါများ မပြန့်ပွားစေရေးဟူသော
ရည်ရွယ်ချက်ဖြင့် ကွန်ဒုံးအစွပ်များ အခမဲ့ဖြန့်ဝေပေးနေသော အဖွဲ့ဖြစ်သည်။  ကွင်းဆင်းလုပ်ငန်း များကိုလည်း
အတွင်းကျကျတိုးချဲ့စည်းရုံး လုပ်ကိုင်နေသည်။ ထိုင်းနိုင်ငံသည် အာရှတိုက်၏ အခြားသော
နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်
HIV/ AIDS နှင့် အခြားသောလိင်ဆက်ဆံမှုကြောင့် ကူးစက်သောရောဂါများ
ဖြစ်နှုန်း လျော့နည်းနေသော်လည်း ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့်
အမေရိကန် နိုင်ငံ၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ စုပေါင်းပြုလုပ်သော
၂၀၀၅ ခုနှစ် လေ့လာချက်အရ ဇင်းမယ်မြို့ရှိ ယောက်ျားပြည့်တန်ဆာများ၏ ၁၁.၄% တွင်
HIV ရောဂါပိုး စွဲကပ်နေသည်ဟု ခန့်မှန်း ထားကြသည်။

 

“Mplus ရဲ့ဆောင်ရွက်မှုတွေဟာ
တကယ့်ကို တန်ဖိုးရှိလှပါတယ်။ ဒါပေမယ့် လူထုနဲ့ ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းတွေကို
ပိုပြီးတိုးချဲ့လုပ်ဖို့ အထူးလိုအပ်နေပါသေးတယ်။ အထူးသဖြင့်
Mplus
ရဲ့လုပ်ငန်းတွေမှာ ပါဝင်လာဖို့ရာ
ဘာသာစကားအရ အခက်အခဲဖြစ်နေတဲ့ ရှမ်းအမျိုးသားတွေအတွက် ပိုပြီးလုပ်ပေးဖို့ လိုအပ်
နေပါသေးတယ်" ဟု ဒရက်စ်နာက ပြောပြသည်။

 

အထူးသဖြင့်
ထိုင်းနိုင်ငံအတွင်းနှင့် ဤလုပ်ငန်းအတွင်းသို့ အသစ်ဝင်ရောက်လာကာစ ရှမ်းလူမျိုးနှင့်
မြန်မာ လူမျိုး လိင်ရောင်းဝယ်ကြသူများသည် လိင်မှုဆိုင်ရာ ပညာရေးကို မသိနိုင်ကြချေ။
ထို့အပြင် သူတို့၏ ယဉ်ကျေးမှုအရလည်း လိင်ကိစ္စများကို ပွင့်ပွင့်လင်းလင်းပြောရန်
ပိတ်ပင်ထားသေးသည်။ မပြောအပ်ရာဟု မြင်နေကြသည်။ မြန်မာနိုင်ငံ၏ ချို့တဲ့သော
ပညာရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကြောင့်လည်း
သတင်းအချက်အလက်များကို အနည်းအကျဉ်းသာ သိနိုင်ကြသည်။
ရှမ်းလူမျိုးတွေဟာ အခုလိင်ရောင်းဝယ်ကြတဲ့
စီးပွားရေးလုပ်ငန်းအဆင့်မှာ အောက်ဆုံးအလွှာမှာ ရှိနေကြပါတယ်
ဟု ဒရက်စ်နာက ပြောပြသည်။ သူတို့တတွေဟာ အကူအညီအလိုအပ်ဆုံးသူတွေပါ။ ဒါပေမယ့်
သူတို့အတွက် အခွင့်အလမ်းနည်းနည်းပဲ ရှိနေပါတယ်
ဟု သူက ထပ်မံ ဖြည့်စွက်၍ဆို သည်။

 

လူမှုအသိုင်းအ၀န်းရှိ
အဆိုးမြင်အစွဲအလမ်းများကြောင့် လိင်လုပ်ငန်းလုပ်ကိုင်နေကြသူများ တွေ့ကြုံနေရသော
ပြဿနာ များကို ပိုဆိုးစေပါသည်။ အထူးသဖြင့် ယောက်ျားပြည့်တန်ဆာများသည် ထိုင်းနိုင်ငံအတွင်းရှိ
လိင်လုပ်ငန်းလုပ်ကိုင်နေကြ သူများအနက် အထူးချိုးနှိမ်ခံကြရသည်။ သို့သော်လည်း
ထင်ရှားသောအချက်မှာ ဇင်းမယ်မြို့၏ လိင်ရောင်းဝယ်ရေး လုပ်ငန်းသည်
အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးတက်ကျယ်ပြန့် လာနေပါသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ အထောက်အပံ့ပေးသော လူမှုဝန်ဆောင်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာခြင်း မရှိသေးသောကြောင့် လူငယ်များသည် လူမှုရေး၊
စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။
အထူးသဖြင့် ရှမ်းလူငယ်များ၏ ဘ၀မှာလည်း ဤလောက အတွင်း၌ တိုးတက်လာနိုင်ဖွယ်ရာ မရှိ၊
နစ်မြုပ်နေကြရဆဲ ဖြစ်သည်။

 

(ယခုဆောင်းပါးပါ
လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေကြသူများ၏အမည်များကို ပြောင်းလဲထားပါသည်)

ယောက်ျား ပျော်တော်ဆက်လုပ်ငန်း




Comments

  1. Anonymous says:

    mplus ရဲ့ ဆေးခန်းတည်နေရာလိပ်စာကိုဖော်ပြစေလိုပါတယ်ခင်ဗျာ့။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top