EU ဥရောပနိုင်ငံတချို့နဲ့
သြစတြေးလျနိုင်ငံတို့က ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ ထည့်ဝင်ထားပြီး 3D
Fund လို့ လူသိများတဲ့ တီဘီ၊ ငှက်ဖျားနဲ့
HIV/AIDS ရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက်
စီမံကိန်းစတင်ဖို့ MOU ခေါ် နားလည်မှု
စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၂၀၀၆ အောက်တိုဘာ ၁၂ရက်နေ့က) နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လှုပ်ရှားနေတဲ့
NGO, INGO စတဲ့ လူသားချင်းစာနာမှု
အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ လိုက်နာရမဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး နအဖနဲ့ အဲဒီအဖွဲ့တွေအကြား
ဆွေးနွေးမှုတွေမပြီးပြတ်သေးခင် အခုလို 3D Fund စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တာပါ။
ဒါပေမဲ့ ဒီအရေးကိစ္စ နှစ်ခုဟာ သီးခြားစီဖြစ်ပါတယ်လို့
3D Fund စီမံကိန်းမှာ ဦးစီးပါဝင်နေပြီး
အောက်တိုဘာ ၁၂ရက်နေ့က စာချွန်လွှာ လက်မှတ်ရေးထိုးထို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ
မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ချားလ် ပက်ထရီက RFAကို အခုလို ပြောဆိုပါတယ်။
ချားလ် ပက်ထရီ။ ။ ပထမကိစ္စကတော့ 3D
Fund ကို ဦးစီးအကောင်အထည်ဖော်မဲ့ UNOPS
ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးတဲ့ကိစ္စပါ၊ နောက်ကိစ္စတခုကတော့ NGO, INGO အဖွဲ့အစည်းတွေလိုက်နာရမဲ့စည်းမျဉ်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးနေဆဲပါ။ အကူအညီတွေပေးဖို့ လုပ်ငန်းတွေ
အကောင်အထည်ဖော်တဲ့နေရာမှာ ကုလသမဂ္ဂအဖွဲ့တွေ NGO အဖွဲ့တွေအနေနဲ့ ဘယ်လို အခြေအနေမျိုး လိုအပ်သလဲဆိုတာကို ရှင်းပြထားတဲ့
စာကို သြဂုတ်လကုန်က သက်ဆိုင်ရာကို တင်ပြထားပြီး အာဏာပိုင်တွေဘက်က တုံ့ပြန်မှုကို စောင့်နေတာဖြစ်ပါတယ်။
ဒီစည်းမျဉ်းတွေကို နအဖဘက်က ပြီးခဲ့တဲ့
ဖောဖော်ဝါရီလကတည်းက ထုတ်ပြန်ခဲ့တာပါ။ ဒီစည်းမျဉ်းတွေဟာ လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ
အခက်အခဲတွေ ရှိနိုင်တာကြောင့် ဒီအဖွဲ့အစည်းတွေအနေနဲ့ ပြန်လည် တင်ပြဆွေးနွေးနေရတာလို့
တချို့ NGO အသိုင်းအဝိုင်းကပြောဆိုပါတယ်။
ဒီစီမံကိန်းအတွက် ၉လ ကြာလကြာ စီစဉ် ဆောင်ရွက်ခဲ့တာ
ဖြစ်ပြီး NLD ပါတီအပါအဝင်
သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်မှုတွေလည်း ရှိခဲ့ပါတယ်လို့ မစ္စတာ ပက်ထရီက ရှင်းပြခဲ့ပါတယ်။
ရောဂါဆိုးသုံးမျိုး ကာကွယ်တိုက်ဖျက်ရေးစီမံကိန်း
လက်မှတ်ထိုး (RFA)




