မေး။ ။ ရောဂါပိုး ရှိမရှိ ဘယ်လို သိရှိနိုင်ပါမလဲ။
ဖြေ။ ။ ရောဂါပိုး ရှိမရှိ သိနိုင်တဲ့ တစ်ခုသော နည်းလမ်းမှာ ဆရာဝန်နဲ့ ဆွေးနွေးပြီး သွေးအစစ်ခံခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ခြင်းဖြင့် လည်းကောင်း၊ ယောက်ျား အင်္ဂါ (သို့မဟုတ်) မိန်းမ အင်္ဂါကို စစ်ဆေးခြင်းဖြင့် လည်းကောင်း၊ ရောဂါ အသွင်လက္ခဏာကို ကြည့်ရှု့ခြင်းဖြင့် လည်းကောင်း၊ ရောဂါပိုး ရှိမရှိ မသိနိုင်ပါဘူး။ သွေးမစစ်ခင်မှာ သွေးစစ်တာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးအဖွဲ့နဲ့ ဖြစ်စေ၊ ဆရာဝန်နဲ့ ဖြစ်စေ ဆွေးနွေး တိုင်ပင်ရပါမယ်။
မေး။ ။ လူတစ်ယောက်ကို အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ သွေးစစ်ကြည့်လို့ ပိုးမရှိဘူးဆိုရင် စိတ်ချရပြီလား။
ဖြေ။ ။ လုံးဝ စိတ်မချရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ အိတ်ခ်ျအိုင်ဗွီပိုး မရှီပေမယ့် နောက်တစ်နေ့ အပျော်အပါးလိုက်စားရင် ရောဂါပိုး ကူးစက်နိုင်သေးတာကြောင့် ဖြစ်ပါတယ်။ အဲဒီလူရဲ့ အပြုအမူပေါ်မှာ မူတည်နေပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ထဲကို ရောဂါပိုး ဝင်ခါစမှာ သွေးစစ်ရင် ချက်ချင်း မပေါ်ပါဘူး။ ၃ လ လောက် စောင့်ရပါတယ်။ သွေးအဖြေဟာ လွန်ခဲ့တဲ့ ၃ လ မတိုင်ခင်က အခြေအနေကိုပဲ ပြပါတယ်။ ဥပမာ - ဇူလိုင်လ ၁ ရက်နေ့မှာ သွေးအဖြေက ရောဂါပိုး မရှိဘူးလို့ ပြရင် အဓိပ္ပါယ်က မတ်လ ၃၁ ရက်နေ့အထိ ဒီလူမှာ ရောဂါပိုး မရှိဘူးလို့ ဆိုလိုပါတယ်။ ဧပြီ၊ မေ၊ ဇွန်လ တစ်လလမှာ ရောဂါပိုး ရှိတဲ့ သူနဲ့ လိင်ဆက်ဆံခဲ့ရင်၊ ရောဂါပိုး မသန့်စင်ထားတဲ့ ဆေးထိုးအပ်ကို သုံးခဲ့ရင်၊ ရောဂါပိုး ရှိတဲ့ သွေးကို သွင်းမိခဲ့ရင် ဇူလိုင် ၁ ရက်နေ့မှာ သွေးစစ်လို့ မပေါ်နိုင်သေးပါဘူး။
မေး။ ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် သွေးစစ်တဲ့အခါ ဘာဖြစ်လို့ ချက်ချင်း မသိနိုင်တာပါလဲ။
ဖြေ။ ။ အိတ်ခ်ျအိုင်ဗွီပိုး ရပြီးသူတွေရဲ့ သွေးထဲမှာ ဒီပိုးကို တန်ပြန်တိုက်ဖျက်ဖို့ ထုတ်ထားတဲ့ ပစ္စည်းတစ်မျိုး ရှိပါတယ်။ အဲဒါကို “ပဋိပစ္စည်း” လို့ ခေါ်ပါတယ်။ ဒီပဋိပစ္စည်းဟာ ရောဂါပိုးကို ကိုယ်စားပြုတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ သွေးစစ်တယ်ဆိုတာ ဒီပဋိပစ္စည်းကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ အဲဒီ ပဋိပစ္စည်းဟာ ရောဂါပိုး ကိုယ်ခန္ဓာထဲ ရောက်ပြီး သုံးလလောက်ကြာမှ သွေးမှာ ပေါ်ပါတယ်။ ဒါကြောင့် ရောဂါပိုး ဝင်ပြီးပြီးချင်း သွေးစစ်ရင် ရောဂါပိုး ရှိမရှိ မသိနိုင်တာပါ။
မေး။ ။ အမျိုးသားနဲ့ အမျိုးသမီး အိမ်ထောင်မပြုခင် နှစ်ယောက်စလုံး သွေးစစ်သင့်ပါသလား။
ဖြေ။ ။ တစ်ယောက်မှာ ရောဂါပိုး ရှိနေရင် နောက်တစ်ယောက်ကို မကူးအောင် ကြိုတင်ကာကွယ်နိုင်မှာမို့ သွေးစစ်သင့်ပါတယ်။ သွေးစစ်ပြီးတဲ့ အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ရအောင် သွေးမစစ်ခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲပ သော်လည်းကောင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးအဖွဲ့နဲ့ သော်လည်းကောင်း၊ အကြေအလည် တိုင်ပင်ဆွေးနွေးပြီး သွေးအစစ်ခံကြဖို့ အရေးကြီးပါတယ်။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




