22
May

ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည်

မြန်မာနိုင်ငံတွင် HIV/AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၉၁ သန်းကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) က သုံးနှစ် စီမံကိန်းချ ထောက်ပံ့သွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် 3MDG က ထုတ်ပြန်သည်။

စီမံကိန်းအားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး ဆင်းရဲနွမ်းပါးပြီး သွားလာရ ခက်ခဲသော ဒေသများကို ဦးစားပေး ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ 3MDG က ရွေးချယ်ထားသော စီမံချက်မြို့များကို ယခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါကြီး သုံးမျိုးထဲမှ ရွှေ့ပြောင်းလုပ်သားများကို ခြိမ်းခြောက်နေသော ငှက်ဖျားရောဂါအတွက် အသုံးစရိတ် အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၄၂ သန်းကျော် ချထားပြီး HIV/AIDS အတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲမည် ဖြစ်ကြောင်း 3MDG က စုံစမ်းသိရှိရသည်။

ယင်းအပြင် သွားလာရ ခက်ခဲသော ဒေသများတွင် တီဘီရောဂါ စစ်ဆေးမှု ဆောင်ရွက်ရန် ကျန်းမာရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကူညီပံ့ပိုးရန် သဘောတူညီပြီး ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း မြို့နယ် ၇၅ ခုတွင် တီဘီရောဂါ ရွေ့လျားစစ်ဆေးမှု အစီအစဉ်များ ဆောင်ရွက်မည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးယဉ်ပါး ငှက်ဖျားတိုက်ဖျက်ရေးနှင့် ပြင်းထန်သော ငှက်ဖျားရောဂါရှင်များကို ဆေးရုံ၊ ဆေးပေးခန်းများသို့ လွှဲပြောင်း ပို့ဆောင်သော လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ကို မြို့နယ် ၅၄ ခုတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီချက် ရရှိပြီးကြောင်း 3MDG ပြန်ကြားရေး တာဝန်ရှိသူများထံမှ သိရသည်။

HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် မူးယစ်ဆေး သုံးစွဲသူ လေးသောင်းကျော်နှင့် ၎င်းမိသားစုဝင်များကို အသိပညာပေး အစီအစဉ်များ၊ တစ်ခါသုံး ဆေးထိုးအပ်နှင့် ကွန်ဒုံးများ ဖြန့်ဝေရန် စီစဉ်ထားကြောင်း ၎င်းတို့က ဆိုသည်။

3MDG ရန်ပုံငွေ အဖွဲ့ကို ဥရောပသမဂ္ဂနှင့် နိုင်ငံ ခုနစ်နိုင်ငံက ရန်ပုံငွေ ထောက်ပံ့ထားပြီး မြန်မာနိုင်ငံတွင် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်ရေးနှင့် ရောဂါသုံးမျိုး တိုက်ဖျက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ရန်ကုန်၊ မေ ၂၁

The Voice Weekly - ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top