(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကျမနာမည် သက်ထားလွင်ပါ၊ အသက်လား ၃၉ နှစ် ရှိပြီ။
ကျမ ၁၀ နှစ်သမီးအရွယ်မှာ အဖေဆုံးသွားတယ်။ အမေက ဈေးရောင်းကျွေးတယ်။
ကျမတို့မှာ မောင်နှမသုံး ယောက်ရှိတယ်။ အကိုက မြစ်ကြီးနားမှာ၊ သူတို့မိသားစုက ကိုယ့်ထမင်းဆိုင်လေးနဲ့
ကိုယ် တောင် ဖြစ်နေကြပြီ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က
မြစ်ကြီးနားရောက်သွားတယ်။ ၁၀နှစ်မှ တစ်ခါ တွေ့ရသလိုမျိုးပေါ့၊ ဒါတောင် ကျမတို့က သွားလည်လို့။
ညီမက ထမင်းချက်၊ အ၀တ်လျှော်၊ သူ့ယောက်ျားက ဆိုက်ကားနင်းတယ်။
သူတို့က ကလေး ၅ ယောက်၊ အကြီးမက ၂၁ နှစ်၊ သူ့ အောက်က ၁၈ နှစ်၊ အဲဒီ ၁၈ နှစ်မက အိမ်ထောင်ကျသွားပြီ။
သူတို့အောက်က ကောင်လေးက ဆိုင်ကယ်ဝပ်ရှော့မှာ၊ အဲဒီအောက်က ၆ တန်း တယောက်၊ သူငယ်တန်း
တယောက်။
ကျမက အင်း ကျမလဲ
၁၇ နှစ်မှာ ယောက်ျားရတယ်၊ ကျမတို့ မင်္ဂလာဆောင်ပြီး တလလောက်နေတော့ ရှစ်လေးလုံး ဖြစ်တာဘဲ။
ယောက်ျားက တပ်ပြေး၊ အစက မသိဘူး။ သားလေး ၁ နှစ်နဲ့ ၇ လသားမှာ တပ်ပြေးမှုနဲ့ အဖမ်းခံရတယ်၊
ထောင် ၁ နှစ်ကျတယ်။ အရေးအခင်းပီး တလလောက်နေတော့ အမေက နောက်ယောက်ျား ယူရော၊ ပီးတော့
ညီမ လဲ ယောက်ျားရ၊ ကျမတို့ သားအမိသုံးယောက် ရှေ့ဆင့်နောက်ဆင့် အိမ်ထောင်ကျတယ် ပြောရ မှာပေါ့။
အမေက သူ့ယောက်ျားရှိရာ
ရွှေတောလိုက်သွားတယ်။ နောက်ပိုင်း ကျမတို့လဲ ရွှေတောလိုက်သွားကြတယ်။ ကျမ တို့က အင်ဝိုင်းလှည့်ပေါ့၊
ရွှေဖမ်းတာလေ၊ နေတာက ကံတောင်ရွာမှာ၊ ရွှေရောင်းရင်တော့ ကျည်တောက်ပေါက် သွားရောင်းရတယ်၊
အဲဒီမှာ ကျမယောကျာ်းရဲ့သတင်းတွေ
ကြားရပါတယ်။ ရွှေရောင်းရင်း သောက်စား၊ ပျော်ပါး၊ အဲဒီမှာ “ဖိုး ဖဲ ဖာ” အကုန်ရတာကိုး။ အဲဒီတုန်းက ကမ္ဘာကြီးတစ်ခုပေါ့။ နောက်ပိုင်း
ဖက်စပ်တွေဝင်လာတော့ အလုပ်မဖြစ်တော့ဘူး၊ အဲဒီတော့
ပထွေးက သူ့ရွာပြန်တယ်၊ အမေက ကျမကလေးပါ ခေါ်သွားတယ်။ ကလေး ၅ လသားထဲက ရွှေတော ရောက်တာ၊ ရောက်ကတည်းက
အမေထိန်းတာ၊ ယောက်ျားကလဲ အမြဲမူးရူးနေတော့ သူ့မြေး စိတ်မချဘူးဆိုပြီး ခေါ် သွားတယ်။
ကျမတို့က …..ပြန်နေတယ်။
အဘွားအိမ်မှာ၊ ရေလှည်းဆွဲ၊ ပန်းရံလုပ်၊ ဒိုင်မှာ စပါးရွက်။ နောက်တော့ ယောက်ျား ဘက်လိုက်နေတယ်။
သူက ခရစ်ယာန်၊ သူတို့အရပ်က သားသတ်လုပ်ငန်းလုပ်တယ်။ သူက အမဲဝင်းတွင်းသား ကိုင် တယ်၊ နွားရဲ့
ဝမ်းတွင်းဖတ်တွေ ဆေးပြီးပြုတ်ရတာ။ တကောင် ၂၀၀ ရတယ်။ ပြီးတော့ ၀က်ထုတယ်၊ တရက် နှစ်ကောင်
သုံးကောင် သတ်ရတယ်။ ကျမလဲ သူ့အလုပ်တွေ ၀ိုင်းလုပ်တယ်။ နောက်ပိုင်း အဲဒါတွေ မလုပ်ချင်လို့
ကျမငါးရောင်းတယ်၊ ငါးဒိုင်က ငါးပေါက်စတွေ ယူပြီးရောင်းတာ။ သူကတော့ အရက်သောက်လိုက်၊
ဟိုအိမ်ဒီအိမ်က ခိုင်းတာ လုပ်လိုက်။ ကျမတို့လဲ ကွဲလိုက် ပေါင်းလိုက်။ သူက ဆိုးတယ်၊
ဆန်၊ ဆီသာ မရှာတာ၊ ရှိတဲ့ ဆန်၊ ဆီနဲ့ လဲသောက်တယ်။
တကယ်တော့ ကျမတို့မှာ
ကလေးက ၃ ယောက်၊ သားဦးလေးက ရ လနဲ့ ဆုံးတယ်၊ ဒုတိယသမီးလေးက ၅ လမှာ ဆုံးတယ်၊ သူငယ်နာ
ကြံ့ဗဟုံး ရောဂါနဲ့။ အခုဟာက အငယ်ဆုံး၊ သူက ၁၄ နှစ်ရှိပြီ၊ ကျွန်မကျောင်း ခေါ်ထားသေး တယ်။
သုံးတန်းကျတော့ ရွာပြန်သွားတယ်။ ရွာမှာ ဆိတ်အငှား
ကျောင်းတယ်။ ကျောင်းတက် တုန်းက အရပ်ထဲက ပလပ်စတစ်ကောက်တဲ့ကလေးတွေနဲ့ လိုက်လိုက်ကောက်ဘူးတော့
တခါတလေ ……ကို လာပြီး အဲဒီကလေးတွေနဲ့ အကောက်လိုက်ကောက်ရင်း လမ်းဘေးနေချင်လဲ နေတတ်တယ်။
နောက်
ကျမလဲ ငါးမရောင်းဖြစ်ပြန်ဘူး၊ သူ့ဦးလေးရဲ့ မိန်းမရဲ့ အရက်ဖိုမှာ အရက်ကူချက်တယ်၊ တပေါင်း
နှစ်ကျပ်ခွဲ ရတယ်၊ တရက် ၁၀ပေါင်း၊ ၁၅ ပေါင်းလောက်ရတယ်၊ ပဲ့ရေနဲ့ ဦးရေစပ်ချိန်မှာ မြည်းရင်း
အရက်သောက်တတ်လာ တယ်။ အရက်မချက်ဖြစ်တော့လဲ တရက် တဖန်ခွက် ၀ယ်သောက်တယ်၊ တဖန်ခွက် ဆိုတာ
နှစ်ဖန်ခွက် တချိုးလေ။ အလုပ်လား ကန်ဇွန်းရွက်
ခူးရောင်းတယ်၊ နောက်ပိုင်း ကျမလဲ သူ့ဒဏ်ဆက် မခံနိုင်တော့ဘူး၊ ကိုယ်ကဘဲလုပ် ကျွေးနေရတာ၊
အပြတ်ဘဲ ကွဲလိုက်တော့တယ်။
သူနဲ့ကွဲတော့
ညီမအိမ် သွားနေတယ်၊ သူတို့က ကွက်သစ်မှာ၊ ကိုယ့်ဝင်းလေးနဲ့ကိုယ် ဖြစ်နေပြီ။ သူတို့အရပ်က
လူတွေက ပလပ်စတစ်ကောက်ကြတာများတယ်၊ ကျမလဲ တခြားအလုပ် ရှာမနတော့ဘူး၊ အကောက် လိုက်တယ်။
ရွာတွေ လိုက်ကောက်တာ၊ ကော်ဗူး၊ ဓာတ်ဘူးခွံ၊ ရော်ဘာဖိနပ်ပြတ်၊ ရေသန့်ဗူးခွံ၊ သွပ်ပုန်းစုတ်၊
သွပ်ပြားစုတ်၊ ပီနံ အိတ်၊ ဂျပ်ဖာ ပြန်ရောင်းလို့ရတာ အကုန်ကောက်တာဘဲ။ စက်ဘီးငှားခ လေးရာရယ်၊
စားစရိတ်ရယ် နှုတ်လိုက်ရင် တရက် ၃၀၀၀ လောက် ကျန်တယ်။
မြို့ပေါ်တော့
မကောက်ဖြစ်ဖူး၊ ရှက်လို့။
ပိုက်ဆံက မစုဖြစ်ဘူး၊
တူမတွေကို မုံ့ဝယ်ကျွေးတယ်၊ ကွမ်းစားတယ်၊ ဗီဒီယိုကြည့်တယ်၊ အရက်ဖိုးနဲ့ နှစ်လုံး သုံးလုံးဖိုး ကလဲ
ကုန်သေးတယ်။ ထမင်းဖိုးက ညီမကို တရက် ၅၀၀ ပေးရတယ်။
ကိုယ့်ဟာလေးနဲ့ကိုယ်
အဆင်လေးပြေနေတုန်းမှာ ၂၀၀၇ ရောက်တော့ ပြဿနာ စတော့တာဘဲ။ ရေယုန်ပေါက်တယ်၊ မှက်ခရုပေါက်တယ်၊
ဖျားတယ်၊ ကျက်ကျက်တောက်အောင် ဖျားတာ။ ရုပ်ပျိုတိုင်းရင်း ဆေးကုဌာနမှာ သွားကု တယ်၊ ၁၀
ရက်စာ ဆေးပေးတယ်၊ တခါပြ ၂၀၀၀၊ ၂ ခါပြပြီး မသွားတော့ဘူး။
ညီမက သူ့သူငယ်ချင်းနဲ့
သွားတိုင်ပင်တယ်၊ မစိုးတဲ့။ သူက ငါတို့ဆရာတွေနဲ့ တိုင်ပင်ကြည့်ပါလားဆိုတော့ ရွှေခြင်္သေ့
ရောက်သွားရော။ အဲဒီက ကိုကောင်းမြတ်နဲ့ ကိုဖိုးနီတို့က ဆေးရုံကို လိုက်ပို့ သွေးစစ်ပေးတယ်။
အဖြေသိရတော့
ဝမ်းနဲပြီး ငိုလိုက်ရတာ။ ဝါဆေးသောက်ပြီး သေပစ်လိုက်ရမလား စဉ်းစားတယ်၊ ကိုယ့်ကိုယ်ကို
သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာငရဲမှာ ကျခံရမယ်လို့လဲ ကြားဘူးတယ်၊ ပိုးရှိတယ်လို့ သိသွားကြရင်ဘယ်သူမှ
ခေါ် တော့မှာ မဟုတ်တော့ဘူး၊ လူပေါင်းဆန့်တော့မှာ မဟုတ်ဘူး၊ အထင်အမြင်ကလဲ သေးကြတော့မှာဆိုပြီး ဆေးရုံ ထဲမှာ ငိုနေတာ။
အိမ်ရောက်တော့
ညီမက “ညည်း စားပြီးသား ထမင်းလဲ ငါစားနိုင်တယ်၊ ကုလို့ရတယ်” ဆိုပြီး အားပေးတယ်၊ အမေ ကလဲ
ရောက်နေတယ်၊ မကြာပါဘူး။
ညီမက
“အမေ သမီးမထားနိုင်ဘူး၊ ရွာခေါ် သွား” လို့ပြောရော၊
“ရွာခေါ်လို့
ဘယ်ဖြစ်မှာတုံး၊ ဒီလိုမျိုးကြီး ဖြစ်နေမှတော့၊ ကားစောင့်တဲ့ဒဏ်လဲ ခံနိုင်မှာ မဟုတ်ဘူး”
ဆိုပြီး အမေကလဲ မခေါ်ဘူး။
အဲဒီအချိန်မှာ
ရပ်ကွက်လူကြီးက သူနဲ့သိတဲ့ CHBC အဖွဲ့က တယောက်ကို ကျမအကြောင်း ပြောပြတော့ လာကြည့် တယ်။
ညီမနဲ့ညှိပြီး ၀င်းထဲမှာ တဲသတ်သတ်ထိုးပေးတယ်။ အဲဒီတဲကို ပြီးခဲ့တဲ့ လကဘဲ သူတို့ဘဲ ထပ်ပြင်ပေးတယ်၊
၂၃ ရက် နေ့က။ ( ၂၃ ၊ ၇ ၊၂၀၁၀ )
နောက်တော့
ရွှေခြင်္သေ့က ဆရာမရဲ့ဆေးခန်းမှာ ဆေးသွား သွားကုရတယ်၊ အဖျားပျောက်၊ အနာပျောက်သွား တယ်၊
ကိုယ့်တဲ ကိုယ့်အိုး ကိုယ့်ခွက် ကိုယ့်ဇွန်း ကိုယ့်ပုဂံနဲ့ ဖြစ်သွားတယ်။ ဓားနဲ့ ပတ်သက်တာ
ဘာမှ မလုပ်ရဘူး၊ ရေခပ်ရတယ်၊ ထမင်းချက်ရတယ်၊ ဟင်းမချက်ရဘူး၊ ကလေးကူးမှာစိုးလို့ဆိုပြီး
ညီမက သူ့ကလေးကို အထိမ်းမခံ တော့ဘူး၊ ဒီကလေးက ခါတိုင်း ကိုယ် ကုတ်ပေး ပုတ်ပေးမှ အိပ်တာ၊
“နင့်အမေနဲ့ ငါနဲ့ မခေါ်တော့ဘူး၊ မလာနဲ့တော့” လို့ ပြောပြောလွတ်တော့ “ဒေါ်လေးကို မချစ်တော့ဘူး၊ ဒေါ်လေးက အရင်လို မဟုတ်တော့ဘူး”
ဆိုပြီး ငိုပြန်သွား ရှာတယ်။
အနှီးထုတ်ဘ၀ထဲက
ကိုယ်ထိန်းလာခဲ့တာ ဝမ်းနည်းတာပေါ့။
တချို့အိမ်တွေက
သောက်ရေအိုးက သောက်ရင် မကြိုက်ကြဘူး။ အဲဒါကြောင့် အိမ်တွေအလည်သွားရင် ဒီ့ပြင် ရေအိုး တွေကဘဲ
ရှာသောက်လိုက်တယ်။ အိမ်လည်သွားတော့ တချို့က မလာနဲ့၊ တို့ပါကူးလိမ့်မယ်လို့ ပြောကြတယ်။ TV သွားကြည့်ရင် မကြိုက်တဲ့ပုံစံပြတယ်။ မုန့်သွားဝယ်ရင်လဲ ဆိုင်ကမရှိဘူးလို့ ပြောတယ်။
ကျွန်မ ပိုက်ဆံ မကိုင်ရဲလို့ လေ။ အရင်က ဟင်းလေးဘာလေးတောင်းရင်
ပေးနေကြအိမ်တွေကလဲ HIV မှန်းသိတော့ မပေးကြဘူး။ ကျွန်မတို့ အိမ်ဘေးမှာ တောင်းစားတဲ့သူတွေ
ရှိတယ်လေ၊ အရင်က ဘုရားပွဲတို့၊ အလှူတို့က တောင်းပြန်လာရင် ကျွေးတတ် ကြတယ်။ အခု မကျွေးကြတော့ဘူး။
နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းပေါ့။
အရပ်ထဲက
ဒေါ်ကြွယ်ဆိုတဲ့ မိန်းမကြီးအိမ်တအိမ်ပဲ သွားလို့ရတယ်။ သူက ငွေတိုးပေးတယ်။ သူ့အိမ် လာတဲ့သူတွေ ကို
ခုလိုအတူတူစား၊ အတူတူစကားပြောရုံနဲ့ မကူးဘူး၊ ဘာမှမဖြစ်ဘူးလို့ လာသမျှလူကို ပြောလွှတ်တယ်။
သူက ဗဟုသုတရှိတယ်။
HIV ရှိလို့
အရပ်ထဲပေါင်းမယ့်သင်းမယ့်သူတွေ လျော့သွားပေမယ့် CHBC တို့၊ ရွှေခြင်္သေ့တို့ ဟို….ဒိန်းမတ် ကြက်ခြေနီတို့က လူတွေရောက်လာကြတယ်။
အဲဒီ ၃ ဖွဲ့က အာဟာရ အထောက်အပံ့တွေလဲရတော့ အလုပ် မလုပ် နိုင်ပေမယ့် စားရေးသောက်တာ မပူရပြန်ဘူး။
ရသမျှ ညီမလက်ထဲ အကုန်ထည့်ပေးလိုက်တယ်။ ကိုယ်လိုမှ တောင်း သုံးတယ်။ အဖွဲ့တွေက လာရင် ဆိုင်ကယ်တွေနဲ့၊
ဖုန်းတွေကလဲ ပါကြတော့ အရပ်ထဲက အထင်ကြီးပြီး ပြန်ခေါ်လာ ကြတယ်။ အစည်းအဝေးပွဲတွေ တွေ့ဆုံပွဲတွေလဲ
ခဏခဏတက်ရတော့ ဗဟုသုတတွေလဲ ရလာတယ်။ အရပ်ထဲ ပြန် ပြောပြနိုင်တော့ အထင်မသေးတော့တဲ့ အပြင်
အထင်တောင် ပြန်ကြီးခံ နေရတယ်။ အထင်ကြီးခံရလို့ အကြီးအကျယ် ဒုက္ခရောက်တဲ့ အကြောင်း နောက်မှာ
ပြောပြအုံးမယ်။
ဆေးခန်းသွားသွားကုနေရတော့
ဖျားတာနာတာတွေ ပျောက်သွားတယ်။ ဝေးဝေးလံလံတော့ အကောက်မထွက်နိုင် တော့ဘူး။ ရပ်ကွက်ထိပ်မှာ
ကောက်ညှင်းပေါင်းလေး ရောင်းစားချင်တယ်ဆိုတော့ ရွှေခြင်္သေ့က အရင်းအနှီးထုတ် ပေးတယ်။ မကြာဘူး၊
အရင်းပြုတ်သွားတယ်။ IG ဆိုလား ဘာဆိုလား ငွေချေးလို့ ရတယ်ဆိုတော့ ညီမကလဲ သူ့ အဝတ်လျှော် ထမင်းချက်အလုပ်က
သိပ်အဆင်မပြေဘူးဆိုတော့ အိမ်ဆိုင်လေး ဖွင့်ပါလား ငါ ပိုက်ဆံချေးပေး မယ်ဆိုပြီး ရွှေခြင်္သေ့ကနေ
ချေးပေးလိုက်တယ်။ အဲဒါလဲ မကြာပါဘူး၊ အရင်းပြုတ် ပြန်ရော။ အာမခံပေးတဲ့ ဦးတိုးလွင် က
စိုက်ဆပ်ပေးထားတာလို့ ကြားတယ်။
ဆရာမကလဲ
သူ့ဆေးခန်းလာပြရင် မုန့်ဖိုးပေးတတ်တယ်။ ဒီလိုနဲ့ ကောင်းလိုက်ဆိုးလိုက် ဖျားလိုက်နာလိုက်
ဆေးကု လိုက် တောင်းစားလိုက် ကောက်စားလိုက် ပေးစာစားလိုက် ကျွေးစာစားလိုက်နဲ့ နေခဲ့တာ
အင်း သေမလိုလိုဖြစ် လိုက် ပြန်ရှင်လိုက်လို့
ပြောရမှာပေါ့။
တရက်တော့
ရွှေခြင်္သေ့က လာခေါ်တယ်။ ARV ဆေးအလှူရှင်ပေါ်ပြီ၊ သက်ထားလွင် နင့်ကို ထည့်ထားတယ်။ မန္တလေးမှာ
အထူးကုနဲ့သွားပြရမယ်။ ပျော်လိုက်တာ မပြောပါနဲ့တော့၊ ကိုယ့်ကားခတော့ ကိုယ်ခံရမယ်၊ ကိုယ့်ပိုက်ဆံ နဲ့
ကိုယ်စားရမယ်ဆိုတော့ ကျမမှာ ကားခနဲ့ စားဖို့ကမရှိပြန်ဘူး။ ထုံးစံအတိုင်း ဦးတိုးလွင်ကဘဲ
အကုန်ခံပေးပါတယ်။ ကျမရယ် နောက်နှစ်ယောက်ရယ်ပေါ့။
ARV ဆေးအကြောင်းက
ရွှေခြင်္သေ့က တွေ့ဆုံပွဲတွေမှာ ခဏခဏကြားနေရတာ၊ စားတဲ့သူတွေလဲ မြင်ဘူးတယ်။ တယ်စွမ်းတဲ့ဆေးပါပဲ၊
စားပြီး နှစ်လလောက်နေတော့ လမ်းလျှောက်ရတာ မြေကြီးနဲ့ထိတယ်ကို
မထင်ဘူး။
ရွှေခြင်္သေ့ကနေ
PLHA တွေကို စိတ်အပန်းဖြေ ပုဂံဘုရားဖူး ပို့ပေးတယ်။ Volunteers တွေရောပါတယ်။ ပျော်စရာ ကောင်းလိုက်တာ၊
တလမ်းလုံး ဆိုကြ၊ ကကြ၊ ပြောင်ကြနောက်ကြနဲ့၊ ကျမကို အကူအညီပေးနေကြ PLHA အမကြီး တယောက်က
ဓာတ်ပုံတွေ အများကြီးရိုက်ပေးတယ်။ အဲဒီလို ခရီးတွေပါသွားရတော့ ကျမကို အထင်ကြီးပြီး
ခရီးတခု လိုက်ပို့ပေးဖို့ အကူအညီတောင်းတာခံရတယ်။ အဲဒါ အထင်ကြီးလို့ ကျမဒုက္ခရောက်ခဲ့
ရတဲ့ အကြောင်းလေ။
ကျမ မတ်တော်မောင်ရဲ့တူ၊
သူက ကျွန်မတို့အရပ်ထဲက တခုလပ်မလေးကို ယူထားတာ၊ သူ့မိဘတွေက မကွေးက၊ သူ့အမေလာတော့ အပြန်မကွေးလိုက်သွားတယ်၊
၎ ရက်လောက်ကြာမယ်ဆိုပြီး ၁၀ ရက်ထိ ပြန်မလာတော့ သူ့မိန်းမ က ဖုန်းဆက်တယ်။ နင်လိုက်ချင်လိုက်ခဲ့၊
ငါတော့ ပြန်မလာသေးဘူးဆိုတော့ ကျမကို လိုက်ပို့ဖို့ အကူအညီ တောင်း တယ်။
ဒါနဲ့ဘဲ
အဟောင်းကောက်တဲ့ဆိုင်က ငွေ ၁၀၀၀၀ိ/ ထုတ်ပြီး လိုက်သွားကြတယ်။ ကားကွင်းသွားရင်း ဆေးဝင်တောင်း တယ်။
ဆေးတောင်းတော့ ဆေးကိုင်တဲ့သူနဲ့ မတွေ့ဘူး။ ဆေးထုတ်ဖို့ရက်လဲ လိုသေးတယ်၊ အဖွဲ့မှာ တွေ့သူတွေက
အကြောင်းရင်းကိုမေးပြီး ကိုယ့်ကိစ္စလဲ မဟုတ်ဘဲ ခရီးမသွားဖို့ ပြောတယ်။ ကျမကို တားမရတော့
ဆေးလက်ကျန် မေးတယ်၊ လက်ထဲမှာ ၇ ရက်စာကျန်သေးတယ်ဆိုတော့ ရှိတဲ့ဆေးတွေကလဲ ဘယ်သူ့အတွက်မှန်းမသိတော့
တပတ်စာယူသွား၊ ဆေးမကုန်ခင်ပြန်လာခဲ့ဆိုပြီး ပေးလိုက်တယ်။
ကျမခရီးသွားတာက
သင်္ကြန်မတိုင်ခင်၊ သင်္ကြန်မှာ ကားလိုင်းတွေ ၁၀ ရက်ပိတ်တယ်။ သင်္ကြန်ပြီးပြီးချင်းပြန်ရင်တော့
မှီတယ်။ ဒါပေမယ့် ဘုန်းကြီးပျံရှိတယ်၊ မပြန်ပါနဲ့အုန်းဆိုလို့ မပြန်ဖြစ်ဘူး။ နောက်ပြီးတော့
သူတို့က ပြန်စရိတ်လဲ မပေးနိုင်ကြဘူး။ ဆေးကလဲ မဝယ်တတ်ဘူး၊ တကယ်တော့ ဝယ်စရာပိုက်ဆံလဲ
မရှိဘူး၊ အဲဒီက ဝေဒနာရှင်တွေဆီ ရှာဖွေစုံစမ်းတော့ သူတို့မှာလဲ ဆက်ထရင်လောက်ဘဲရှိတာ၊
ဆေးမကုန်ခင်ရက်လောက်က ကျမပေးထားတဲ့ ဖုန်းနံ ပါတ်ကို ရွှေခြင်္သေ့ကလှမ်းဆက်တယ်။ ဒါပေမယ့်
ဆက်သွယ်လို့မရဘူးတဲ့။ ဆိုပါတော့ ကျမဆေး ၁ လလောက် ပြတ်သွားတယ်။ အဲဒီမှာ ကျမအကြီးအကျယ်ဖျားတယ်၊
အာသီးနာတယ်၊ နဂိုအောင့်တဲ့ ရင်ကပြန်အောင့်တယ်၊ အဲဒီတော့မှ သူတို့ဆီမှာဘဲ သေမှာကြောက်လို့လားမသိဘူး၊
ဟိုအိမ်က၁၀၀၀ိ/ ဒီအိမ်က ၁၀၀၀ိ/နဲ့ ငွေ ၅၀၀၀ိ/ ချေးပြီး ကားပေါ်တင် ပေးလိုက်ကြတယ်။
ပြန်ရောက်တော့
ကျမတော်တော်စုတ်ပြတ်နေပြီ။ ဒေါ်ကြွယ်ကဆို ကျမကိုတော်တော်စိတ်ဆိုးတယ်။ မသွားဖို့တားတဲ့ ထဲ
သူလဲပါတာကိုး၊ အဲဒီတုန်းက အရပ်ထဲက ညည်း ဆေးပြတ်လိမ့်မယ်၊ ကိုယ့်ကျန်းမာရေးလေး ကောင်းနေတာ
ငြိမ်ငြိမ်နေဆိုပြီး တားခဲ့ကြတယ်။ ဘယ့်သူမှ လိုက်သွားတာကို မကြိုက်ကြဘူး။ ရွှေခြင်္သေ့က
လူတွေလာတော့ ဆက်ကုမပေးတော့ဖို့တောင် ဝိုင်းပြောကြတယ်။ ရွှေခြင်္သေ့က လူကြီးတွေလဲ စိတ်ပျက်သွားကြမှာ
အမှန်ပါဘဲ၊ ဒါပေမယ့် မန္တလေးက အထူးကုဆရာကြီးနဲ့တိုင်ပင်ပြီး ဆေးဆက်ကုပေးကြ ပါတယ်။ မန္တလေးဆေးရုံကြီးမှာ
ဆေးရဖို့ လဲ ဝင်တိုးထားတယ်။ 2011 မှာ ရမယ်ပြောတာဘဲ၊ အဲဒီကျမှ စက္ကင်းလိုင်း ဆိုလား ဘာဆိုလား
ရချင်ရနိုင်တယ် ပြောတာဘဲ။
သက်ထား …
သက်ထားလွင်
မတ် ၂၅၊ ၂၀၁၁
မိုးမခ - သေမလိုလိုဖြစ်လိုက်




