12
Mar

သွေးဆုံး-သားဆုံး (၂)

မြန်မာတွေက သွေးဆုံး-သားဆုံးလို့ တွဲသုံးတယ်။ သူများတွေကတော့ Menopause and Perimenopause သွေးဆုံးချိန်နဲ့ သွေးဆုံးခါနီးလို့ တွဲရေးတယ်။ Menopause သွေးဆုံးတာဆိုတာ အမျိုးသမီးတယောက်မှာ ရာသက်ပန် Menstruation ရာသီမလာတော့တာဖြစ်တယ်။ ဘဝမှာ တကယ့် အချိုးအကွေ့တခု ဖြစ်တယ်။ ရောဂါရလာတာ မဟုတ်ပါ။

ဒါပေမဲ့ နေကောင်းထိုင်သာရှိမှုမှာတော့ သက်ရောက်မှုကြီး ဖြစ်စေတယ်။ မိန်းမဘဝမှာ ဆုလာဘ်ရသလိုဖြစ်လာတယ်လို့ ယူတတ်ရင် ယူဆနိုင်တယ်။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေးအသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်နှာနီမြန်းတာ၊ ညချွေးထွက်တာ စတဲ့အသစ်ဖြစ်လာတွေ ခံစားရမှာဖြစ်ပေမဲ့ လစဉ်ဆိုတာ ပူစရာမလိုတော့ဘူး။ ရင့်ကျက်-ပြည့်စုံလာပြီ။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေးအသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။

ဘာလို့ဖြစ်လာသလဲ။ အသက်ကြောင့်ပါ။ ကလေးမရနိုင်တော့ဘူး။ မျိုးဥအိမ်ကနေ အပျိုဖြစ်ကတည်းက လုပ်ပေးနေခဲ့၊ ထုတ်ပေးနေခဲ့တာမှန်သမျှ လျှော့ချလိုက်ပြီ။ အသက်ကြောင့် မဟုတ်ဘဲ Bilateral oopharectomy မျိုးဥအိမ် နှစ်ဖက်လုံး ထုတ်ရတာ၊ Chemotherapy ကင်ဆာဆေးပေးတာ၊ Pelvic radiation တင်ပါးဆုံနေရာကို ဓါတ်ကင်တာတွေ ကနေလဲ စောပြီး သွေးဆုံးနိုင်ပါတယ်။ Hysterectomy သားအိမ်ထုတ်ရပေမဲ့ မျိုးဥအိမ်ချန်ထားရင် ဟော်မုန်းတန်ခိုးတွေ ဆက်ရှိနေပါအုံးမယ်။ ရာသီသွေးမလာတော့ဘူး။ ကလေးလဲမရနိုင်တော့ဘူး။

သွေးဆုံးချိန်ဟာ မြန်မာတွေက ၄၅ နှစ်လို့ နုတ်ကျိုးနေတယ်။ National Institute on Aging အဆိုအရ ပျမ်းမျှ ၅၁ နှစ်ဖြစ်တယ်။ ၄ဝ ကတည်းကဆုံးသူနဲ့ ၆ဝ ကျမှဆုံးသူတွေလဲ ရှိပါတယ်။ ဆရာဝန်တွေ ဘယ်လောက်တော်နေနေ အမျိုးသမီးလူနာ ဘယ်တော့ သွေးဆုံးမယ်၊ ဘာတွေ ဖြစ်လာမယ်ဆိုတာ မှန်းလို့ မရပါ။ ၁၂ လတာဆက်တိုက် ရာသီ မလာတာကိုမှ သွေးဆုံးအမျိုးသမီးစာရင်းထဲ ထည့်ပါမယ်။ သွေးဆုံး ဆိုတာ တဖြေးဖြေးဖြစ်လာတယ်။ အဲလို မူမမှန် ဖြစ်လာနေချိန်ကို Perimenopause ခေါ်တယ်။ ဒီအတောအတွင်းလဲ ကလေး ရနိုင်သေးတယ်။

ဖြစ်တာတွေက တယောက်နဲ့တယောက်မတူပါ။ တချို့မှာ ပြောင်းသွား၊ ရပ်သွားမှန်းမသိ ဖြစ်တယ်။ တချို့ကြ ခံလိုက်ရတာလို့ ပြောတယ်။ ရာသီရက် တိုလာတာ၊ တလနဲ့တလ ပိုခြာလာတာ၊ ဆင်းတာက နည်းလာတာ၊ တချို့ ပိုများတာတွေ ဖြစ်နိုင်တယ်။ ဒါတွေဖြစ်တိုင်း ဆေးကုဘို့မလိုပါ။ ဆရာဝန်ပြရင်တော့ ပိုကောင်းပါတယ်။ သဘာဝနည်းနဲ့ မဟုတ်ဘဲ မျိုးဥအိမ်ကို ဆေးပေး၊ ခွဲစိတ်၊ ဓါတ်ကင်နည်းနဲ့ လုပ်လို့ သွေးဆုံးတာမျိုးက ရုတ်တရက်ကြီးခံရတယ်။

Hot Flashes မျက်နှာနီမြန်းတာကို အဖြစ်ကြရဆုံးဘဲ။ ပူနွေးတာ ခံစားရမယ်။ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ကျော၊ ရင်ပတ်တွေမှာ နီရဲရဲဖြစ်မယ်။ ချွေးပိုထွက်မယ်၊ အိပ်ရေးပျက်နိုင်တယ်။ ချမ်းနိုင်တယ်။ မီးယပ် ချမ်းလို့ ပြောကြတာထဲ ဒါလဲ ပါမလားဘဲ။ ၁ဝ-၃ဝ စက္ကန့်ကြာနိုင်တယ်။ အေးတဲ့နေရာ၊ ပန်ကာ၊ သာမန်လေ့ကျင့်ခန်းလုပ်တာ၊ အပူအစပ်လျှော့စားတာ၊ စိတ်ဖိအား လျှော့တာတွေ လုပ်သင့်တယ်။

Sex Problems လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ Water-soluble lubricant သုံးနိုင်ပါတယ်။ Libido လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက (STDs) လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။

ဘယ်လိုအပြောင်းကနေ ပြဿနာရှိရှိ ဆရာဝန်နဲ့ညှိပါ။ ဟော်မုန်းဆေး ပေးမလား၊ မပေးဘူးလား ချိန်ဆမယ်။ Hormone Replacement Therapy ခေါ်တယ်။ နောက်တနည်းက Low-dose birth control pills ဟော်မုန်းနဲနဲသာပါတဲ့ ကိုယ်ဝန်တားဆေးပေးနိုင်တယ်။ Antidepressants စိတ်ကျဆေး၊ Blood pressure drugs သွေးကျဆေး၊ Vaginal estrogen cream မွေးလမ်းထဲထည့်တဲ့ ဟော်မုန်းဆေးတွေလဲ ပေးနိုင် တယ်။ Bioidentical Hormone Therapy ဆေးပေးနည်းလဲ ရှိတယ်။

သွေးဆုံးသူတွေအတွက် စိုးရိမ်စရာတွေက Heart disease နှလုံးရောဂါ နဲ့ Osteoporosis အရိုး မသန်မာမှုတွေ ဖြစ်တယ်။ ကျန်းမာနေဘို့ရာ ဆေးစစ်ပါ။ Blood pressure သွေးဖိအား၊ Cholesterol (ကိုလက်စထော)၊ Blood sugar ဆီးချိုတွေ စစ်ပါ။ ရင်သားကင်ဆာအတွက် Mammograms လုပ်ပါ။ သားအိမ်ကင်ဆာအတွက် Pap test လုပ်ပါ။ အစာအာဟာရ၊ Physical activity ကိုယ်လက်လှုတ်ရှားမှု နဲ့ Stress management စိတ်ဖြေလျှော့နည်းတွေ ဖြည့်ပေးပါ။

ဒေါက်တာတင့်ဆွေ (၈-၃-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - သွေးဆုံး-သားဆုံး (၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top