6
Oct

သွေးထဲသို့ မူးယစ်ဆေးဝါး ထိုးသွင်းသူသုံးဦးတွင် တစ်ဦးကျော်၌ အိတ်ခ်ျအိုင်ဗွီပိုးတွေ့

မြန်မာနိုင်ငံတွင်
သွေးထဲသို့ မူးယစ်ဆေးဝါး ထိုးသွင်းသူ သုံးယောက်တွင် တစ်ယောက်ကျော်
အိတ်ခ်ျအိုင်ဗွီပိုး တွေ့ရကြောင်း UNAIDS မှ
အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

နိုင်ငံအတွင်း မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲသူ ခုနှစ်သောင်းခွဲ ရှိပြီး
ထိုလူဦးရေ၏ ၃၄ ဒသမ ၅ ရာနိုင်နှုန်းတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရကြောင်း
အဆိုပါ UNAIDS မှ အရာရှိက ပြောသည်။ “တဖြေးဖြေး လျော့နည်း လာတယ် ဆိုပေမယ့်
များပြားတဲ့ ပမာဏလို့ ပြောနိုင်ပါသေးတယ်။ အရင်တုန်းက ဆိုရင်တော့ ဆယ်ယောက်မှာ
ရှစ်ယောက်နှုန်းလောက် တောင် တွေ့တာတွေ ရှိခဲ့တယ်” ဟု ထိုအရာရှိက ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သုံးသိန်းမှ လေးသိန်း အထိရှိသည်ဟု
ခန့်မှန်းထားပြီး သွေးထဲသို့ မူးယစ်ဆေးဝါး ထိုးသွင်းသူ ခုနှစ်သောင်းခွဲရှိကြောင်း
Myanmar Positive Group မှ ဦးမျိုးကျော်ဝင်းက ပြောသည်။

သွေးထဲသို့ မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲသူများမှာ ဆေးထိုးအပ် တစ်ချောင်းအား
အတူမျှဝေ သုံးစွဲခြင်းကြောင့် ရောဂါပိုး အဓိကကူးစက်၍ ထိုအမူအကျင့်အား
မပြောင်းလဲနိုင်သေးသရွေ့ ကူးစက်မှုများ ရှိနေနိုင်ကြောင်း UNAIDS တွင်
တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဦးမျိုးလွင်က ပြောသည်။

မူးယစ်ဆေးဝါး ထိုးသွင်း အသုံးပြုနေသည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူမှုများ ရှိ၍
အသုံးပြုသူများမှာ ပုန်းအောင်း လုပ်ကြသဖြင့် အန္တရာယ်ကင်းသည့် အပြုအမူများအား
လိုက်နာမှု အားနည်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါး သုံးစွဲတာ မကောင်းဘူး ဆိုတာကို လက်တွေ့ သုံးနေတဲ့သူတွေက ပိုပြီး
နားလည်ပါတယ်။ သူတို့မှာ ဖြတ်လို့ မရလို့ သုံးနေရတာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ
လုပ်တဲ့အခါ သူတို့ကို အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေ ပြောပြီး ရောဂါကူးစက်မှု
နည်းအောင် ဆောင်ရွက်ကြတာပါ” ဟု ဒေါက်တာဦးမျိုးလွင်က ပြောသည်။ သွေးအတွင်း
မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲသူများ ရောဂါကူးစက်မှု နည်းပါးစေရန် တစ်ခါသုံး
ဆေးထိုးအပ်များ ဝေငှသည့် လုပ်ငန်းများအား အဖွဲ့အစည်းများမှ ဆောင်ရွက်နေကြသော်လည်း
လုံလောက်သော အတိုင်းအတာ အထိ မဆောင်ရွက် နိုင်သေးကြောင်း ဒေါက်တာဦးမျိုးလွင်က
ပြောသည်။

စာရင်းများအရ ယောက်ျားအချင်းချင်း လိင်ဆက်ဆံသူများ (MSM) များတွင် ၂၂ ဒသမ ၃
ရာခိုင်းနှုန်း၊ ပြည့်တန်ဆာ (Sex Worker) များတွင် ၁ ဒသမ ၂ ရာခိုင်နှုန်း
အိတ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရကြောင်း သိရသည်။

ဝတ်ရည်
(၁၆-၉-၂၀၁၀)

7Day
News Journal:
Vol.9, No. 27,
Sept 23, 2010 -
စာ
- ၁၃

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top