7 Day News 24/Sep/2008
ပြီးခဲ့သည့် သြဂုတ်လက သွေးလှူရှင်အဖွဲ့ ၁၂ဖွဲ့မှ လှူဒါန်းသော သွေးပမာဏသည် တစ်နှစ်လုံးတွင် အများဆုံးပမာဏ ဖြစ်သော်လည်း HIV ပိုးတွေ့ရှိမှုမှာ ၂၀၀၂ ခုနှစ်မှစ၍ အနည်းဆုံး တွေ့ရှိရမှုဖြစ်ကြောင်း ဗဟိုအမျိုးသား သွေးလှူဘဏ်မှ သိရသည်။ သြဂုတ် ၂ရက်မှ ၃၀ရက်အထိ သွေးလှူရှင်အဖွဲ့ ၁၂ ဖွဲ့သို့ လာရောက် လှူဒါန်းသူများအား တစ်ဦးချင်းစမ်းသပ်၍ သွေးလှူဒါန်းရန် မသင့်တော်သူများ၊ နားဖောက်၊ ဆေးမှင်၊ကြောင်ထိုးထားသူများကို သွေးလက်ခံခြင်း မရှိသောကြောင့် ယခုကဲ့သို့ တွေ့ရှိမှု ကျဆင်းရခြင်းဖြစ်ကြောင်း ဗဟိုအမျိုးသား သွေးလှူဘဏ် တာဝန်ခံ ဒေါက်တာသီတာအောင်က ပြောသည်။ “HIV ပိုးတွေ့ရှိရမှုကအများအားဖြင့် သွေးလှူရှင်သစ်တွေများတယ်။
ဒီတစ်ခေါက် သွေးလှူ ပွဲတွေမှာလည်း အလှူရှင်သစ်တွေက သွေးလှူရှင်ဟောင်းတွေ အရေအတွက် လောက်ကိုရှိတယ်။ ဒါကြောင့် ရရှိမယ့် သွေးပမာဏကလည်းများတော့ လုံးဝ လွှတ်မပစ်ရက်လောက်အောင်နဲ့လက်ခံမယ့် လူနာတွေဆီကိုလည်း ရောဂါ မကူးစက်နိုင်အောင် သေသေချာချာ ရွေးချယ်ပြီး လက်ခံတာပါ”ဟုဒေါ်သီတာအောင်က ဆက်လက်ပြောသည်။ သွေးအလှူရှင်စုစုပေါင်း ၂၇၈၄ဦး၊ လှူဒါန်းခွင့် ပေါ်ရာတွင် သွေးအလှူရှင်အသစ် ၁၃၇၂ ဦးနှင့် အဟောင်း ၁၆၃၀ ဦးတို့ပါဝင်သည်။ “အရင်တုန်းက အမျိုးသမီးသွေးလှူရှင်တွေက အရမ်းကိုနည်းတယ်။ အမျိုးသမီးအများစုက အချိန်မပေးနိုင်တဲ့ အတွက်ကြောင့် လာရောက်လှူဒါန်းမှုနည်းတာ။ အခုကျတော့ ဒီလို ပြင်ပ သွေးလှူဒါန်း ပွဲတွေက စနေ၊ တနင်္ဂနွေ၊ အားရက်တွေမှာ လုပ်တဲ့အတွက် အမျိုးသမီးသွေးလှူရှင် ရာခိုင်နှုန်းတက်လာတယ်”ဟု ဒေါ်သီတာအောင်ကပြောသည်။
၂၀၀၂ခုနှစ်က အမျိုးသမီးသွေးလှူရှင် ၃ရာခိုင်နှုန်းခန့်သာရှိရာမှ ယခုနှစ်တွင် ၂၈ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။




