သွေးအလှူရှင်များထံမှ သွေးကို ဖောက်ယူပြီးသောအခါ သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးလေးမျိုးကို Window Period ကာလကြောင့် ရောဂါပိုး သန့်စင် ကြောင်း စစ်ဆေးပေးနိုင်မှုမရှိသေးကြောင်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးပါမောက္ခ ဒေါက်တာနေဝင်းက ဇွန်လ တတိယ ပတ်အတွင်း က ပြောကြားခဲ့သည်။ HIV / AIDS ၊ ဘီပိုး၊ စီပိုးနှင့် ကာလသား ရောဂါပိုးများကို စစ်ဆေးသည် ဆိုသည်မှာ သွေးထဲမှ Anti bodyကိုသာ စစ်ဆေး ခြင်းဖြစ်ပြီး ရောဂါပိုး ဝင်ပြီး ပြီးချင်း ယင်း Anti body မှာ ချက်ချင်းတက်လာခြင်း မဟုတ်ကြောင်း၊ ကမ္ဘာနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ထိုရောဂါပိုး လေးမျိုး ကင်းစင်မှု ရှိ မရှိ ရာနှုန်းပြည့် စစ်ဆေး ပေးနိုင်သော (Screening test) ဟူ၍ မရှိသေးကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် သွေးလှူရှင် အများစုဖြစ်သည့် စေတနာသွေးလှူရှင်များတွင် ပုံမှန်မဟုတ်သော သွေးလှူရှင်များသည် ပုံမှန်သွေးလှူရှင်များထက် ကူးစက်ရောဂါ ဖြစ်နှုန်း ပိုများကြောင်း အမျိုးသားသွေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်အရ နိုင်ငံတစ်နိုင်ငံတွင် လူဦးရေ တစ်ရာလျှင် သွေးသန့်သွေးလှူရှင်တစ်ယောက် ပုံမှန် ရှိသင့်ပြီး မြန်မာနိုင်ငံတွင်မူ စေ တနာသွေးလှူရှင် ငါးသိန်းရှိရန် လိုအပ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
ကမ္ဘာပေါ်တွင် စနစ်တကျ စစ် ဆေးပြီးမှ သွေးသွင်းပြီးနောက်တစ်နှစ်လျှင် HIV၊ ဘီပိုးနှင့် စီပိုး ကူး စက်ခံရသူများမှာ လေးသိန်းနီးပါးရှိ ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် တစ်ဦးချင်း သွေးလှူရှင်များသာမက အစုအဖွဲ့ဖြင့် လှူဒါန်းမှုများကို မကြာခဏ ပြုလုပ် နေကြ သော်လည်း များပြားလှသော သွေးသွင်း ကုသခံရမည့် လူနာများကြောင့် ယနေ့တိုင် သွေးလုံလောက်မှုမရှိသေးကြောင်း အမျိုးသားသွေးဌာန တာဝန်ခံ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်သီတာအောင်က ပြောကြားခဲ့သည်။
နိုင်လင်း (Jul 7th, 2011 )
Popular News - သွေးအတွင်းပါ ရောဂါပိုးလေးမျိုး သန့်စင်ကြောင်း စစ်ဆေးနိုင်မှု မရှိသေး




