အိတ်ခ်ျအိုင်ဗီပိုး ထိန်းတဲ့
အေအာရ်တီဆေး တကယ်လိုအပ်သူ၊ သုံးစွဲရမယ့်သူကို ထိထိရောက်ရောက် အဆင့်လိုက် ပုံမှန်သုံးစွဲနိုင်အောင်
ပိုမိုစိစစ်လာကြတယ်လို့ အေအာရ်တီဆေး အခမဲ့ပေးဝေနေတဲ့ လူမှုရေးအဖွဲ့အစည်း တချို့ဆီမှ
သိရပါတယ်။
ရတနာ့မေတ္တာအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေက “
ဆေးမပေးခင် ကတည်းက နှစ်သိမ့်ဆွေးနွေးမှု အရင်လုပ်တယ်၊ အမှတ်ပေးစနစ်တွေနဲ့စိစစ်ပြီး ဆေးပေးတယ်၊
ဆေးပေးနေတဲ့ တောက်လျှောက်မှာလဲ အိမ်တိုင်ရာရောက် စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အသိပညာတွေပေးတယ်၊
ဒီလိုဆောင်ရွက်နေတာကလဲ ပိုးရှိသူ အပါအဝင် နောက်ထပ် တခြားသူတွေပါ မကူးစက်ရအောင်
စနစ်တကျ ဆောင်ရွက်ကြတာပါ ” လို့ဆိုတယ်။
ငွေကြေးမတတ်နိုင်သူ၊
အန္တရာယ်ကျရောက်လွယ်သူနဲ့ ဆေးသောက်ဖို့ အရမ်းခဲယဉ်းသူတွေကို လူမှုရေး အဖွဲ့အစည်းတွေက
အေအာရ်တီဆေး အခမဲ့ ပေးကြတာဖြစ်ပါတယ်။ ဆေးမသောက်ခင် နှစ်သိမ့်ဆွေးနွေးမှု လုပ်ကြပြီးမှ
ဆေးပေးပါတယ်။
ဆေးပေးပြီးရင်လည်း နောက်ဆက်တွဲ
စိစစ်မှုတွေ ဆောင်ရွက်ကြပါတယ်။ ဆေးထုတ်တဲ့ ရက်နဲ့ နောက်ထပ် ဆေးပြန်ထုတ်ရက်မှာ
ဆေးအရေအတွက် ဘယ်လောက် ပြန်ကျမလဲဆိုတာ မေးတယ်။ ဆေးလက်ကျန် ဘယ်လောက်ရှိ မရှိကြည့်ပါတယ်။
ပုံမှန် ဆေးသောက်သူက အလုံးရေ ဘယ်လောက်ကျန် မကျန်သိတယ်။ တချို့ဆေးသောက်သူက
ဘူးလေးတွေနဲ့ ဆေးခွဲထားတယ်။ ခရီးသွားရင်း ယူသွားနိုင်အောင်လို့ အကြောင်းပြကြတယ်။
ဒီလိုဆေးခွဲ ထားတာဟာ ဆေးသောက်သူ တချို့က ပြန်ရောင်းကြလို့ပါ။ သည်ဆေးက
တစ်ဘူးပြည့်မှ ပြန်ရောင်းနိုင်တာကြောင့် ဖြစ်ပါတယ်။
ဆေးသောက်တဲ့သူက ဆေးပြန်ရောင်းစားတာ၊
ဆေးသောက်နေတဲ့ အမျိုးသားက ဘာမှ မဖြစ်သေးသူ အမျိုးသမီးကို ဆေးမျှတိုက်တာ၊
ယောက်ျားသောက်တဲ့ ဆေးကို မိန်းမက ပြန်ရောင်းစားပစ်တာ၊ လင်မယား နှစ်ယောက်စလုံး
အတူတူ ဆေးရောင်း စားတာတွေ ရှိတယ်လို့ သိရတယ်။ တချို့က လူမှု အဖွဲ့အစည်းတွေဆီက
အေအာရ်တီ ဆေးရတယ်။ ငွေကြေး တတ်နိုင်သူတွေကို ပြန်ရောင်းစားတယ်။ ငွေကြေး
တတ်နိုင်သူကလည်း အပြင်ဝယ်ဈေးထက် သက်သာတာကြောင့် ဆေးရသူဆီက ဝယ်ကြပါတယ်။ ဒါကြောင့်
စိစစ်မှုတွေ ပိုမိုဆောင်ရွက်ကြတာလို့ သိရတယ်။
ဥက္ကဌ ဦးမြင့်ဆွေက ‘အခုပေးနေတာ
ပထမအဆင့် ဆေးဖြစ်တယ်၊ ဆေးသောက်လိုက် ဆေးမသောက်လိုက်ဆိုရင် ဆေးယဉ်မှု ဖြစ်မယ်။
အသက်ဆုံးရှုံးမှုမြန်မယ်၊ ဒုတိယအဆင့် ဆေးဆိုရင် ဈေးပိုကြီးတယ်ဆိုတာ ရှင်းပြရတယ်။ ဒါကြောင့်
တချို့အဖွဲ့အစည်းတွေက ဆေးပေးတာအပြင် ကျန်းမာရေးဗဟုသုတပေးတာ၊ ဆေးသောက်ဖို့
အိမ်တိုင်ရာရောက် စစ်ဆေးမှု ဆောင်ရွက်တာလုပ်ကြတယ်။ အာဟာရထောက်ပံ့မှုနဲ့
စိတ်ဓာတ်မြှင့်တင်မှု တွေလည်း ပြုလုပ်တယ်’ လို့ဆိုပါတယ်။
နှစ်သိမ့်ဆွေးနွေးမှု လုပ်နေတဲ့
စီမံကိန်းမန်နေဂျာ ကိုညီညီအောင်က ‘တချို့က ဆေး မသောက်ချင်တော့ပဲ ဖြစ်သလို နေချင်တဲ့သူရှိတယ်၊
ကျွန်တော်တို့က ကျန်းမာရေး ဗဟုသုတပေးရတယ်၊ အဲဒီလိုလုပ်တာတောင် အမူအကျင့် မပြောင်းလဲသူကို
ကျွန်တော်တို့ထက် ကျွမ်းကျင်တဲ့ပညာရှင်က နှစ်သိမ့်မှုလုပ်တယ်၊ အမူအကျင့် ပြောင်းလဲ သွားသူတွေလဲရှိပါတယ်’
လို့ဆိုတယ်။
တချို့က အရက်အရမ်းသောက်ပြီး
ဆေးသောက်မိလား၊ မသောက်မိလားမသိ ဖြစ်တတ် ကြပါတယ်။ ဒါကြောင့် နှစ်သိမ့်ဆွေးနွေး မှုတွေလုပ်ပေးလို့
အရက်၊ ဆေးလိပ်ပြတ်ပြီး ပြောင်းလဲမှုတွေ ရှိလာကြောင်း သိရတယ်။
ဆေးစသောက်ခါစသူကို
တစ်လမှာသုံးကြိမ်သွားကြည့်ကြတယ်။ ဆေးဘေးထွက်ဆိုးကျိုးရှိလို့ လူနာကျန်းမာရေး
အခြေအနေ သိရအောင်ဖြစ်ပါတယ်။ အေအာရ်တီ သုံးမျိုးပေါင်း ဆေးတစ်လုံးတည်း
မတည့်တဲ့သူဆိုရင် နှစ်မျိုးပေါင်းတစ်ခုနဲ့ နောက်တစ်မျိုး ပြန်ပြောင်း
ပေးရတာကြောင့် ဂရုပြုမူ ဆောင်ရွက်ကြရပါတယ်။
ဩဂုတ်(၁၄) ၂၀၀၉ ခုနှစ်ထုတ် မော်ဒန် သတင်းဂျာနယ်




