29
Jul

အေအာရ်တီဆေး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၌ အခက်အခဲရှိ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံ အသီးသီးရှိ အိပ်ခ်ျအိုင်ဗီရောဂါ ဝေဒနာ ခံစားနေရသူများအား အေအာရ်တီ ဆေးဝါးဖြင့် ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် တိုးမြှင့် ဆောင်ရွက်ပေးရန် တိုက်တွန်း ထားသော်လည်း အဆိုပါ တိုက်တွန်းချက် အတိုင်း လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ ခက်ခဲလျက် ရှိသေးကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံ အသီးသီးရှိ စီဒီ-၄ ဆဲလ် ၅၀၀ အောက်ရှိ အိပ်ခ်ျအိုင်ဗီပိုးရှိသူ အသက်ငါးနှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက် မိခင်များ အားလုံးကို အေအာရ်တီ ဆေးဝါးတိုက် ကျွေးရန် လမ်းညွှန်ချက် အသစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

သို့သော် အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြောင်းလဲလိုက်နာရန် အတွက် ပြည်တွင်း၌ အေအာရ်တီ ဆေးဝါး မလုံလောက်မှု ပြဿနာကြောင့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်ဟု ကျန်မာရေး ၀န်ကြီးဌာန၏ အိပ်ခ်ျအိုင်ဗီရောဂါ တိုက်ဖျက်ရေး စီမံကိန်းဌာနမှ ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိ အမျိုးသား ခုခံအားကျဆင်မှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ လမ်းညွှန်ချက်အရ စီဒီ-၄ ၃၅၀ အောက်ရှိ လူနာများအား အေအာရ်တီ ဆေးစတင် တိုက်ကျွေးလျက် ရှိသော်လည်း ၄၃ ရာခိုင်နှုန်းကိုသာ ဆေးဝါးဖြင့် ကုသမှုပေးနိုင်သေးသည်။

"ကျွန်တော်တို့ လမ်းညွှန်ချက် အသစ်ကို လိုက်နာဖို့အတွက် လမ်းညွှန်ချက် အဟောင်းကို ပြန်ပြင် ရေးဆွဲ သုံးသပ်ဖို့ လိုပါတယ်။ အခုလိုရေးဆွဲနိုင်ဖို့ကလည်း အစိုးရဌာနရယ်၊ နိုင်ငံတကာ အဖွဲ့တွေ ပူးပေါင်းပြီး လေ့လာ ဆန်းစစ် သုံးသပ်ချက်တွေ လုပ်ရဦးမှာပါ" ဟု ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

စီဒီ-၄ ဆဲလ် ပမာဏသည် အိပ်ခ်ျအိုင်ဗီ ရောဂါဝေဒနာသည်များ အတွက် လူနာ၏ ခုခံအားစနစ်ကို တိုင်းတာသော သွေးဖြူဥဆဲလ်များဖြစ်ပြီး အိပ်ခ်ျအိုင်ဗီပိုးများ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သည့် အခါတွင် မျိုးပွားခြင်း  လုပ်ငန်းများအတွက် သွေးဖြူဥဆဲလ်များသည် တိုက်ခိုက်ခံရပြီးနောက် ပျက်စီး သေဆုံးစေပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ပျက်စီးစေကာ အခြား ရောဂါပိုးများကို ၀င်ရောက်စေသည်။

မြန်မာနိုင်ငံ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၀ ပြည့်နှစ်က လမ်းညွှန်ချက်အတိုင်း ၂၀၁၂ ခုနှစ်တွင် အမျိုးသား စီမံကိန်းကို အသစ်ပြင်ရေးဆွဲပြီး စီဒီ-၄ ပမာဏ ၃၅၀ အောက်ရှိ လူနာများအား အေအာရ်တီဆေး စတင် တိုက်ကျွေးလျက်ရှိသည်။ သို့သော်လည်း အေအာရ်တီဆေး လိုအပ်နေသည့် လူနာ ၁၂၅,၀၀၀ ရှိသည့်အနက် လူနာအများစုမှာ ဆေးဝါးဖြင့် ကုသမှုထောက်ပံ့ပေးရန် လိုအပ်လျက်ရှိနေကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

"အေအာရ်တီဆေး မသောက်ရသေးတဲ့ လူနာ ၇၀,၀၀၀ ကျော် လောက်ရှိနေပါသေးတယ်" ဟု ၎င်းကပြောသည်။ ကျန်းမာရေး ၀န်ကြီးဌာန၏ ၂၀၁၃ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗီ ပိုးရှိလူနာ ၅၀,၀၀၀  ကျော်သည် အေအာရ်တီဆေး ကုသမှုကို လက်ခံရရှိပြီး ထိုအထဲမှ ၅,၀၀၀ ကျော်သည် ငါးနှစ်အောက် ကလေးငယ် များဖြစ်ကာ ၇၀၀ ကျော်သည် ကိုယ်ဝန်ဆောင် မိခင်များ ဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်အဖွဲ့၏ အကြီးအကဲ Mr.Peter Paul De Grooteက အိပ်ခ်ျအိုင်ဗီ ရောဂါ ဝေဒနာသည်အများစုမှာ ဆေးဝါးထောက်ပံ့မှုရရန် လိုအပ်လျက် ရှိနေသေးကြောင်း ထောက်ခံ ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့သည် နိုင်ငံတကာ အစိုးရ မဟုတ်သည့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်ရှိတွင် ရောဂါပိုး ကူးစက်ခံနေရသော လူနာ ၃၀,၀၀၀ ကျော်အား ဆေးကုသမှုလုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ အခမဲ့ ၀န်ဆောင်မှုပေးလျက်ရှိသည်။ အေအာရ်တီဆေး ပိုမိုထောက်ပံ့ပေးရန် အတွက် ရန်ပုံငွေ ရရှိမှုသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်လတွင် Global Fund (ကမ္ဘာ့ကျန်းမာရေး ရန်ပုံငွေအဖွဲ့) က အိပ်ခ်ျအိုင်ဗီ ၊တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၁ သန်း တိုးချဲ့ထောက်ပံ့မှု အသစ်ကို ၂၀၁၆ နှစ်ကုန်အထိ ထပ်မံရရှိခဲ့သည်။ အဆိုပါငွေကြေးထောက်ပံ့မှုသည် အေအာရ်တီဆေးလိုအပ်သူ လူနာ ၁၀၆,၀၀၀ အား ဆေးဝါး ထောက်ပံ့ပေးနိုင်ပြီး ခန့်မှန်းခြေအားဖြင့် လူနာ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး ထောက်ပံ့ပေးနိုင်သည်ဟု Mr.Peter Paul De Groote ကပြောသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော ဒေါ်ဖြူဖြူသင်း၏ အိပ်ခ်ျအိုင်ဗီရောဂါ စောင့်ရှောက်ရေး ဂေဟာတွင် နေထိုင်သူ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ဝေဒနာရှင် တစ်ဦးက ကျေးလက်တောရွာဒေသတွင် နေထိုင်သူများ အတွက် အေအာရ်တီ ဆေးဝါးရရှိရန် ခက်ခဲပြီး အချို့မှာ မြို့ပေါ်တက်ကာ ဆေးယူရန် လမ်းစရိတ် မရှိကြကြောင်း ပြောသည်။

"ကျွန်မ လွန်ခဲ့တဲ့လက မြို့နယ် ဆေးရုံမှာ ၀မ်းလျှောလို့ ဆေးရုံတက်ရင်း သွေးစစ်ကြည့်တော့မှ ရောဂါရှိမှန်း စသိတာပါ။ သိသိချင်း ဆရာဝန်က ရန်ကုန်ကို အေအာရ်တီ ဆေးသောက်ဖို့ လွှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့မြို့မှာ ဆေးမရနိုင်ဘူးလို့ ပြောတယ်" ဟု ၎င်းက ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်ဖြူဖြူသင်းက "ကျွန်မ ဆီကို ရောက်လာတဲ့ လူနာအများစုကတော့ စီဒီ-၄ ၂၀၀ အောက်မှ ရောက်လာကြတဲ့ လူနာတွေများပါတယ်။ အဲဒီလို လူနာတွေဆိုရင်တော့ ကျွန်မက နယ်စည်းမခြား ဆရာဝန်အသင်းရဲ့ သဇင်ဆေးခန်းနဲ့ အစိုးရဆေးရုံကို တင်ပေးပါတယ်" ဟု ပြောသည်။

မြန်မာတိုင်း(မ်) - အေအာရ်တီဆေး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၌ အခက်အခဲရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top