13
Jan

အေအာရ်တီဆေး လက်လှမ်းမီရရှိရန် အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များ အေအာရ်တီဆေး လက်လှမ်းမီရရှိရေး လာမည့်နှစ်မှစတင်ကာ အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာက ပြည်တွင်း အဖွဲ့အစည်းများခေါ်ယူ၍ ယင်းအဖွဲ့အစည်းများ ဆောင်ရွက်နိုင်မည့် ကဏ္ဍအသီးသီးအား အစိုးရက ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

‘‘ပြီးခဲ့တဲ့လလောက်က အစည်းအဝေးခေါ်ပြီး နှစ်သိမ့်ဆွေးနွေးပညာပေးတွေ၊ ဆေးပေးတာတွေ၊ ဓာတ်ခွဲခန်းပေးတာတွေလို Package တွေပေးတယ်။ အဲဒီအထဲကမှ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို ယူပြီးလုပ်ဖို့ပါ။ လက်ရှိ ရှိနေတဲ့ အစိုးရရဲ့ ဆေးပေးဌာနတွေမှာ ကျွန်တော်တို့လို အဖွဲ့အစည်းက လူတွေက သွားပြီးပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြည်တွင်းအဖွဲ့အစည်းဖြစ်သည့် ပြည်ကြီးခင်မှ မန်နေဂျာဒေါက်တာ ဉာဏ်ထွန်းကပြောသည်။

ပြည်ကြီးခင်အဖွဲ့အစည်းအနေဖြင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို လုပ်ဆောင်သွားမည် ဖြစ်သည်။ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ မိမိမြို့နယ်မှာပင် ဆေးလာရောက်ထုတ်ယူနိုင်သော နေရာ ၁၅ ခု၌ အိတ်ခ်ျအိုင်ဗီရှိပြီး အေအာရ်တီဆေး အတွေ့အကြုံရှိပြီးသူ ၁၅ ဦးကို တစ်ဒေသလျှင် တစ်ဦးနှုန်းဖြင့် နှစ်သိမ့်ဆွေးနွေးပညာပေးရေး လုပ်ငန်းအတွက် ခန့်ထားအသုံးပြုသွားမည်ဖြစ်သည်။

အလားတူ ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် I-Cap တာဝန်ရှိသူတစ်ဦးကလည်း ‘‘လှိုင်သာယာ၊ ကျောက်တန်းနဲ့ သံဖြူဇရပ်(မွန်ပြည်နယ်) မှာ စ,ဖြန့်ကြက်နိုင်အောင် ကြိုးစားသွားမယ်’’ဟု ပြောကြားသည်။

အိတ်ခ်ျအိုင်ဗီဝေဒနာ ခံစားနေရသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်တွင်ပင် ဆေးထုတ်ယူနိုင်သည့် ဆေးပေးဌာနများရှိနေသော်လည်း ပတ်ဝန်းကျင်က သိရှိမည်ကို စိုးရိမ်ခြင်း၊ မြို့ကြီးများကပေးသည့် ဆေးနှင့် စစ်ဆေးသည့် စက်အရည်အသွေး ကွာခြားမည်စိုးခြင်းတို့ကြောင့် ဆေးလာထုတ်ယူမှုနည်းပါးနေပြီး ဆေးပေးသည့် မြို့ကြီးများ၌မူ စုပြုံဆေးထုတ်ယူခြင်းကြောင့် လူနာအင်အားနှင့် ဝန်ထမ်းအင်အား မမျှတမှုရှိနေခြင်းစသည့် အခက်အခဲများ ပြေလည်စေရန် ယခုကဲ့သို့ ပူးပေါင်းသွားမည်ဖြစ်သည်။

‘‘အခုက ဆေးရုံတွေမှာ အေအာရ်တီယူတာက တစ်လကို ရှစ်ထောင်လောက်ရှိတယ်။ တစ်နေ့ကို လူနာ ၃၀၀ လောက်ရှိတယ်။ လူနာနှစ်ဆတိုးလာတော့ ဆေးပေးဝန်ထမ်းက မလုံလောက်တော့ဘူး။ ဒါကို လျှော့ချချင်တာရယ်၊ မြို့နယ်တွေကို အခြေပြုပြီး ကိုယ်နေတဲ့မြို့မှာပဲ ဆေးထုတ်ယူလို့ ရအောင်ရယ် စီစဉ်နေပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (NAP) မှ ဒေါက်တာတင်မောင်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အေအာရ်တီဆေးပေးမှုကို ၂၀၀၅ မှ စတင်ခဲ့၍ ၂၀၁၃ တွင် အိတ်ခ်ျအိုင်ဗီဖြစ်ပွားသူ လူနာပေါင်းတစ်သိန်းကိုးသောင်းခန့်ရှိသည်။ ၎င်းတို့ထဲမှ အေအာရ်တီဆေးပေးရန် လိုအပ်သည့် လူနာပေါင်း တစ်သိန်းနှစ်သောင်းခန့် ရှိသော်လည်း ခုနစ်သောင်းခွဲကိုသာ ဆေးပေးနိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

7 Day Daily -အေအာရ်တီဆေး လက်လှမ်းမီရရှိရန် အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top