ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသူများ အတွက် ဆေးဝါးများတိုးမြှင့် ကုသပေး နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသည် လက်ရှိ ဘဏ္ဍာနှစ်အတွင်း အေအာရ်တီဆေး ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူရန် စီစဉ်နေသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၂၅ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၂-၁၃ ခုနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်ကို လေးဆ တိုးမြှင့်ထားပြီး နောက်တွင် အိပ်ခ်ျအိုင်ဗီ တားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် သဘောဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစောလွင်က ပြောသည်။ ၂၀၁၀ ပြည့်နှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီပိုး ကူးစက် ခံထားရသူကလေး၊ လူကြီး စုစုပေါင်း ၂၃၆,၀၀၀ ရှိနေသည်ဟု ခန့်မှန်းထားသည်။
ကူးစက်ခံနေရသူများအတွင်း သွေးဖြူဥ စီဒီဖိုးဆဲလ် ၂၀၀ အောက် ရောက် ရှိနေသောကြောင့် အေအာရ်တီ ဆေး တိုက်ကျွေးရန် လိုအပ်သူ လူနာပေါင်း ၇၆,၀၀၀ ခန့်ရှိနေကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လမ်းညွှန် ချက်အရ စီဒီဖိုး အရေအတွက် ၃၅၀ အောက်ရောက်နေ သူများကို အေအာရ်တီဆေး တိုက်ကျွေး ကုသမည်ဆိုပါက လိုအပ်သူပေါင်း ၁၂၀,၀၀၀ ခန့်ရှိနေသည်ဟု ခန့်မှန်း တွက်ချက်ထားသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း အေအာရ်တီဆေး တိုက်ကျွေး ကုသနိုင်မှု တိုးလာသော် လည်း ဆေးပေးနိုင်သည့် အရေအတွက်နှင့် ဆေးလိုအပ်နေသူ အရေအတွက်သည် များစွာကွာဟနေသေး ကြောင်းတွေ့ရသည်။
၂၀၁၀ ပြည့်နှစ် အထိ အေအာရ်တီဆေး တိုက်ကျွေး ကုသနိုင်သည့် လူနာပေါင်း ၂၉,၈၂၅ ဦးသာ ရှိသည့်အတွက် ဆေးလိုအပ်သူ၏ ၃၉ ရာခိုင်နှုန်းခန့်ကိုသာ ဆေးပေးနိုင်သည်ကို တွေ့ ရသည်။ မြန်မာနိုင်ငံတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့သည် အိပ်ခ်ျအိုင်ဗီ ကုသမှု အများဆုံးပေးနေသော အဖွဲ့အစည်းဖြစ်ပြီး လူနာပေါင်း ၂၃,၀၀၀ ခန့် ကို အေအာရ်တီဆေး ပေးလျက်ရှိနေသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အေအာရ်တီဆေးပေးနိုင်မှု အခြေအနေကိုမူ သိရှိရခြင်း မရှိပေ။ ယခုကဲ့သို့ အေအာရ်တီဆေး တိုးမြှင့် လိုက်ခြင်းသည် လူနာအားလုံးကို လွှမ်းခြုံ နိုင်ခြင်းမရှိသော်လည်း ယခင်ကထက် ပိုမို တိုးမြှင့်ပေး နိုင်မည်ဟု ဒေါက်တာ စောလွင်က ခန့်မှန်းထားသည်။
နယ်စည်းမထား ဆရာဝန်များ အဖွဲ့၏ ၂၀၁၂ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ဆေးမရရှိသည့်အတွက် မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် လူနာပေါင်း ၁၅,၀၀၀ မှ ၂၀,၀၀၀ အတွင်း သေဆုံးနေကြ ရသည်ဟု သိရသည်။
ယမုံဖူးသစ် (အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂))
မြန်မာတိုင်းမ် - အေအာရ်တီ ဆေးဝယ်ယူရန် သိန်း ၂,၀၀၀ ကျော် သုံးစွဲသွားမည်




