11
Mar

အေအာရ်ဗီကို ပြည်တွင်းတွင် ထုတ်နိုင်ရန် စတင်ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် လာမည့် သုံးနှစ်အတွင်း ARV ဆေးဝါး ထုတ်လုပ်ရန် ပထမအဆင့် ကြိုတင် စီမံမှုများကို လာမည့် အောက်တိုဘာလတွင် စတင်တော့မည်ဖြစ်ကြောင်း Myanmar Positive Group (MPG) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေရသည့် ARV ဆေးဝါးများ၏ ၉၀ ရာခိုင်နှုန်းသည် အိန္ဒိယမှ တင်သွင်းလာသော ဆေးဝါးများဖြစ်ပြီး ၎င်းတို့ ထံမှ ဆေးဝါး ထုတ်လုပ်မှု နည်းပညာ၊ မူဝါဒနှင့် ဥပဒေဆိုင်ရာ အချက်အလက် များကို ရရှိနိုင်ရန် အိန္ဒိယရှိ Positive ကွန်ရက် (DNP+) နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

“လက်ရှိမှာ အိန္ဒိယကဆေးတွေ ၀ယ်သောက်နေရတယ်။ လွှတ်တော်မှာ တင်သွင်းဖို့ ကြိုးစားနေတဲ့ တီထွင်မှု မူပိုင်ဥပဒေ ပေါ်လာရင် ကန့်သတ်မှုတွေ ရှိလာပြီး ဆေးဝါးတွေ တင်သွင်းလို့ မရတဲ့အခါ သောက်နေရတဲ့ လူတွေ ဆေးပြတ်မှာစိုးလို့။ အဲလို မဖြစ်အောင် ပြည်တွင်းမှာ ထုတ်ဖို့ ကြိုးစားသွားမယ်” ဟု ဦးမျိုးသန့်အောင်က ပြောသည်။

လာမည့် အောက်တိုဘာတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ၌ အိန္ဒိယနိုင်ငံ၏ ARV ဆေးထုတ်လုပ်မှု မူပိုင်ခွင့်၊ တင်သွင်းခွင့် စသည့် မူဝါဒနှင့် ဥပဒေဆိုင်ရာများ၊ ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် Positive ကွန်ရက် (DNP+) ၏ နိုင်ငံလုံးဆိုင်ရာ အိတ်ခ်ျအိုင်ဗီ တုံ့ပြန်မှု အခန်းကဏ္ဍနှင့် ၎င်းတို့နိုင်ငံ အတွင်း ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေခြင်းများကို လေ့လာရေးသင်တန်း တက်ရောက်မည်ဖြစ်ကြောင်း MPG မှ သိရသည်။

ယင်းသင်တန်း ခရီးစဉ် ပြီးဆုံးပါက ARV ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမည့် လုပ်ငန်းရှင်များ၊ လူထုအခြေပြု အဖွဲ့များနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ် ထားကြောင်းလည်း သိရသည်။

“အထူးသဖြင့် မကြာခင်မှာ လွှတ်တော်ကို တင်သွင်းမယ့် တီထွင်မှု မူပိုင်ခွင့် ဥပဒေမူကြမ်းမှာ နာတာရှည်ရောဂါရှင် တွေအတွက် ဆေးဝါးနဲ့ပတ်သက်တဲ့ ထိခိုက်နစ်နာမှု မရှိရေးကို အဓိက ထည့်သွင်းရေးဆွဲ သွားဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဆီက အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ယူရမယ်”ဟု ဦးမျိုးသန့်အောင်က ဆက်လက်ပြောကြားသည်။

Myanmar Positive Goup(MPG)ကို ၂၀၀၅ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးအဖွဲ့ ၄၇ ဖွဲ့ဖြင့် ချိတ်ဆက်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အဖွဲ့ပေါင်း ၂၁၄ ဖွဲ့နှင့် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကာကွယ်လျှော့ချရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

MPG တွင် ကွန်ရက်ဝင်ပေါင်း ၁၀၄၁၁ ဦး ရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေထိုင်သူ နှစ်သိန်းတစ်သောင်းကျော်ရှိပြီး၊ ARV ဆေးသောက်သုံးရန် လိုအပ်နေသူ ဦးရေ၏ သုံးပုံတစ်ပုံသာ ဆေးကုသမှု ပေးနိုင်သေးကြောင်း သိရသည်။

မြတ်စုမွန်

7 Days News - အေအာရ်ဗီကို ပြည်တွင်းတွင် ထုတ်နိုင်ရန် စတင်ဆောင်ရွက်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top