အေအာရ်ဗီဆေးတွေကို
ဆေးဖက်ဝင်အပင်၊ ဆေးမြီးတိုတွေနဲ့ တွဲဖက်သောက်သုံးတာဟာ အေအာရ်ဗီ ဆေးရဲ့ အာနိသင်ကို လျော့ကျစေတာ၊
ဘေးထွက်ဆိုးကျိုးကို ပိုပြီးဖြစ်တာကြောင့် တွဲမသောက် သင့်ကြောင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
ကုသရေး ကျွမ်းကျင်သူ တချို့က ပြောပါတယ်။
“တချို့ဆေးတွေက
သွေးသန့်အောင်လုပ်ပေးတဲ့ ဆေးတွေရှိတယ်၊ အဲဒီဆေးတွေက သွေးထဲမှာ သွေးကလွဲလို့ မလိုအပ်တဲ့
အပိုပစ္စည်းတွေကို ရှင်းထုတ်ပစ်လိုက်တယ်။ အဲဒီရှင်းတဲ့အထဲမှာ အေအာရ်ဗီ ပါသွားရင်သွားပြီ၊
ကိုယ်သောက်ထားတာတွေ အလကားဖြစ်သွားပြီ” လို့ မာရီစတုပ် (မြန်မာ) ရဲ့ အစီအစဉ် ညွှန်ကြားရေးမှူး
ဒေါက်တာစစ်နိုင်က ပြောပါတယ်။
တခြားဆေးတစ်ခုခု
သောက်လိုက်လို့ အေအာရ်ဗီဆေးရဲ့အာနိသင် လျော့သွားရင် ခန္ဓာကိုယ်ထဲ ရောက်တဲ့ ဆေးပမာဏ မပြည့်တာမျိုး ဖြစ်သွားနိုင်တယ်။
ဥပမာ ဆေး ၁၀၀ ဖိုးသောက်ပေမဲ့ တခြားဆေးက ဖျက်လိုက်လို့ ၅၀ ဖိုးပဲကျန်တော့မယ်။ အဲသည့်
၅၀ ဖိုးအတွက် အကျိုးမရပါဘူး။ ခန္ဓာကိုယ်က ၁၀၀
လိုတယ် ဆိုရင် ၁၀၀ ရမှ အာနိသင် အပြည့်ရမှာပါ။ သည်ထက်ပိုဆိုးတာက လျော့သွားတဲ့ရက်အတွက်ပဲ
အကျိုးမရှိတာ မဟုတ်ဘူး။ ရှေ့ကသောက်ထားတဲ့ အတွက်လည်း အကျိုးမရှိတော့ဘူး။ သည်ဆေးက လုံးဝ
မတိုးတော့ဘူးလို့ သိရပါတယ်။
ဆေးမြီးတိုတွေကို
အေအာရ်ဗီဆေးနဲ့တွဲပြီး စားတာရဲ့ ရလဒ်ဟာ မသေချာတဲ့အပြင် အေအာရ်ဗီ ဆေးရဲ့ အာနိသင်ကို
လျော့ကျစေတာ၊ ဘေးထွက်ဆိုးကျိုးပိုများတာတွေ ဖြစ်တတ်လို့ ရှောင်ကြဉ် သင့်ပါတယ်။
သမားတော်ကြီး
ဒေါက်တာဦးအောင်စန်းက “ဆေးဖက်ဝင် အပင်တွေဟာ ခုခံအားကို အလွန်အကျွံ လှုံ့ဆော်ခြင်းနဲ့
ရောဂါကို ပိုမို ဆိုးရွားစေတဲ့အတွက် အန္တရာယ်ရှိတဲ့ ကုထုံးအဖြစ် နိုင်ငံတကာက ဆေးပညာရှင်
တွေက လက်ခံထားကြတယ်” လို့ပြောပါတယ်။
လက်ရှိမှာ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါအတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဆေးပေါင်းကုထုံး
(ART) ဟာ အထိရောက်ဆုံး၊ ဈေးအသက်သာဆုံးနဲ့ အသက်ကယ်မယ့်ဆေး ဖြစ်ပါတယ်။ တခြားဆေး မရှိသေး
ပါဘူး။
ဆေးတိုင်းမှာ
ဘေးထွက်ဆိုးကျိုးတွေရှိသလို အေအာရ်ဗီဆေး (anti –
retroviral drug) မှာလည်း ဘေးထွက်ဆိုးကျိုး တွေရှိပါတယ်။ သည်ဆေးဟာ အတိမ်းအစောင်း၊ အနှောင့်အယှက်မခံဘဲ
အတိအကျ သောက်ရမယ့်ဆေးဖြစ်ပါတယ်။ ဒါကြောင့် တခြားဆေးနဲ့တွဲပြီးသောက်ရင် ဘေးထွက် ဆိုးကျိုးနဲ့
ပိုပြီး အန္တရာယ် ရှိပါတယ်။
ဒေါက်တာစစ်နိုင်က
“ဘေးထွက်ဆိုးကျိုးက ကိုယ့်ရဲ့အသက်ရှင်မှုနဲ့စာရင်တော့ မပြောပလောက်တာ မျိုးပါ။ တခြားဆေးတွေဟာ
ကိုယ့်အသက်ကို ကယ်မဲ့ အေအာရ်ဗီဆေးရဲ့ အာနိသင်ကို ပြယ်စေမယ် ဆိုရင်တော့ သောက်ရတာ မတန်ဘူးပေါ့”
လို့ ပြောပါတယ်။
အေအာရ်ဗီဆေးတွေက
ဆေးပညာအရ သိပ္ပံနည်းကျ လုံလောက်တဲ့ သက်သေ သာဓက စမ်းသပ်မှုတွေ ပြုလုပ်ပြီးမှ ထွက်ပေါ်လာတဲ့
ဆေးဖြစ်လို့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှင် တွေအတွက် တစ်ခုတည်းသော ဆေးဝါးပါဘဲ။ ဘယ်ဆေးဝါး၊
ဆေးပင်ကမှ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ကုသရာမှာ အကျိုးပြုတာ မတွေ့သေးဘူး လို့ ဆိုပါတယ်။
“အေအာရ်ဗီဆေးကို
သောက်သုံးနေသူတွေဟာ အခြားဆေးဝါးပရဆေးပင်တွေကို တွဲဖက်စားသုံးရင် ဆေးအချင်းချင်း ဓါတ်တုံ့ပြန်မှု
ဖြစ်ပြီး မလိုအားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပွားတတ်လို့ သတိထား သင့်တယ်” လို့ သမားတော်ကြီး
ဒေါက်တာ ဦးအောင်စန်းက ပြောပါတယ်။
တချို့ကလည်း
သည်ရောဂါရပြီဆိုရင် တော့ ဆရာဝန်နဲ့ပြရင် လူသိရှင်ကြားဖြစ်မှာစိုးလို့ ကိုယ်နဲ့နီးစပ်ရာ
မှာ ဆေးမြီးတို၊ ဆေးတွေနဲ့ ကောင်းနိုးရာရာ ကုကြတယ်။ နာမည်ကျော်ဆေးတွေဟာ လက်ဆင့်ကမ်း
သောက်လို့ ရတော့ သူများပြောစရာ မလိုဘူး။ ဒါတွေဝယ်သောက်ပြီး စည်းစိမ် ပြုတ်တော့မှပဲ
ရောက်လာကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒေါက်တာစစ်နိုင်က
“သူတို့တွေအနေနဲ့ ကိုယ့်ရဲ့အသက်ကို ကယ်နိုင်တဲ့ အေအာရ်ဗီကို ၀ယ်သောက် နိုင်တယ်။ တခြားသူ(အလှူရှင်)
တွေရဲ့ မျက်နှာကိုလဲ ကြည့်စရာမလိုဘူး။ ဒါပေမဲ့ ရှိခဲ့တာတွေ အားလုံးကုန်ပြီးမှ ဒီကိုရောက်လာတော့
ဆေးကို ၀ယ်မစားနိုင်တော့ဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဆရာဝန်နဲ့လူနာပွင့်လင်းပါ
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါရှိတာကို လူနာရှင်ကိုယ်တိုင်သိဖို့လိုပါတယ်။ သည်ဆေးပေါင်းကုထုံး အတွေ့ အကြုံရှိတဲ့
ကျွမ်းကျွမ်းကျင်ကျင် ကုသနိုင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသသင့်ပါတယ်။ သည်ရောဂါကို
ကုသ အောင်မြင်ဖို့က ဆရာဝန်နဲ့လူနာပွင့်လင်းရင်းနှီးဖို့က အဓိက အရေးကြီးတယ်လို့ ဆိုပါတယ်။
ကုသမှု
ထိရောက်ဖို့
ဒေါက်တာ
ဦးအောင်စန်းက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်စုံစမ်းပြီးမှသာ သုံးစွဲကုသသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
“ခုခံအားကျဆင်းမှု ကူးစက် ရောဂါကို ပျောက်ကင်းပါတယ်ဆိုပြီး မမှန်မကန် ပြောဆို ရောင်းချနေတဲ့
ဆေးတွေရှိနေလို့ပါပဲ” လို့ သတိပေးပြောကြားပါတယ်။
(မော်ဒန်သတင်းဂျာနယ်၊
၂၅ စက်တင်ဘာလ ၂၀၀၉)




