22
Feb

အေအာရ်ဗီဆေး ကိုယ့်ဒေသမှာလည်းရရှိနိုင်

အိတ်ခ်ျ်အိုင်ဗီပိုးကူးစက်ခံရသူတွေအတွက် မိမိဒေသတွင်းမှာပဲ အေအာရ်ဗီဆေး (ARV) ကို အခမဲ့ရရှိနိုင်ပေမဲ့ တချို့ ကတော့ ကိုယ့်မှာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရမှန်း သူများသိမှာစိုးတာကြောင့် နေထိုင်ရာဒေသနဲ့ဝေးတဲ့ နေရာတွေအထိ ဆေးလာယူတာမျိုး ရှိတယ်လို့ သိရတယ်။

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

Myanmar Positive Group မှတာဝန်ရှိသူ တစ်ဦးက “တချို့က ကိုယ့်ဒေသမှာ ဆေးရမှန်း မသိကြဘူး၊ တကယ်တော့ ကိုယ့်ဒေသ အစိုးရဆေးရုံတွေမှာ အခမဲ့ဆေးယူလို့ရတယ်။ ဥပမာ မကွေးလို နေရာက လူတွေက ရန်ကုန်ကိုဆင်းပြီး ဆေးလာယူကြတယ်။ အဲသည်တော့ စစ်တမ်းကောက်လိုက်ရင် အဲသည်ဒေသတွေမှာ ရောဂါပိုးရှိသူ နည်းသယောင် ဖြစ်နေတာရှိတယ်။ တချို့ကတော့ ဆေးရနိုင်မှန်းသိပေမဲ့ ကိုယ့်နေရပ်မှာ ဆေးမယူချင်လို့ တခြားကို သွားယူကြတယ်” လို့ သူ့အတွေ့အကြုံကို ပြောတယ်။ Myanmar Positive Group ဆိုတာ မြန်မာနိုင်ငံက အိတ်ခ်ျအိုင်ဗီပိုးရှိသူ အချင်းချင်း ချိတ်ဆက်ထားတဲ့ ကွန်ရက်ဖြစ်ပါတယ်။

 

ဆေးရုံကိုလည်းသွားပါ

 

တချို့ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူက အစိုးရဆေးရုံတွေဆီ မသွားဘဲ ကိုယ်နဲ့ နီးစပ်ရာ အချင်းချင်းတွေကတဆင့် NGO တွေဆီမှာပဲ ဆေးယူတဲ့အတွက် ဆေးရုံတွေမှာရှိတဲ့ ပေါ့စတစ်အဖွဲ့တွေနဲ့ မချိတ်မိတာမျိုးရှိပါတယ်။ အိတ်ခ်ျအိုင်ဗီက စိတ်နဲ့အရမ်းဆိုင်တယ်။ ပေါ့စတစ်တွေ ဖွဲ့ထားတဲ့ အဖွဲ့နဲ့ပေါင်းမိရင် စိတ်ပိုင်းဆိုင်ရာ ပြန်အားတက်လာနိုင်တယ်။ အချင်းချင်းအားပေးနိုင်တယ်။ ဆောင်ရန်၊ရှောင်ရန်တွေ ဆွေးနွေးလို့ရပါတယ်။ ဆေးရုံကြီးတွေမှာ အမျိုးသားခုခံအားကျ ကာလသား တိုက်ဖျက်ရေးအဖွဲ့ရှိပြီး အဲဒါနဲ့ ချိတ်ဆက်ထားတဲ့ ပေါ့စတစ်အဖွဲ့တွေ ရှိတယ်။ တချို့တွေက ဆေးရုံမသွားတော့ဘဲ NGO တွေဆီပဲ သွားနေတာတွေ့ရတယ်လို့ Myanmar Positive Group မှ တာဝန်ရှိသူက ပြောတယ်။

 

ပိုးရှိမှန်းသိရင်

 

ကိုယ့်မှာ အိတ်ခ်ျအိုင်ဗီရောဂါပိုး ရှိမှန်းစသိပြီဆိုရင် ရောဂါ ဘယ်အဆင့်ထိဖြစ်နေပြီလဲ။ ခုခံအား ဘယ်လောက်ရှိလဲဆိုတာ သိအောင်လုပ်ရပါမယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတဲ့ အချက်အလက်အမှန် သိဖို့လိုအပ်ပါတယ်။ ပြီးမှ ဘာဆက်လုပ်ရမယ်။ မိသားစု သူငယ်ချင်းတွေကို ဘယ်လိုဖွင့်ပြောမယ်။ သူတို့တွေကို မကူးစက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားရပါမယ်။

 

စိတ်ဓာတ်က အဓိက

 

အေအိုင်ဒီအက်စ်ဆိုတာ ချက်ချင်းအသက် သေဆုံးတာမဟုတ်ဘဲ နာတာရှည် သဘောဖြစ်ပါတယ်။ တချို့က ပိုးရှိပြီဆိုရင် စိတ်ဓာတ်ကျသွားတာ၊ အသက်မရှင်ချင်တော့တာ၊ လူတော မတိုးဝံ့ တော့တာတွေဖြစ်တယ်။ စိတ်ဓာတ်မကျဘဲ ဆေးမှန်မှန်သောက်မယ်ဆိုရင် သာမန်လူတွေအတိုင်း အသက်ဆက်ရှင် သွားနိုင်တယ်လို့ သိရတယ်။

 

Myanmar Positive Group မှ တာဝန်ရှိသူက ပိုးရှိသူတွေက ကိုယ့်မှာ တစ်ခုခု ဥပမာ ဖျားနာတာ ၀မ်းပျက်တာဖြစ်ရင် အရမ်းစိုးရိမ်ကြတယ်။ ပတ်ဝန်းကျင်က လူတွေကလည်း တစ်ခုခုဖြစ်ရင် ဖြစ်ပြန်ပြီဆိုပြီး ပြောကြတယ်။ တကယ်က ပိုးရှိသူလည်း လူဖြစ်တဲ့အတွက် သာမန်လူတွေဖြစ်တဲ့ ရောဂါတွေ ဖြစ်မှာပဲ။ ဒါကိုစိတ်ဓာတ်ကျစရာ မလိုဘူးလို့ ပြောတယ်။

         

အလှူရှင်တွေများလာရင်

 

သူကပဲ “ကျွန်တော်တို့အဖွဲ့ကနေ အေအာရ်ဗီဆေး ထောက်ပံ့နေသူ ဆယ်ယောက်ကျော် ရှိတယ်။ အလှူရှင်တွေ ပေါ်လာရင် လူများများထပ်ပြီး ထောက်ပံ့နိုင်မယ်။ တချို့ လှူချင်သူတွေက ဘယ်မှာ သွားလှူရမလဲ မသိဖြစ်ကြတယ်။ တကယ်လို့ လှူမယ်ဆိုရင် မြန်မာပေါ့စတစ်အဖွဲ့နဲ့ ချိတ်ဆက်ပြီး လှူလို့ရပါတယ်” လို့ပြော ပါတယ်။

 

ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ရှိတဲ့ မြို့တွေက ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ပဲခူး၊ တောင်ငူ၊ ဟားခါး၊ ဗန်းမော်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မြ၀တီ၊ မော်လမြိုင်၊ စစ်တွေ၊ မုံရွာ၊ ကျိုင်းတုံ၊ မူဆယ်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ မြောက်ဥက္ကလာ(ဝေဘာဂီ)၊ မင်္ဂလာဒုံ၊ တို့ဖြစ်ပြီး အဲသည်မြို့တွေက ဆေးရုံတွေမှာ သွားရောက် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

 

(မော်ဒန်သတင်းဂျာနယ်၊ အမှတ် ၁၉၇၊ ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ၂၀၁၀)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top