ခုခံအားကျဆင်းမှု ကူးစက်ရောဂါတားဆီး ရေးများကို လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် မှစပြီး အထိရောက်ဆုံး လုပ်ဆောင်နေ ကြသော်လည်း ယနေ့ထက်တိုင် လူထုကို ခြိမ်း ခြောက်နေသော အဓိက ကပ်ရောဂါအဖြစ် ဆက်လက် ရှိနေဆဲဟု ဆေးပညာရှင်များက သုံးသပ်ပြောဆိုကြသည်။
မြန်မာနိုင်ငံသည် အာရှတွင် HIV ကူးစက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသော နိုင်ငံများထဲတွင် ပါဝင်ကြောင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HIV ကူးစက်ခံရသူပေါင်း ၆၄ဝဝ ခန့်ရှိပြီး HIV ဖြင့် နေထိုင်သူဦးရေ ခန့်မှန်းခြေအားဖြင့် ၁၈၅ဝဝဝ ရှိနေကြောင်း သိရသည်။
''ရောဂါပိုးကို ကြောက်ရမယ့်အစား ရောဂါ ခံစားနေရသူတွေကို ကြောက်ကြတာများ တာကို တွေ့နေရပါတယ်။ ဒီတော့ ရောဂါသည် တွေကိုလဲ ပြစ်တင်ပြောဆိုနေမယ့်အစား သူတို့ကို ဘယ်လိုနေထိုင်ပြုမူသင့်တယ်ဆိုတာ ကို ပြောပြပေးဖို့လိုပါတယ်'' ဟု မြန်မာနိုင်ငံ UNAIDS ဌာနေကိုယ်စားလှယ် Eamonn Murphy က HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။
ခုခံအား ကျဆင်းမှုရောဂါဆိုသည် လူ့ခန္ဓာ ကိုယ်အတွင်း HIV ပိုး ကူးစက်ဝင်ရောက်ခံရပြီး ထိုဗိုင်းရပ်စ်ပိုး နှစ်ရှည်လများ ခန္ဓာတွင်းရှိ ခုခံအားစနစ်ကို ထိခိုက်ကျဆင်းစေရာမှ အေအိုင်ဒီအက်စ် (AIDS) ရောဂါခေါ် ခုခံ အားကျဆင်းမှုရောဂါ ရရှိခြင်းကို ဖြစ်စေသည်။
ခုခံအား ကျဆင်းမှုရောဂါဖြစ်စေသည့်ပိုးကို အိပ်ခ်ျအိုင်ဗွီ (HIV) ဗိုင်းရပ်စ်ပိုးဟုခေါ်ပြီး၊ ပထမဦးဆုံးသော ခုခံအားကျဆင်းမှုရောဂါ (AIDS) ရောဂါဝေဒနာရှင်ကို ၁၉၈၁ ခုနှစ်၌ အမေရိကန် (USA) နိုင်ငံတွင် စတင်တွေ့ရှိ ခဲ့သည်။
စတွေ့စဉ်က မည်သည့်ပိုးကြောင့် ဖြစ်သည်ဆိုတာကို တိတိကျကျ မဖော်ပြနိုင်ခဲ့ ကြသော်လည်း ၁၉၈၃ ခုနှစ်မှာတော့ HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်ဆိုခြင်းကို ပြင် သစ်နိုင်ငံ ပါရီမြို့ (Paris) မှာ ရှိသော ဓာတ်ခွဲ သိပ္ပံ ပါစ်ချာတက္ကသိုလ် (Institute of Parteur in Paris)က ဖော်ထုတ် ကြေညာခဲ့သည်။
နောက်တစ်ဖန် ကူးစက် ပျံ့နှံ့ပုံချင်း တူသည့် Virus အသစ် တစ်ခုကိုလည်း ထပ်ပြီးတွေ့ရှိသည့် အတွက် ပထမ တွေ့ရှိသည့် ဗိုင်းရပ်စ်ကို အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် (၁) HIV-၁ လို့ခေါ်ပြီး နောက်အသစ်တွေ့သည့် ဗိုင်းရပ်စ်ကိုတော့ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် (၂) HIV-၂ လို့ခေါ် ကြောင်း ဒေါက်တာအောင်ဆန်းဝင်းက ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
အိတ်ခ်ျအိုင်ဗွီဆိုတာဘာလဲ
အိတ်ခ်ျအိုင်ဗွီဆိုသည်မှာ ခုခံအားကျဆင်း မှုရောဂါ (အေအိုင်ဒီအက်စ်)ကို ဖြစ်စေတဲ့ အလွန်သေးငယ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ် ပြီး၊ ထိုအိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ရောဂါလက္ခဏာ လုံးဝမပြဘဲ သာမန်လူတစ်ယောက်လို ကျန်းမာစွာ နေနိုင်ထိုင်နိုင်သည်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရပြီး အေအိုင်ဒီအက်စ်ရောဂါ အဆင့်ကို ရောက်ရှိရန် အချိန်ကာလမှာမူ လအနည်းငယ်မှ နှစ်နဲ့ချီပြီး ကြာမြင့်တတ်သည်။ သို့ဖြစ် သောကြောင့် လူတစ်ယောက်တွင် အိတ်ခ်ျအိုင် ဗွီပိုးရှိ၊ မရှိကို မြင်ရုံနှင့် မသိနိုင်ပါ။ သွေးစစ် ကြည့်မှ သိနိုင်ပါသည်။
''ရောဂါပိုး စတင်ဝင်ရောက်ချိန်မှာတော့ လူနာဟာ တုပ်ကွေးဖျားနာလို ခံစားရတတ်ပါ တယ်။ လေးလံထိုင်းမှိုင်းပြီး၊ လုပ်ချင် ကိုင်ချင် စိတ်မရှိဘူး။ မအီမသာ သရိုးသရီဖြစ်မယ်၊ စိတ်ဓာတ်ကျမယ်၊ အဆစ်အမြစ် ကြွက်သား တွေ ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ အရေပြား ပေါ်မှာ ယားယံကွက်တွေ၊ အကျိတ်တွေ ထွက်တာမျိုးရှိမယ်'' ဟု ခုခံအား ကျဆင်းမှု ရောဂါ စတင်လျှင် ခံစားရသည့် ရောဂါလက္ခဏာများကို ရှင်းလင်း ပြောဆိုသည်။
ဖော်ပြပါ လက္ခဏာများကိုရက်သတ္တပတ် နှစ်ပတ်မှ ခြောက်ပတ်အတွင်း ခံစားရနိုင်ပြီး၊ ယခုကဲ့သို့သော လက္ခဏာများကို ခံစားနေရပြီ ဆိုပါက မိမိကိုယ်ကိုယ် ဆန်းစစ်ရန် လိုအပ်ပေသည်။
အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ပုံ
ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊သွေး မှတစ်ဆင့်ကူးစက်ခြင်း၊ အိတ်ခ်ျအိုင်ဗွီပိုးရှိ သော မိခင်မှကလေးသို့ ကူးစက်နိုင်သည်။
ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း
ထိုးသွင်းမှုရှိသည့် လိင်ဆက်ဆံခြင်းတိုင်း သည် အန္တရာယ်ရှိပြီး မိန်းမကိုယ်နှင့် ဆက်ဆံ ခြင်း၊ စအိုနှင့်ဆက်ဆံခြင်း၊ ပါးစပ်နှင့်ဆက် ဆံခြင်းတို့သည် ထိုးသွင်းဆက်ဆံခြင်းများဖြစ် ကြသည်။
သွေးမှတစ်ဆင့်ကူးစက်ခြင်း
ပိုးကူးစက်ခံထားရသူ၏ သွေးသွင်းမိခြင်း၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန်မျှဝေသုံးစွဲခြင်း၊ အပ် စိုက်ကုသခြင်းနှင့် ဆေးမင်ကြောင်ထိုးရာတွင် စနစ်တကျပိုးသန့်စင်ထားခြင်းမရှိသောအပ် များ အသုံးပြုခြင်းတို့ကြောင့် ကူးစက်ခံရသည်။
အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်း
ပိုးရှိသည့်မိခင်မှ ကလေးကို အိတ်ခ်ျအိုင် ဗွီပိုးကူးစက်နိုင်သည့်အချိန်မှာ ကိုယ်ဝန်ဆောင် ချိန်၊ ကလေးမွေးဖွားချိန်နှင့် မိခင်နို့တိုက်ကျွေး ချိန်များတွင်ဖြစ်ကြောင်း သိရသည်။
''လူတိုင်းလိုလိုတော့ သိပြီးသားတွေပါ ပဲ။ ဒါပေမဲ့ အချို့ခေါင်လွန်းဝေးလွန်းတဲ့နယ်က သူတွေကတော့ သေသေချာချာ မသိသေးတာ မျိုးတွေတော့ ရှိနေပါသေးတယ်။ သူတို့ကို သိအောင်လို့ ကွင်းဆင်း ပညာပေးတာမျိုးတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုပါသေးတယ်'' ဟု ခုခံအားကျဆင်းမှု ကူးစက်ရောဂါတားဆီး ရေးများကို ဆောင်ရွက်နေသူ ဆရာဝန်တစ် ဦးက ဆိုသည်။
အိတ်ခ်ျအိုင်ဗွီပိုးကာကွယ်နည်းများ
မည်သူနှင့်မဆို လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲတမ်း စနစ်တကျ အသုံးပြုရန်လိုအပ် ပြီး မိမိကိုယ်ကို ကာကွယ်နိုင်သလို ၄င်းတို့ အတွက်လည်းကာကွယ်ပြီးသားဖြစ်ပါသည်။
ဆေးထိုးရန်လိုအပ်ပါက တစ်ခါသုံးအပ် နှင့် ပြွန်ကိုသာ အသုံးပြုရန်လိုအပ်ပါသည်။မိခင်မှ သန္ဓေသားသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုလျှော့ချနိုင်မည့် နည်းလမ်းများရှိနေပြီ ဖြစ်သောကြောင့် အိတ်ခ်ျအိုင်ဗွီပိုးရှိသည့် အမျိုး သမီးတစ်ဦး ကိုယ်ဝန်ယူမည်ဆိုပါက တတ်ကျွမ်း နားလည်သည့် ဆရာဝန်နှင့် သေသေချာချာ တိုင်ပင် ဆွေးနွေးပြီးမှ ကိုယ်ဝန်ဆောင်သင့်ကြောင်း လည်းသိရသည်။
''အိမ်သာတစ်ခုတည်းသုံးတာတို့၊ ခြင်ကိုက် ခံရလို့တို့၊ ပွေ့ဖက်နမ်းရှုပ်၊ လက်ကိုင်တာတို့၊ အတူစားသောက်တာ ပစ္စည်းတွေ အတူသုံး တာနဲ့တော့ မကူးပါဘူး။ တစ်ခုရှိတာက နမ်း ရှုပ်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုမျိုးနမ်းတာ လဲ သွေးထွက်လောက်အောင်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကလဲ ဖြစ်နိုင်ခြေ နည်းပါတယ်'' ဟု ယင်းကပင် ဆိုသည်။
တစ်ခါတစ်ရံ၌ လူ့အခွင့်အရေးများသည် ခုခံအား ကျဆင်းမှုကူးစက်ရောဂါပိုးနှင့် လည်း ခွဲမရအောင် စပ်ဆိုင်လျက်ရှိပြီး၊ အိတ်ခ်ျအိုင် ဗွီ၊ အေအိုင်ဒီအက်စ် ရှိနေသူများ နှင့်အချို့သော လူသားများသည် အကြောက်တရား၊ စွဲလမ်းအယူ သည်းမှုများနှင့် အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက် သည့် ခွဲခြားဆက်ဆံမှုများကြောင့် သူတို့၏ လူ့အခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ခံရ လျက်ရှိကြောင်း ထိုသို့ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အိတ်ခ်ျအိုင်ဗွီရောဂါ ပျံ့နှံ့မှုကို ပိုပြီးကြီးမားစေသည့်အပြင် ရောဂါ၏ သက်ရောက်မှုကို ပိုမိုမြင့်မားလာစေနိုင်ကြောင်း နှင့် အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသူများသည် လွတ် လပ်စွာနှစ်သက်နိုင်မှု၊ လွတ်လပ်စွာရွေ့လျား သွားလာနိုင်မှု၊ လူအများကြား ပါဝင်နိုင်ခွင့် နှင့် ဥပဒေအရနစ်နာမှုများကို ကုစားခံပိုင်ခွင့်၊ တစ်ကိုယ်ရေ ဘဝရရှိပိုင်ခွင့်၊ ကျန်းမာရေးနှင့် ဆေးဝါးဆိုင်ရာ ဝန်ဆောင်မှု ရရှိပိုင်ခွင့်၊ ပညာ ရေးရရှိပိုင်ခွင့်၊ အလုပ်ခန့်အပ်ခံရပိုင်ခွင့်နှင့် မျှတသည့် အလုပ်ခွင် ကျင့်သုံးမှုများကို ခံစားပိုင်ခွင့် တို့ကို ဆုံးရှုံးရလေ့ရှိသည်ဟု Burnet Institute rS Senior Technical Officer ဒေါက်တာလှ ဌေးက HIV နှင့် လူ့အခွင့်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆိုသည်။
''ကျန်းမာရေး ရပိုင်ခွင့်တွေ၊ သင့်တင့် လျှောက်ပတ်တဲ့ လူမှုအဆင့်အတန်း ရပိုင်ခွင့်တွေ၊ သတင်းအချက်အလက်နဲ့ ပညာရေးရပိုင် ခွင့်တွေ၊ ခွဲခြားဆက်ဆံ မခံရမှု ရပိုင်ခွင့်တွေ မရဘူးဆိုရင် ပိုပြီး အထိနာစေနိုင်ပါတယ်'' ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် အထက် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ခန့်မှန်း ဦးရေမှာ ၂ဝ၁၃ ခုနှစ်တွင် ၁၈၅,ဝဝဝ ဦး၊ ၁၂၅, ဝ၄၃ ဦးမှာ ART ကုထုံးခံရရန် လိုအပ်နေပြီး ယင်းတို့အနက် (၅၄ ရာခိုင်နှုန်း) ကိုသာ ကုထုံး ဆေးဝါး ထောက်ပံ့မှုရရှိနေကြောင်း၊ အေအိုင်ဒီအက်စ်နှင့် ဆက်နွှယ်သည့် ရောဂါများကြောင့် သေဆုံးရသူ ခန့်မှန်းဦးရေ ၁၅ဝဝဝ ရှိပြီး အရွယ် ရောက်ပြီးသူများတွင် အိတ်ခ်ျအိုင်ဗွီ အသစ်တိုး ကူးစက်ခံရသူမှာ ၂ဝ၁၃ ခုနှစ်တွင် ၆၄ဝဝ ဦး ရှိသည်။ နေ့စဉ် ၁၉ ဦးနှုန်းဖြင့် အသစ်တိုးကူးစက် ခံနေရကြောင်းလည်း သိရသည်။
အသက် ၁၅ နှစ်နှင့်အထက် အရွယ် ရောက်ပြီး သူများအကြား အိတ်ခ်ျအိုင်ဗွီပျံ့နှံ့ မှုနှုန်းမှာ သုည ဒသမ ၄၉ ရာခိုင်နှုန်း၊ ဦးတည် အုပ်စုများအကြားတွင် အိတ်ခ်ျအိုင်ဗွီပျံ့နှံ့မှု နှုန်းမြင့်မားပြီး မူးယစ်ဆေးဝါး ထိုးသွင်းသူများတွင် ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူများတွင် ၁ဝ ဒသမ ၄ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သမားများတွင် ၈ ဒသမ ၁၉ ရာခိုင်နှုန်း ပျံ့နှံ့လျက်ရှိကြောင်း၊ အိတ်ခ်ျအိုင် ဗွီအသစ်တိုးကူးစက်ခံရသူ ၁ဝဝ တွင် မူးယစ်ဆေး အကြောထဲကို ထိုးသွင်းခြင်းကြောင့် ကူးစက်ခံ ရသူ ၃၂ ဦးရှိကြောင်း သိရသည်။
''မူးယစ်ဆေး ထိုးတာဟာဆိုရင် မြန်မာ နိုင်ငံမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီကူးစက်တဲ့ နည်းလမ်းတွေထဲမှာ အမျိုးသမီး၊ အမျိုးသားအကြား လိင်ဆက်ဆံမှုကြောင့် ကူးစက်ခံရတာပြီးရင် ဒုတိယအကျဆုံး ကူးစက်နည်းဖြစ်ပြီး ရောဂါ အသစ်ဖြစ်ပွားနှုန်းရဲ့ ၃ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါကို တုံ့ပြန်ဖို့အတွက် အန္တရာယ်လျှော့ ချရေးလုပ်ငန်းတွေကို နိုင်ငံတော်က စတင်ခဲ့တယ်။ လက်ရှိလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေရဲ့ လွှမ်းခြုံမှုကို တိုးမြှင့်နိုင်ဖို့ အတွက်လည်း အကျိုးတူ ပူးပေါင်း လုပ်ကိုင်သူများနဲ့ ဆက်လက် ပူးပေါင်းလုပ်ကိုင်နေပါတယ်ဟု မြန်မာနိုင်ငံ UNAIDS ဌာနေ ကိုယ်စားလှယ် Eamonn Murphy က ဆိုသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးထိုးသွင်းသုံး စွဲသူ ၇၅ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၂ဝ၁၃ ခုနှစ်ခန့်မှန်းအိတ်ခ်ျအိုင်ဗွီပိုးရှိသူ ၁၉၈ဝဝဝ ခန့်ရှိကြောင်းနှင့် နှစ်စဉ် ၁၅ဝဝဝ ခန့် မှာ အေအိုင်ဒီအက်စ်နှင့် ဆက်နွှယ်နေသော ရောဂါ များကြောင့် သေဆုံးနေကြသည်ဟုသိရှိ ရသည်။
3MDG သည် ၂ဝ၁၄ ခုနှစ်အတွင်း မူးယစ်ဆေး အကြောထဲသို့ ထိုးသွင်းသူ ၂၅ဝဝဝ ဦးထံ ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ် များရောက်ရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ဆေးထိုးအပ်နှင့် ဆေး ထိုးပြွန် ၃၁ သန်းကို ဖြန့်ဝေပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင်၂ဝ၁၃ ခုနှစ် အတွင်းတွင်လည်း မူးယစ်ဆေးအကြောထဲကို ထိုးသွင်းသူ ၁၉ဝဝဝ ထံ ဘေးအန္တရာယ်လျော့ ပါးရေးအစီအစဉ်များရောက်ရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးထိုးအပ်ဆေးထိုးပြွန် ၅ ဒသမ ၇ သန်းကျော်ခန့်ကို မူးယစ်ဆေးအကြော ထဲကို ထိုးသွင်းသူများထံ ဖြန့်ဝေပေးနိုင်ခဲ့ ကြောင်းလည်း သိရသည်။
ထိုအထဲတွင်မှ မူးယစ်ဆေးထိုးသွင်းမှု များ၊ အမျိုးသမီးလိင်အလုပ်သမများ၊ အမျိုး သားချင်း လိင်ဆက်ဆံသူများမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု အန္တရာယ်မြင့်မားသည့် အဓိကအုပ် စုများတွင်ပါဝင်ပြီး၊ ၂ဝ၁၂ ခုနှစ်တွင် တစ်ရက်လျှင် လူပေါင်း ၆၃ဝဝ ကို အိတ်ခ်ျအိုင်ဗွီ ကူးစက်လျက်ရှိကြောင်း သိရသည်။
ထိုအထဲမှ ၉၅ ရာခိုင်နှုန်းသောလူများသည် ဝင်ငွေနိမ့်သော၊ အလယ်အလတ်ရှိသော နိုင်ငံများမှဖြစ်ပြီး၊ ယင်းတို့မှ ၇ဝဝ သည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကာ ယင်းတို့မှ ၅၅ဝဝ သည် အသက် ၁၅ နှစ်နှင့် အထက် အရွယ်ရောက်ပြီး သူများဖြစ်သည်။
၄၇ ရာခိုင်နှုန်းသည် အမျိုး သမီးများ၊ ၃၉ ရာခိုင်နှုန်းသည် အသက်၁၅ နှစ် မှ ၂၄ နှစ် ကြား လူငယ်များဖြစ်သည်ဟုလည်း ဒေါက်တာစိုင်းလုံးတစ် Technical officer (HIV Prevention) က ဆိုသည်။
ကုလသမဂ္ဂ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ပူးပေါင်းအစီအစဉ် (UNAIDS)၊ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ အနေဖြင့် အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ကူးစက်ပြန့်ပွားခြင်းနှင့် အခြားဆက်နွှယ်သော ရောဂါများကို တားဆီးကာကွယ်ရန် အရေးကြီး သောလုပ်ငန်း ကိုးခုပါဝင်သည့် ပြီးပြည့်စုံသော လုပ်ငန်းစဉ်ကြီးတစ်ခုကို ဖော်ဆာင်နေသည်။
ယင်းတို့တွင် ဆေးထိုးအပ်နှင့်ဆေးထိုးပြွန် ဖြန့် ဖြူးပေးခြင်းနှင့် သိမ်းဆည်းပေးခြင်း အစီအစဉ်၊ (မက်သဒုံးကဲ့သို့သော) ဘိန်းအစားထိုး ကုထုံးများ၊ အိတ်ခ်ျအိုင်ဗွီပိုးစစ်ဆေးခြင်းနှင့် နှစ် သိမ့်ဆွေးနွေးအတိုင်ပင်ခံခြင်း၊ အေအာရ်တီ ကုထုံး၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးရေးနှင့် ကုသရေး၊ ကွန်ဒုံးဖြန့်ဝေခြင်း လုပ်ငန်းများ၊ မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများနှင့် ၄င်းတို့၏ လက်တွဲဖော် များကိုဦးတည်သော ပညာပေးသတင်းဖြန့်ဝေ ခြင်း၊ အသည်းရောင် အသားဝါရောဂါ ကာကွယ် ဆေးထိုးခြင်း၊ ရောဂါရှာဖွေကုသခြင်း၊ တီဘီ ရောဂါကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဝန်ဆောင်မှုများ ပါဝင်သည်။
ထို့ပြင် လိင်တူဆက်ဆံသူများ (MSM) အတွက် အိတ်ခ်ျအိုင်ဗွီရှိနိုင်ခြေမှာ အခြားလူမှု ဝန်းကျင်ထက် သာမန်အားဖြင့် ၁၃ ဆခန့်ပိုများ ကြောင်း ခန့်မှန်းထားသည်။ အာရှအပါအဝင် ဒေသအနှံ့အပြားတွင် MSM များအကြား အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိကာ အာရှတိုက် နိုင်ငံအနှံ့အပြားတွင် အိတ်ခ်ျအိုင် ဗွီကူးစက်မှုနှုန်း မြင့်တက်နေရခြင်း၏ အဓိက အကြောင်းအရင်းများမှာ အကာအကွယ်မဲ့ စအိုဖြင့်လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက် အများအပြား ထားရှိခြင်းနှင့် လိင်မှုဆိုင်ရာဆက် နွှယ်မှုများအား သိုသိပ်ထားခြင်းတို့ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံရှိ MSM များနှင့်TG ဦး ရေမှာ ၂၃ဝဝဝဝ ရှိသည်ဟု ခန့်မှန်းထားပြီး ယင်းတို့အတွင်း အိတ်ခ်ျအိုင်ဗွီပျံ့နှံ့မှုနှုန်းမှာ ၁ဝ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။
ပုသိမ်တွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ရှစ်ရာခိုင်နှုန်း၊ မန္တလေးတွင် ခြောက်ရာခိုင်နှုန်းတွေ့ရှိရ သည်ဟု PSI မှတ်တမ်းများအရ သိရသည်။
''လုံးဝပျောက်ကင်းအောင် ကုလို့ရတဲ့ အဆင့်အထိ မရောက်သေးပေမယ့် HIV ဗိုင်း ရပ်စ် ပိုးတွေ သွေးထဲမှာမျိုးပွားလာမှုကို ဖြတ် တောက်နှိမ်နင်းနိုင်တဲ့ ဆေးတွေကတော့ရှိ နေပါပြီ။ အဓိကကတော့ စိတ်ဓာတ်မကျဘဲ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူပါ။ ဒါဆိုရင် အသက်ရှည်နေထိုင်ဖို့အတွက် မျှော်လင့်ချက် ထားနိုင်ပါတယ်'' ဟု ခုခံအား ကျဆင်းမှုရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေသူဆရာဝန် တစ်ဦးက ဆိုသည်။
၂ဝ၁၂ ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းဒေသ ကြီး ၁၄ ခုလုံး (ရန်ကုန်နှင့် မန္တလေးတွင် အများစု) တွင် အကူအညီပေးလျက်ရှိသော လူဦးရေ စုစုပေါင်း ၆၈ဝ၆၇ ဦးရှိကြောင်း၊ ကွင်းဆင်း ပညာပေးနှင့် နားခိုရာနေရာများတွင် ထိရောက် စွာပေးနိုင်သည့် ဝန်ဆောင်အစီအစဉ်များ၊ လိင် ဝိသေသ လက္ခဏာကွဲပြားမှု သတ်မှတ်ချက်နှင့် ခံယူမှုများကို မြှင့်တင်ပေးခြင်း၊ အမူအကျင့် ပြောင်းလဲရေးနှင့် ဘဝတူ အချင်းချင်းကွင်းဆင်း ပညာပေးခြင်းဖြင့် ချဉ်းကပ်ဆောင်ရွက်ခြင်း၊ ကွန်ဒုံးပညာပေးနှင့် ဖြန့်ဝေမှု အစီအစဉ်များ၊ သင်ထောက်ကူပစ္စည်းများ၊ အိတ်ခ်ျအိုင်ဗွီနှစ် သိမ့်ဆွေးနွေးခြင်းနှင့် စစ်ဆေးခြင်း၊ TB ကာလသားရောဂါများ ရှိမရှိ ပုံမှန်စစ်ဆေးခြင်း နှင့် ကုသခြင်း၊ မျိုးဆက်ပွားကျန်းမာရေးဝန် ဆောင်မှုများ၊ ART ကုသနည်း၊ စိတ်အပန်း ဖြေဖွယ်ရာ အစီအစဉ်များ၊ စိတ်ပိုင်းဆိုင်ရာ နှင့်ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့များကို ပြည်တွင်းအဖွဲ့အစည်းများမှာ ရှိသည့် ဘဝတူ အဖွဲ့ဝင်များမှ အကူအညီပေးခြင်းနှင့်ညွှန်းပို့ ပေးခြင်းများကို ပြုလုပ်ပေးကြောင်းလည်း သိရှိရသည်။
အချုပ်အားဖြင့်ဆိုရသော် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟု ဆိုရိုး စကားရှိသလို ရောဂါပိုး ခန္ဓာတွင်းသို့ ဝင်ရောက် ကူးစက်မခံရခင်က ကြိုတင် ကာကွယ်ထားလေ့ ရှိသော အသိပညာ ဗဟုသုတနှင့် အလေ့အကျင့် ကောင်းများရှိနေပါက ပိုမို၍ လုံခြုံစိတ်ချရတဲ့ ဘဝကို ပိုင်ဆိုင်မှာမို့ လိင်အပျော်အပါးရှောင်ပါ။ မိမိ၏ဇနီး၊ ခင်ပွန်းအပေါ်သစ္စာရှိပါ။ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးပါ။ မရှောင်နိုင်လျှင် ကွန်ဒုံး (Condom) သုံးပါဟု အကြံပြုပြောဆို လိုက်ရပါသည်။
နှစ်စဉ်ဒီဇင်ဘာ ၁ ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ ဟုသတ် မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ AIDS ရောဂါ တိုက်ဖျက်ရေးအတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့သည်။
ခင်မြန်မာအောင်
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group - အေအိုင်ဒီအက်စ်ရောဂါ ကမ္ဘာကြီးကို စိုးမိုးနေဆဲလား




