ကူးစက်ရောဂါများထဲတွင်
ကြောက်စရာ အကောင်းဆုံးဖြစ်သော အေအိုင်ဒီအက်စ်ရောဂါ သံသရာမလည်စေရန် အတွက်
ရောဂါခံစားနေရသော ဝေဒနာရှင်များသည် မိမိ၏ ဇနီး၊ ခင်ပွန်းနှင့် အတူတကွ
ပေါင်းသင်းနေထိုင်ရာတွင် သတိပြုဆင်ခြင်နေထိုင်သင့်ကြောင်း တောင်ဥက္ကလာပမြို့
နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဌ ဒေါက်တာစောနိုင်ထံမှသိရသည်။
“ရောဂါခံစားနေရတဲ့
ဝေဒနာရှင်က မိမိရဲ့ဇနီး၊ ခင်ပွန်းနဲ့ အတူတကွပေါင်းသင်းနေထိုင်တဲ့အခါ
တစ်ဦးနဲ့တစ်ဦး ရောဂါပိုးမကူးစက်နိုင်အောင် ကာကွယ်မှုတွေ ပြုလုပ်ထားသင့်တယ်။
လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုတွေပြုလုပ်ထားခြင်းမရှိဘဲ
ပေါင်းသင်းနေထိုင်မယ်ဆိုရင် ရောဂါပိုးကူးစက်ခံရမှာပဲ။ ဒီ မိဘ နှစ်ပါးကနေ သားသမီး
မွေးဖွားလိုက်မယ်ဆိုရင် ကလေးမှာလည်းရောဂါပိုး ကူးစက်သွားနိုင်တယ်။ ဒါဆိုရင်
ရောဂါပိုးကူးစက်မှုဟာ သံသရာလည်သွားပြီး ဆုံးမှာမဟုတ်တော့ဘူး။” ဟု ဒေါက်တာ စောနိုင်က
ပြောကြားသည်။
ဝေဒနာရှင်များအား
ခွဲခြားနှိမ့်ချဆက်ဆံမှု မပြုလုပ်ရန်နှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများ
ဆောင်ရွက်ပေးရန် လိုအပ်ပြီး ဝေဒနာရှင်များနှင့် အတူနေ ဇနီး၊ ခင်ပွန်းများမှာ
လုံခြုံစိတ်ချရသော ကာကွယ်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း သိရသည်။
အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားစေသော HIV ဗိုင်းရပ်စ်ပိုးမှာ သာမန် လက်ပွန်းတစ်တည်း
ဆက်ဆံနေထိုင်ခြင်းဖြင့် ကူးစက်ခြင်းမရှိဘဲ ဝေဒနာရှင်ဇနီး၊ ခင်ပွန်းနှင့်
ပေါင်းသင်းဆက်ဆံခြင်းဖြင့် လည်းကောင်း၊ ဝေဒနာရှင်၏ သွေးမှ တစ်နည်းနည်းဖြင့်
အခြားသူသို့ သွေးနှောခြင်း ဖြစ်စေသည့် ဝေဒနာရှင်သုံးစွဲပြီး ဆေးထိုးအပ်ကို
အခြားသူမှ ထပ်မံသုံးစွဲခြင်း၊ ဝေဒနာရှင် ထိခိုက်ဒဏ်ရာ ရရှိခြင်း စသည့်
အကြောင်းများကြောင့်သာ ရောဂါပိုး ကူးစက်နိုင်ကြောင်း သိရသည်။
ဇနီး၊
ခင်ပွန်း မရှိသော ဝေဒနာ ရှင်များအနေဖြင့်လည်း မိမိမှတဆင့် အခြားသူသို့ ရောဂါ
မကူးစက် နိုင်စေရန်အတွက် အခြားသူများနှင့် သွေးနှောစေမည့်
ပေါင်းသင်းဆက်ဆံမှုများကို ရှောင်ရှားသင့်ပြီး ပေါင်းသင်းဆက်ဆံရန် လိုအပ်ပါကလည်း
လုံခြုံစိတ်ချရသော ကာကွယ်မှု နည်းလမ်းများ ပြုလုပ်သင့်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်
အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များအား အစိုးရအဖွဲ့အစည်းများ၊ NGO များ၊ INGO
များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားအဖွဲ့အစည်းများမှ ပြုစုစောင့်ရှောက်ခြင်း၊
နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများ အင်တိုက်အားတိုက်
ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
(စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၅)၊ အမှတ်(၂၉)
၁၇-၂-၂၀၁၀)




