23
Dec

အေအိုင်ဒီအက်စ် နေ၀င်ချိန် ရောက်တော့မလား

ပြီးခဲ့သည့် နှစ်ပေါင်း (၃၀) နီးပါး လူသားထုကို ခြိမ်းခြောက်ခဲ့၊ လူသန်းပေါင်းများစွာကို သေမင်းရွာသို့ ပို့ဆောင်ခဲ့သော အေအိုင်ဒီအက်စ်သည် နေ၀င်ချိန် ရောက်ဖို့ နီးလာပြီဟု အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ဆိုလိုက်သည်။

ပြီးခဲ့သည့် နှစ်က အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူ ပမာဏသည် ထိုတစ်နှစ်တာ အတွင်း အိပ်ခ်ျအိုင်ဗွီကြောင့် အေအာဗွီဆေး သောက်သုံးနေရသူ ပမာဏထက် နည်းပါးခဲ့သည်။ အသစ် ကူးစက် ခံရသူပမာဏ ကျဆင်း လာခြင်းသည် အေအိုင်ဒီအက်စ် နေ၀င်ချိန် ရောက်ဖို့ နီးကပ်လာခြင်း၏ ရှေ့ပြေး လက္ခဏာ ဖြစ်သည်။ သို့သော် ၀မ်းသာနေရုံနှင့် မလုံလောက်၊ အေအိုင်ဒီအက်စ်ကို နေ၀င်ချိန်ဆီ မြန်မြန် ရောက်အောင် အခုထက်တိုး ကြိုးပမ်းပြီး ၀ိုင်းတွန်း ပို့ကြဖို့ လိုမည်ဟု ဆင်းရဲမှု တိုက်ဖျက်ရေးနှင့် ကာကွယ်နိုင်သော ရောဂါများ တိုက်ဖျက်ရေး လှုပ်ရှားနေသည့် ပရဟိတ အဖွဲ့ကြီး ဖြစ်သော ONE အဖွဲ့က ပြောသည်။

“တစ်ကမ္ဘာလုံး အတိုင်းအတာ အားဖြင့် အေအိုင်ဒီအက်စ်ကို အနိုင်တိုက်ရေး ဘက်က အလေး သာသထက် သာလာနေပါပြီ။ ဒါပေမဲ့ တစ်နိုင်ငံချင်း အနေနဲ့ နောက်ပြတ် ကျန်နေတဲ့ နိုင်ငံတွေ ရှိနေပါသေးတယ်။ အဲဒီလို နိုင်ငံတွေကနေ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါက်ကွဲ ပြန့်နှံ့နိုင်စရာ ရှိတာကြောင့် မပေါ့ဆကြဖို့ လိုပါတယ်။ ရထားတဲ့ တိုးတက်မှုလေးတွေ ချက်ချင်း သဲထဲ ရေသွန် ဖြစ်သွားနိုင်ပါတယ်” ဟု ONE အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး မူဝါဒ အကြီးအကဲ အာရင်း ဟိုဖယ်ဒါက သတိပေး ပြောကြားသည်။

အေအိုင်ဒီအက်စ် ရောဂါ ဖြစ်စေသော အိပ်ခ်ျအိုင်ဗွီပိုးသည် သွေး၊ သုတ်ရည်၊ နို့ရည် စသည်တို့မှ တစ်ဆင့် လူသား တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်သည်။ လက်ရှိ အချိန်ထိ အေအိုင်ဒီအက်စ်ကို အမြစ်ပြတ် တိုက်နိုင်သော ဆေးဝါး မပေါ်ပေါက်သေး။ ဆေးဝါး အမျိုး မျိုး စပ်ပေါင်း ဖွဲ့စည်း ထားသော အေအာဗွီဆေးများ သောက်သုံးလျှင်ကား အေအိုင်ဒီအက်စ် ရောဂါ ထပ်တိုး မလာအောင် တားထားနိုင်ပြီး ဝေဒနာရှင်သည် လူ့သက်တမ်းစေ့ နေထိုင်နိုင်သည့် အခြေအနေကိုကား ရောက်ရှိနေပြီ။

ကုလသမဂ္ဂ၏ စာရင်းများ အရ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူ (၃၅) သန်း ရှိကြောင်း သိရသည်။ ထိုတစ်နှစ် အတွင်း အသစ် ကူးစက်ခံရသူက (၂ ဒသမ ၁) သန်းရှိသည်။ အိပ်ခ်ျအိုင်ဗွီကြောင့် အေအိုင် ဒီအက်စ် ရောဂါ ဖြစ်ပွားပြီး သေဆုံးရသူက (၁ ဒသမ ၅) သန်းရှိခဲ့သည်။ အာဖရိက တောင်ပိုင်းခြမ်း ဒေသသည် အိပ်ခ်ျအိုင်ဗွီဒဏ် အခံရဆုံး ဖြစ်သည်။

လွန်ခဲ့သော နှစ် (၃၀) ခန့်က စတင်ပြီး အိပ်ခ်ျအိုင်ဗွီသည် လူသားများကို ဒုက္ခပေးခဲ့ပြီး အေအိုင်ဒီ အက်စ်ရောဂါကြောင့် လူသန်း (၄၀) ခန့် သေဆုံးခဲ့သည်။ အိပ်ခ်ျအိုင်ဗွီ ပိုးရှိသူများ အေအိုင်ဒီအက်စ် ရောဂါ ရှင်အဖြစ်သို့ မရောက်အောင် ထိန်းပေးမည့် အေအာဗွီဆေး သောက်သုံးနိုင်သည်။ ကုလသမဂ္ဂ အေအိုင်ဒီအက်စ် အဖွဲ့အစည်း UNAIDS ၏ စာရင်းအရ ၂၀၁၄ ဇွန်လအထိ ကမ္ဘာတစ်ဝန်း အေအာဗွီဆေး သောက်သုံးနေသူပေါင်း (၁၃ ဒသမ ၆) သန်းထိ ရှိပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က ငါးသန်းသာ ရှိခဲ့ရာမှ တိုးလာခြင်းဖြစ်ရာ အေအိုင်ဒီအက်စ် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ရက်များ ကျယ်ပြန့် အားကောင်းလာခြင်း အကျိုးဆက် ဖြစ်သည်။

Source: Reuters
ကိုထိုက်

The Messenger - အေအိုင်ဒီအက်စ် နေ၀င်ချိန် ရောက်တော့မလား 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top