မြန်မာပြည်တွင်း၌ ရှိစဉ်က တလတွင် ကျနော် တာဝန်ခံအယ်ဒီတာအဖြစ်
လုပ်ကိုင်နေသည့် မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သည့်
အယ်ဒီတာ့အာဘော် တခုရေးသားဖြစ်ခဲ့သည်။ ‘အမြင်များပြောင်းလဲရေး နှင့်အေအိုင်ဒီအက်စ်ရောဂါ’
ဟူသည့် ခေါင်းစဉ်နှင့်ဖြစ်သည်။ စာပေစိစစ်ရေးမှ တာဝန်ရှိသူများက
ကျနော်ရေးသည့် အယ်ဒီတာ့အာဘော်ကို တပုဒ်လုံးခွင့်မပြုဘဲ အရေးကြီးသည့်
စာပိုဒ်တပိုဒ်ကို ဆင်ဆာဖြတ်လိုက်သည့်အတွက် အာဘော် ပျောက်ပြီး ဘာဆိုလိုမှန်းမသိ
ဖြစ်ခဲ့ရသည်။
ကျနော်ရေးခဲ့သည့် စာသားအတိုင်း အတိအကျကို မမှတ်မိတော့။ ကျနော်၏
အာဘော်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု၊ အေအိုင်ဒီအက်စ်ရောဂါ
ဖြစ်ပွားမှုနှုန်းထားကို လျော့ကျအောင်ထိန်းချုပ်လိုလျှင် ရောဂါပိုးကူး စက်နိုင်သည့် လမ်းကြောင်းများကို
ဖြတ်တောက်ဖို့ ကြိုးစားရမည်။ အန္တရာယ် နည်းနိုင်သမျှနည်းအောင် အကာအကွယ် ယူကြဖို့
ဆွေးနွေးပညာပေးရမည်။ ထိုအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လိင်ကိစ္စအပေါ် ရှုမြင်သည့်
မြန်မာ့လူ့အဖွဲ့အစည်း ၏အမြင်တချို့ ကိုလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသားခဲ့သည်။
ဥပမာအားဖြင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းရာမှတဆင့်
ကူးစက်သည့်နှုန်းကို လျော့ကျအောင် လုပ်ဆောင်မည်ဆိုလျှင် အာဏာပိုင်များအနေနှင့်
ရောင်းဝယ်ဖောက်ကားသည့် လမ်းကြောင်းကို အရင် ဆုံးဖြတ်တောက်ဖို့ ကြိုးစားရမည်။
ရောင်းသူရှိ၍ သုံးစွဲသူရှိနေခြင်းအပေါ် သုံးစွဲသူများကို ဖမ်းဆီး အရေးယူနေခြင်းသည်
မှန်ကန်သည့် နည်းလမ်းဟုတ်မဟုတ် ပြန်လည် သုံးသပ်သင့်သည်။ အရေးယူမည့်အစား
ဆွေးနွေးပညာပေးခြင်းဖြင့် သုံးစွဲမှု လျော့နည်း အောင်လုပ်ဆောင်ရမည်။
မသုံးစွဲရလျှင်မနေနိုင်၍ သုံးစွဲ နေရသူများကိုလည်း ပုန်းလျှိုးကွယ်လျှိုး ဖြစ်သလို
လုပ်နေကြ မည့်အစား ရောဂါပိုးကူးစက်မှု လျော့နည်း အောင် တခါသုံးဆေးထိုးအပ်တွေ
သုံးစွဲဖို့ အကြံပြုရမည်။ မူးယစ်ဆေးဝါး ဖြတ်ပြီး လူကောင်းပကတိ
ပြန်ဖြစ်လာသူများကိုလည်း ‘ဘိန်းစား၊
ဖိုးသမား’ဟူသည့် ရှေးရိုးစွဲအမြင်များနှင့် ၀ိုင်းပယ်
မထားကြဘဲ လူ့အသိုင်းအ၀ိုင်းထဲ ပြန်လည်ဝင်ဆံ့လာနိုင်အောင် လက်တွဲ ခေါ်ဆောင်ဖို့အတွက်
လူတဦးချင်းစီ၏ အမြင်များပြောင်းလဲဖို့လိုအပ်ကြောင်းရေးသားခဲ့သည်။
လိင်ကိစ္စနှင့်ပတ်သက်၍လည်း လူမှန်လျှင် ဇီဝကမ္မတောင်းဆိုမှု (Physiological
Demand)ရှိကြောင်း၊ လူတဦးနှင့်တဦး ဇီကမ္မတောင်းဆိုမှု
မတူညီသည့်အလျောက် လိင်စိတ်နိုးကြားမှုလည်း မတူညီကြောင်း၊ ထို့အတွက် လိင်ဆက်ဆံမှု
အကြိမ်ရေ အနည်းအများသည် တဦးနှင့်တဦး မတူညီနိုင်သလို လိင်ဆက်ဆံ ခြင်း အပေါ်လည်း ရှက်စရာအမှုကိစ္စအဖြစ်
မရှုမြင်ကြစေလိုကြောင်း၊ ပြည့်တန်ဆာ လုပ်ငန်းများနှင့် ပတ်သက်၍လည်း လုံးဝပပျောက်အောင်
မလုပ်နိုင်ဘဲ ပုန်းလျှိုးကွယ်လျှိုး ရှိနေမည့်အတူတူ ကျန်းမာရေးစစ် ဆေးပြီး စနစ်တကျ
လုပ်ကိုင်စေခြင်းက ရောဂါကူးစက်မှု နှုန်းထားကို အကြီးအကျယ် ကျဆင်းစေနိုင်ကြောင်း အကြံပြု ရေးသားခဲ့သည်။
အိပ်ခ်ျအိုင်ဗွီပိုးအဓိကကူးစက်ရာလမ်းကြောင်းများသည်
(၁)အကာအကွယ်မသုံးဘဲလိင်ဆက်ဆံခြင်း။
(၂)ပိုးသတ် သန့်စင်ထားခြင်း မရှိသည့်
ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို အသုံးပြု၍ မူးယစ်ဆေးဝါးနှင့် အကြောဆေးများကို တယောက်ပြီး
တယောက် အကြောထဲ ထိုးသွင်းခြင်း။
(၃)သေချာစွာ စမ်းသပ် စစ်ဆေးထားခြင်း မရှိသည့် သွေး၊သွေးရည်ကြည်နှင့်
သွေးတွင်ပါရှိသော ဓာတ် ပစ္စည်း တမျိုးမျိုးကို သွေးကြောထဲသို့ ဆေးထိုးအပ်၊ ပိုက်များနှင့်ထိုးသွင်းခြင်း။
(၄)အိပ်ခ်ျအိုင်ဗွီပိုးရှိသည့် မိခင်မှတဆင့် ကလေးငယ်ဆီသို့ ကိုယ်ဝန်ဆောင်ချိန်၊
မီးဖွားချိန်နှင့်နို့တိုက် ချိန်များတွင် ကူးစက်ခြင်းတို့ဖြစ်သည်။
ထိုသို့ အဓိက ကူးစက်နိုင်သည့် နည်းလမ်း(၄)ခုအနက် လိင်ဆက်ဆံခြင်းကြောင့်
ကူးစက်နိုင်မှု အန္တရာယ် (၀.၁-၁%)၊ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းခြင်းကြောင့်
ကူးစက်နိုင်မှု အန္တရာယ်(၀.၅-၁%)၊ မိခင်မှ ကလေးသို့ ကူးစက်နိုင်မှု အန္တရာယ်(၂၀-၄၀%)၊သွေး၊သွေးရည်ကြည်နှင့်သွေးမှ
ဓာတ်ပစ္စည်း တမျိုးမျိုးသွင်းခြင်းဖြင့် ကူးစက်နိုင်မှု အန္တရာယ်(၉၀%) ကျော်ရှိသော်လည်း
တကမ္ဘာလုံးတွင် နည်းတနည်း ချင်းအလိုက် ကူးစက်ထားသည့် အရေအတွက်တွင်မှု လိင်ဆက်ဆံခြင်းကြောင့်
ကူးစက်မှု ၈၀%၊ မူးယစ် ဆေးဝါးကို အကြောထဲထိုးသွင်းခြင်းကြောင့် ကူးစက်မှု ၉%၊
မိခင်မှ ကလေးသို့ ကူးစက်မှု ၈%နှင့် သွေး၊ သွေးရည်ကြည်နှင့် သွေးမှဓာတ်ပစ္စည်း တမျိုးမျိုးကို
သွင်းခြင်းကြောင့် ကူးစက်မှု ၃% ရှိသည်ကို လေ့လာ စစ်တမ်းကောက်ယူမှုများအရသိရှိရပေသည်။
အထက်ပါ အညွှန်းကိန်းများကို သုံးသပ်ကြည့်လျှင် လိင်ဆက်ဆံခြင်းနှင့်
မူးယစ်ဆေးဝါးကို အကြောထဲထိုးသွင်းခြင်းတို့ သည် ကူးစက်နိုင်မှုအန္တရာယ် အနည်းဆုံးနည်းလမ်း(၂)သွယ်
ဖြစ်ကြသော်လည်း ကူးစက်ထားသည့် အရေအတွက်တွင်မူ အများဆုံးဖြစ်နေသည်ကို တွေ့ရပေသည်။
ထို့ကြောင့်လည်း ကျနော်၏ အယ်ဒီတာ့စကားတွင် အရေအတွက် အများဆုံး ကူးစက်မှု
ဖြစ်ပွားနေသည့် အထက်ပါနည်း လမ်း(၂)သွယ်ကို အဓိကထား ဖြတ်တောက်ဖို့
အကြံပြုရေးသားခဲ့ခြင်းဖြစ် သည်။ စာပေစိစစ်ရေးက မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်သည့်
အကြံပြုတင်ပြမှုကို ခွင့်ပြုသော်လည်း လိင်ဆက်ဆံခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့်
တင်ပြမှုများကို မူခွင့်မပြုခဲ့ပေ။
မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အာဏာပိုင်ပုဂ္ဂိုလ်များနှင့်
ပြည်သူအများစုက မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လိင်ကိစ္စအပေါ် ပွင့်လင်းသည့်
အမြင်သဘောထားများနှင့် လက်ခံရှုမြင်မှု မရှိကြသေးဘဲ မကောင်းမှုဒုစရိုက်ကိစ္စ၊ ရှက်စရာ
ရွံစရာကိစ္စ ရပ်များအဖြစ်သာ ရှုမြင်နေကြဆဲဖြစ်သည်ကို တွေ့ရပေသည်။ အေအိုင်ဒီအက်စ်ရောဂါနှင့်
ပတ်သက်၍လည်း ‘ဘယ်သူမပြု မိမိမှု’ ဆိုသည့်
ဆောင်ပုဒ်ဖြင့် ကူးစက်ခံစားရသူ ဝေဒနာသည်များအပေါ် အပြစ်ဖို့သည့်သဘော သတိပေးနှိုးဆော်သည်
များကိုသာ တွေ့ရပေသည်။ ‘ဘယ်သူမပြု မိမိမှု’ ဟူသော ဆောင်ပုဒ်သည် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းမှု ကြောင့်နှင့် လိင်အပျော်အပါး
လိုက်စားမှုကြောင့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက်
ဆီလျော်မှု ရှိကောင်းရှိမည် ဖြစ်သော်လည်း အခြားနည်းလမ်း(၂)ခုဖြင့်
အပြစ်မဲ့စွာကူးစက်ခံစားရသူ ဝေဒနာသည်များ အတွက်မူ ရက်စက်လွန်းရာကျသည့် ဆောင်ပုဒ်တခု
ဖြစ်နေသည်ကို တွေ့ရပေသည်။
ယနေ့အချိန်အခါတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များအား
လူအများစုက ၀ိုင်းပယ်ကြသည့် အဓိက အကြောင်းတရားသည် မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် လိင်အပျော်အပါး
လိုက်စားတို့အပေါ် အပြစ်မြင်သည့် သဘောထား ကြောင့်ဖြစ်သည်။ ထိုသို့ အပြစ်မြင်ပြီး
ရှက်စရာ၊ဂုဏ်သိက္ခာကျဆင်းစရာ ရောဂါတခုဖြစ်ပွားသည်ဟု သဘောထား နေကြခြင်းဖြစ်သည်။
ထို့ကြောင့်လည်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ဝေဒနာသည်များနှင့်
မပတ်သက်ချင်ကြခြင်း၊ ကိုယ့်ဆွေမျိုးသားချင်းပင် ဖြစ်လင့်ကစား ဝေးဝေး
နေလိုကြခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အမြင်အသီးသီးမှ
ကြည့်လျှင်လည်း ထိုကိစ္စများအပေါ် အပြစ် မြင်သည့် သဘောထားများရှိကြမည်မှာ
အမှန်ပင်ဖြစ်သည်။ သို့သော် လူတဦးချင်းစီ၏ လူသားဆိုင်ရာ အခွင့်အရေး ရှုထောင့်အရ
ကြည့်လျှင်မူ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် လိင်အပျော်အပါး လိုက်စားခြင်းတို့ကို
ကိုယ်ကျင့်တရား ပျက်ပြား သည့် ဂုဏ်သိက္ခ္ခာကျ၊အရှက်ရစရာ ကိစ္စရပ်များအဖြစ် ရှုမြင်စရာအကြောင်းမရှိပေ။
ရောင်းသူ(စီးပွားရှာသူ)နှင့် ၀ယ်သူ (ဆန္ဒရှိသူ) နှစ်ဦးနှစ်ဖက် သဘောတူကြည် ဖြူ၍
လုပ်ကြသည့် ကိစ္စရပ်များအဖြစ် နားလည် ကြည့်မြင်ပေး၍ ရပေသည်။ သို့သော်
ရောဂါကူးစက်ရန် အခွင့်အရေးများသည့် အုပ်စု(Risk Group)များဖြစ်၍
တတ်နိုင်ပါက ဖြတ်တောက်ဖို့၊ မဆင်ခြင်နိုင်၍ ပြုလုပ်ပါကအကာအကွယ်ယူကြဖို့တိုက်တွန်းသတိပေးရပေမည်။
အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနိုင်သည့် အပြုအမူ ပိုင်းဆိုင်ရာနှင့်
ပတ်သက်၍ သုတေသန ပြုလုပ်နေသူ ဒေါက်တာ ခင်မောင်လွင်(လမ်းမတော်)က ‘ပုထုဇဉ်တွေဟာ ကာမဘုံလူသားတွေပါ။ကာမဂုဏ်အာရုံတွေကို နှစ်နှစ်ခြိုက်ခြိုက် လိုက်စားသူတွေပါ။
… ခက်တာက တဏှာနဲ့ ကိုယ်အချင်းချင်း သူကပိုဆိုး တယ်လို့ လက်ညှိုးထိုး
အပြစ်တင်တတ်တဲ့ လူ့သဘာဝပါပဲ။ ဒုက္ခရောက်သူကို အပြစ်ပုံချတာမျိုးတွေဟာ
အေအိုင်ဒီအက်စ်ကိစ္စမှာ မူးယစ်ဆေးဝါးထက် ပိုပြီး သိသာ ထင်ရှားလာပါတယ်။
မကောင်းမှုပြုတဲ့ သူတွေ ကိုယ်ဖြစ်ကိုယ်ခံ။အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို
လူ့အသိုက်အ၀န်းနဲ့ ဝေးရာပို့ထားရမယ်ဆိုတဲ့စိတ် ကူးတွေ လွှမ်းမိုးခဲ့ဖူးပါတယ်။
ဒါတွေဟာ အိပ်ခ်ျအိုင်ဗွီပြဿနာ ကြီးထွားစေတဲ့ အကြောင်း ရင်းပါပဲ’ဟု လိင်ကိစ္စနှင့် ပတ်သက်၍ အပြစ်မြင်တတ်ကြပုံကို သူ၏ဆောင်းပါးတွင် ထိုသို့ ထည့်သွင်းရေးသားခဲ့သည်။
အချုပ်အားဖြင့် ဆိုရလျှင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များကို
လူ့အသိုင်းအ၀ိုင်းက ပစ်ပယ်ကြခြင်းသည် ဂုဏ်သိက္ခာကျ အရှက်ရစရာ ရောဂါဖြစ်နေသူများဟု ရှုမြင်မှုကြောင့်
အဓိကဖြစ်သည် ကိုတွေ့ မြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်ကြခြင်းသည် မိမိတို့
ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ လက်ခံ ရာ ကျင့်သုံးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၏
သြဇာလွှမ်းမိုးမှုများနှင့်လည်း များစွာ သက်ဆိုင်နေသည်ကို တွေ့ရပေသည်။
ထိုသို့မဟုတ်ဘဲ လူသားဆိုင်ရာ အခွင့်အရေး ရှုထောင့်မှ ပြောင်းလဲကြည့်မြင်ပေးလျှင်မှု
ထိုဝေဒနာသည်များကို အသက်အန္တရာယ်ရှိသည့် ကူးစက်ရောဂါ ခံစားရသူများ အဖြစ်သာရိုးရိုး
ရှင်းရှင်း ရှုမြင်နိုင်မည် ဖြစ်ပေသည်။ ထိုအခါ ဝေဒနာသည်များကို ၀ိုင်းပယ်ဖို့ မစဉ်းစားကြတော့ဘဲ
ကူညီ ဖေးမချင်စိတ်များ ဖြစ်ပေါ်လာပေမည်။ ထိုသို့ အပြစ်မမြင် ချစ်ခင်ကြင်နာသည့်
စိတ်ဓာတ်များဖြင့်သာ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ပြန့်ပွားမှု
နှုန်းထားကို ကျဆင်းအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ‘အေအိုင်ဒီအက်စ်
ကြုံတွေ့သူ၊ စာနာကြည်ဖြူ လက်တွဲကူ’ ဟူသော ဆောင်ပုဒ်အတိုင်း
ကျင့်ကြံနိုင်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
ဒေါက်တာလွဏ်းဆွေ
ဆောင်းပါး
အေအိုင်ဒီအက်စ် ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား




