16
Mar

အေအိုင်ဒီအက်စ် ၊ ကင်ဆာနှင့် CXCR4 မော်လီကျူး

မိုးကတဖွဲဖွဲရွာနေ၏။

 

အနက်ရောင် စူပါကက် မော်တော်ဆိုင်ကယ် တစ်စီးသည် လမ်း ၃ဝ တစ်လျှောက်
အနောက်မှ အရှေ့ သို့ မောင်းနှင်နေ၏။

 

ဒေါက်တာလင်းနိုင်ထွန်းသည် ဆိုင်ကယ်မောင်းနှင်ရင်း အရှေ့အရပ်မှ
ပြာလဲ့ညိုမှောင်သော ရှမ်း တောင်တန်းကြီးကို ငေးကြည့်နေမိ၏။

 

၇၄ လမ်းထိပ်သို့ ရောက်သောအခါ တောင်ဘက်သို့ ချိုးကွေ့လိုက်၏။
မကြာမီ ဒဏ္ဍာရီ လက်ဖက် ရည် ဆိုင်ရှေ့တွင် ရပ်သွား၏။

 

ဒေါက်တာလင်းနိုင်ထွန်းသည် ဆိုင်ကယ်မှဆင်းကာ ဆိုင်အတွင်း
ဝင်သွားရာ ကြိုတင်ရောက်ရှိနေ သော ဒေါက်တာဝင်းဝင်းမြ၊ ဒေါက်တာမိုးမိုးခင်၊ ဒေါက်တာသီတာမိုးကြည်နှင့်
ဒေါက်တာဝင်းနီလာ တို့က ဆီး ကြိုနှုတ်ဆက်လိုက်၏။

 

“လာ၊ ကိုလင်း၊ ထိုင်၊ ဘာသောက်မလဲ”

 

“ဖန်ချိုပဲ မှာလိုက်ကွာ။ ဘာသတင်းထူးသေးလဲ”

 

“ကိုလင်း နောက်ဆုံးထုတ် science ဂျာနယ်ဖတ်ပြီးပြီလား”

 

“မဖတ်ရသေးဘူး၊ ဘာပါလို့ လဲ”

 

“ထူးဆန်းတဲ့ မော်လီကျူး တစ်ခုအကြောင်း ပါတယ်။ ဆရာဦးနှင်း
မောင်ဆီက ဂျာနယ်ငှားလာတယ်၊ ဆရာ ဦးနှင်းမောင်က ငှားရုံတင် မကဘူး ရှင်းလဲပြလိုက်တယ်”

 

ဟုတ်လား၊ ကိုယ့်လဲရှင်းပြ လိုက်တော့”

 

“ကဲ- ဝင်းကပဲ တာဝန်ယူရှင်း ပြလိုက်တော့”

 

ဒေါက်တာလင်းနိုင်ထွန်းက မုံရွာသားဖြစ်၏။ ဒေါက်တာဝင်းဝင်းမြကလည်း
မုံရွာသူဖြစ်၏။ တစ်နယ် သားချင်းဖြစ်၍ ပိုရင်းနှီးကြ၏။

 

“ရပါတယ်၊ ရှင်းပြလိုက်ပါ့မယ်။ ဒီမော်လီကျူးက အတော်ထူး ဆန်းတယ်။
အိပ်ခ်ျအိုင်ဗီပိုး ကူးစက်တာ နဲ့ရော၊ ကင်ဆာရောဂါနဲ့ရော၊ ဆက်စပ်မှုရှိနေတယ်။ ဒီမော်လီကျူးကို
ပညာရှင်တွေက X-Ray Crystallography နည်းပညာသုံးပြီး လေ့ လာခဲ့တယ်”

 

“ဘယ်က ပညာရှင်တွေလဲ”

 

“California က ပညာရှင်တွေကွ၊ မော်လီကျူးနာမည်က CXCR4 တဲ့။
ဒီမော်လီကျူးကို လေ့လာ ရာကနေ ရောဂါကုဖို့ ဆေးဝါးသစ်တွေရလာ နိုင်တယ်။ လူနာတွေ ကောင်းကျိုးအတွက်
အသုံးဝင် လာနိုင်တယ်တဲ့”

 

“ဟန်ကျတာပေါ့ကွာ”

 

“ဒီ မော်လီကျူးက ပရိုတိန်း အုပ်စုတစ်စုထဲမှာ ပါတယ်။ အဲဒီ
ပရိုတိန်းအုပ်စုကို G-Protein Cou-pled Receptors လို့ခေါ်တယ်။ အတို ကောက် GPCR လို့
ခေါ်တယ်။ ဒီအုပ်စုက ဆဲလ်ပေါ်မှာ သြဇာသက် ရောက်တယ်၊ သူတို့တာဝန်က ပြင်ပက အချက်ပြ လှုံ့ဆော်မှုတွေ
ဆဲလ်အတွင်းထဲကို ပို့ဆောင်ပေး တာပဲကွ၊ ဒီလို သတ္တိရှိတဲ့အတွက် ဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်
အတော်များများကို လုပ်ဆောင်ပေး နိုင်တယ်။ ဥပမာ- ဆဲလ်ကြီးထွားမှု၊ ဆဲလ်ပွားများမှု၊ ဟိုမုန်းထုတ်လုပ်မှု
စတဲ့လုပ်ငန်း တာဝန်တွေ ပေါ့ကွာ”

 

“ထူးဆန်းတယ်နော်”

 

“သဘာဝအလျောက် CXCR4 ဟာ ကိုယ်ခံစွမ်းအားစနစ်ကိုလဲ လှုံ့ဆော်တယ်၊
ဆဲလ်လှုပ်ရှားမှုကိုလဲ လှုံ့ဆော်တယ်၊ ဒါက မူလတာဝန်ပေါ့ကွာ။ ဒါပေမယ့် လှုံ့ဆော်မှုတွေက ပုံမှန်မဟုတ်ဘဲ
ဖောက်ပြန် လာတဲ့အခါ CXCR4 လဲ ဖောက်ပြန်လာတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အားပေးတယ်။
ကင်ဆာဆဲလ် ပျံ့နှံ့မှုကိုလဲ အားပေးတယ်”

 

“ပြင်ပလှုံ့ဆော်မှုက ဖောက်ပြန် သွားတာကိုး”

 

“ဟုတ်တယ်ကွ၊ CXCR4 အကြောင်းလေ့လာရတာလဲ မလွယ်လှဘူး။ ဒီမော်လီကျူးရဲ့
ဖွဲ့စည်းတည် ဆောက်ပုံ ကိုသိဖို့ သုံးနှစ်ကြာ ကြိုး စားအားထုတ်ခဲ့ရတယ်။ ဒီမော်လီကျူးက
ပုံအမျိုးမျိုး ပြောင်းနေ တယ်။ Crystal Form ဖြစ်မှ X-Ray ရိုက်လို့ ရတယ်ဆိုတော့
Crystal Form ဘဝ ရောက်အောင် မနည်းလုပ်ယူရတယ်”

 

“အတော်ကြိုးစားရတာပဲနော်”

 

“အေး၊ ဟုတ်တယ်၊ ဒီမော်လီကျူးမှာ တည်ဆောက်ပုံ မူကွဲငါးမျိုးတောင်
ရှိတယ်။ ပြီးတော့ မော်လီကျူး နှစ်ခုတွဲတွေ အနေနဲ့ တည်ရှိတာ တွေ့ရတယ်။ Closely
Linke Pairs တွေပေါ့ကွာ”

 

“အေး၊ ဆက်ပါဦး”

 

“ဒီသုတေသနကို ဦးဆောင်တာက Professor Raymond Steven တဲ့ကွ၊
သူက Scripps Research Institute က ပညာရှင်တစ်ဦးပဲ။ သူကပြောတယ် GPCR အုပ်စု ဟာ
Chemokine လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်း အမျိုးအစား တွေပါပဲတဲ့။ ခုလို CXCR4 ရဲ့ ဖွဲ့စည်းတည်ဆောက်
ပုံကို သိရတော့ GPCR အုပ်စုရဲ့ အချက်ပြ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားကိုပါ
ဖော်ထုတ် နိုင်ပါပြီတဲ့”

 

“ဒီ တွေ့ရှိချက်က အတော် အသုံးဝင်မယ့်ပုံဘဲ”

 

“ဝင်တာပေါ့ကွာ။ HIV ပိုးတွေ သွေးဖြူဥဆဲလ်ထဲဝင်တဲ့အခါ
CXCR4 ကို သုံးတာလဲ ရှိတယ်။ ဒါကြောင့် HIV ပိုးမကူးစက်အောင် လုပ်နိုင်မယ့် ဆေးဝါးတွေ
ပေါ်လာနိုင်စရာ ရှိတာပေါ့ကွာ”

 

“အေးကွာ၊ အလားအလာ ကောင်းပဲကွာ”

 

“ပြီးတော့ ကင်ဆာကိုလဲ ကုနိုင်ဦးမှာကွ”

 

“ဝမ်းသာစရာပါပဲကွာ”

 

“Keith Alcorn ဆိုတာက NAM အဖွဲ့ကကွ၊ NAM ဆိုတာက စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲပဲ၊
ဒီအဖွဲ့က HIV ပိုးကူးစက်ခံနေရတဲ့ ဝေဒနာ ရှင်ကို စေတနာနဲ့ကုသပေးတယ်။ သူကပြောတယ်၊
HIV ပိုးဟာ ဆဲလ်ထဲဝင်ဖို့ ဝင်ပေါက်မျိုးစုံ သုံးစွဲတယ် တဲ့။ Receptor ခေါ်တာပေါ့။ ပထမ
ပိုင်းမှာ CCR5 ဆိုတဲ့ ဝင်ပေါက်ကို သုံးတယ်။ ပညာရှင်တွေက CCR5 ကို အတော်လေ့လာခဲ့ကြတယ်”

 

“သဘောက CCR5 ကို ပိတ် ဆို့နိုင်ဖို့ ကြံစည်ကြတာထင်တယ်”

 

“ဟုတ်တယ်ကွ၊ CCR5 ကို ပိတ်ထားနိုင်ရင် ဗိုင်းရပ်စ်လဲ မဝင်နိုင်
တော့ဘူးပေါ့။ ဒါပေမယ့် ဗိုင်းရပ်စ် ကလဲ ဥာဏ်အများသား၊ တချို့ ဗိုင်းရပ်စ်တွေဟာ
CCR5 သုံးရာကနေ CXCR4 ကို ပြောင်းသုံးဖို့ အလား အလာရှိနေတယ်တဲ့”

 

“တယ်လဲ ဥာဏ်များတဲ့ဗိုင်း ရပ်စ်ပဲ”

 

“ဟုတ်တယ်ကွ၊ ဘာဖြစ်လို့ ဒီလိုပြောင်းလဲရာတာလဲ ဆိုတာကိုတော့
ပါရဂူတွေလဲ အခုထိ အဖြေရှာ လို့ မရသေးဘူး”

 

“အတော်နက်နဲတဲ့ ပုစ္ဆာပဲနော်”

 

“ဆေးကုမ္ပဏီ အတော်များများက CCR-5 Receptor ကို ပိတ်ပင်ထားနိုင်တဲ့
ဆေးဝါးတွေဖော်ထုတ် ခဲ့ပြီးပြီ၊ ဒါကလဲ HIV ကို မျိုးဖြုတ်ချင်လို့ပဲ။ ဒီတော့ CCR-5
ကိုရော၊ CXCR4 ကိုရော နှစ်မျိုးလုံးပိတ်ထားနိုင်မှ တန်ကာကျလိမ့် မယ်တဲ့”

 

“ပါရဂူတွေ ဦးနှောက်ခြောက် ရမယ့်ကိစ္စပဲ”

 

“တကယ်ကို ခြောက်ရမှာပဲ။ တစ်ဘက်က CXCR4 ဟာ ပုံမှန်ကိုယ် ခံစွမ်းအားစနစ်
အလုပ်လုပ်တဲ့ နေရာမှာ လဲပါနေသေးတယ်။ အရမ်းပိတ်ပစ်လို့ လဲမရဘူး။ ဝါးလုံးရှည်နဲ့ သိမ်းကျုံး
ရိုက်လို့မရသေး ဘူး။ အသေပိတ် လိုက်ပြန်ရင်လဲ ပုံမှန်လုပ်ငန်းတွေ ထိခိုက်ကုန်မယ်၊ မလုပ်ပြန်ရင်လဲ
ပိုးတွေ ဝင်လာ မယ်၊ အတော်ခေါင်းခဲစရာ ကိစ္စပါကွာ”

 

“လှေနံနှစ်ဘက်နင်းသလိုဖြစ် နေပြီ”

 

“ဒါကြောင့် Keith Alcorn က ပြောတာပေါ့ကွာ၊ CXCR4 ကို ပိတ်ဆို့ရင်ဖြစ်ပေါ်လာမယ့်
နောက်ဆက် တွဲပြဿနာတွေကိုပါ ထည့်သွင်းစဉ်း စားထားရမယ်တဲ့”

 

“ထောင့်စေ့အောင် စဉ်းစားရ မယ့် သဘောပေါ့ကွာ”

 

“အေး၊ ဟုတ်တယ်၊ စဉ်းစားရမယ်”

 

“တခြား ပါရဂူတွေ ဘာပြောသေးလဲ”

 

“Cancer Research UK rSm Senior Science Information
Officer  တစ်ယောက်ရှိတယ်။ နာမည် က
Josephine Querido တဲ့။ သူက ခု သုတေသနကို ကြိုဆိုပါတယ်တဲ့။ CXCR5 ဟာ ကင်ဆာတစ် မျိုးနဲ့ပတ်သက်ဆက်နွယ်နေမှန်းသိရတာ
တကယ်ကို အသုံးဝင်ပါတယ်တဲ့။ ကင်ဆာကုထုံးမှာ အသုံး ဝင်မယ့် ဆေးဝါးသစ်တွေလဲ ပေါ်လာနိုင်လိမ့်မယ်တဲ့”

 

“ထောက်ခံတဲ့ သဘောပဲကွ”

 

“Querido ကထောက်ခံတာပါပဲ၊ ဆေးဝါးသစ်တွေ မပေါ်ခင် ကာကွယ်ရေးကို
သမားရိုးကျ နည်းလမ်း နဲ့ပဲ ဆက်လုပ်ကြရမယ်ကွ”

 

“ဒါဆို တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးရမယ်၊ လင်နဲ့မယား
အပြန်အလှန် သစ္စာရှိရမယ်။ အပျော်အပါး ရှောင်ကြဉ်ရမယ်။ မလိုအပ်ဘဲ သွေးမသွင်းဘူး၊ မလိုအပ်ဘဲ
ဆေးမထိုးရဘူး။ ဆေးမင်ကြောင် မထိုးရဘူး။ မူးယစ် ဆေး မသုံးရဘူး။ တစ်ခါသုံး ဆေးထိုးအပ်တွေ
သုံးရမယ်။ အပျော်အပါး မရှောင်နိုင်ရင် ကွန်ဒုံးသုံးရမယ်။ ဒါတွေ လိုက်နာသင့်တယ်ကွ”

 

“ပြည်သူလူထုကို ကျယ်ကျယ် ပြန့်ပြန့် ပညာပေး စည်းရုံးရမယ်”

 

“ဟုတ်တယ်၊ စည်းရုံးရမယ်၊ တစ်ဘက်ကလဲ အပျော်အပါးနဲ့ စီးပွားရှာရတဲ့
နေရာတွေကို ပြတ်ပြတ် သားသား အရေးယူပစ်ရမယ်”

 

“ဟုတ်တာပေါ့ကွာ”

 

ထိုစဉ် လက်ဖက်ရည်ဆိုင် အတွင်းသို့ ရန်ကုန်မှ ဧည့်သည်တစ်ဦးနှင့်
ဓာတ်ခွဲမှူး ကိုညိုမြင့်တို့ ဝင်လာ ကြ၏။

 

“ဆရာလင်း၊ ဒါကဓာတ်ခွဲမှူး ကိုဥာဏ်အုန်းပါ။ မန္တလေးကို အလည်လာတာ”

 

“တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်အိမ်မှာ တည်းပါ။ ဒီညီမ တွေကလဲ
သူငယ်ချင်းတွေပါ၊ သူတို့ ကလဲ ဖော်ရွေပါတယ်”

 

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဘုရားဖူးလာ တာပါ။
ကိုညိုမြင့် မိတ်ဆွေပါ”

 

“လက်ဖက်ရည် သုံးဆောင်ပါ။ ပြီးရင် ဘုရားကြီးဖူးရအောင်လိုက်ပို့
ပေးမယ်”

 

“ကျေးဇူးပါပဲဆရာ”

 

ရည်ညွှန်းချက်။ ။ BBC News မှ Molecule Struture Offer
Clue to HIV and Cancer Treatment ဆေးပညာ ဆောင်း ပါးကို မှီငြမ်း ကိုးကားပါသည်။။

 

အောင်(ဆေး-၁)

 

ဈေးကွက်ဂျာနယ်
- အေအိုင်ဒီအက်စ် ၊ ကင်ဆာနှင့် CXCR4 မော်လီကျူး( အောင်(ဆေး-၁)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top