7
Dec

အေအိုင်ဒီအက်စ်ရောဂါ ရန်ပုံငွေ အခက်အခဲရှိ

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ တိုက်ဖျက်ရေးမှာ ရန်ပုံငွေ မလုံမလောက် ဖြစ်လာရင် အခက်အခဲတွေ ပိုကြုံလာ နိုင်တယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။

Global Fund အဖွဲ့ကနေ မြန်မာနိုင်ငံက နောက်ထပ် စီမံကိန်းတွေမှာ ထည့်ဝင်မယ့် ရန်ပုံငွေကို မထည့်ဝင်နိုင်တော့ဘူး ပြောလိုက်တာမို့ အခြေအနေတွေဟာ ထပ်ဆိုးနိုင်တယ်လို့ အင်္ဂါနေ့က ရန်ကုန်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ NGO တွေ၊ သံတမန်တွေနဲ့ ပရဟိတလုပ်သားတွေရဲ့ အစည်းအဝေးမှာ ဆွေးနွေး ခဲ့ကြပါတယ်။

လက်ရှိ အဓိက စိန်ခေါ်မှုကတော့ ဘဏ္ဍာငွေ အရင်းအမြစ် ပြတ်လပ်မယ့် အန္တရာယ်ဖြစ်တယ်၊ HIV/AIDS တိုက်ဖျက်ရေး စီမံကိန်းကို ဆက်လက် ထိမ်းထားနိုင်ဖို့နဲ့ တိုးချဲ့နိုင်ဖို့ အတွက် ဘဏ္ဍာငွေ လိုအပ်မှုတွေ ရှိနေပါတယ်လို့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ဆိုင်ရာ UNAIDS အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှုး ဒေါက်တာ ဆန်းဂန်းက ဘီဘီစီကို ပြောပါတယ်။

HIV/AIDS တိုက်ဖျက်ရေး အတွက် မြန်မာနိုင်ငံကနေ ငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ မဟာဗျူဟာမြောက် အမျိုးသားစီမံကိန်းအနေနဲ့ လုပ်ဆောင်နေရာမှာ အခုလက်ရှိ တစ်နှစ်ကို ဒေါ်လာ သန်း ၄၀ နီးပါး သုံးစွဲနေတယ်လို့ သိရပါတယ်။ ဦးတည်ချက်ရဲ့ သုံးပုံ ၂ ပုံလောက် သုံးစွဲနိုင်တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ Global Fund အဖွဲ့ဟာ စုစုပေါင်း ရန်ပုံငွေရဲ့ ခန့်မှန်းချက်အားဖြင့် တ၀က်နီးပါးလောက် ထောက်ပံ့နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ မစ္စတာ ဆန်းဂန်းက ဆိုပါတယ်။

''ရန်ပုံငွေ အလုံအလောက်မရရင်တော့ လက်ရှိသွှားနေတဲ့ လမ်းကြောင်းထက် အခြေအနေက ပိုဆိုး နိုင်ပါတယ်'' လို့ သူကပြောပါတယ်။ အသစ်ကူးစက်မှုနှုန်းတွေ ပြန်လည် မြင့်မားလာနိုင်သလို ဆေးဝါးလိုအပ်မှုလည်း ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDS ချက်ချင်းလက်ငင်း ကူးစက်နိုင်တဲ့ အန္တရာယ် ရှိသူတွေထဲမှာ ပြည့်တန်ဆာတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေ ပါဝင်ပါတယ်။

ရန်ပုံငွေဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ကုလသမဂ္ဂနဲ့အတူ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေအနေနဲ့ Global Fund အဖွဲ့က ရံပုံငွေ ပိုပေးနိုင်ဖို့ ပြန်လည်တင်ပြ တောင်းဆိုဖို့ ရှိသလို တခြားအလှူရှင်နိုင်ငံတွေဆီလည်း ချဉ်းကပ်သွားမယ်၊ နောက်ပြီး မြန်မာအစိုးရ ဘက်ကလည်း HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဒီထက်ပိုပြီး ရန်ပုံငွေထည့်ဝင် သုံးစွဲဖို့လည်း တိုက်တွန်းမှာ ဖြစ်တယ်လို့ မစ္စတာ ဆန်းဂန်းက ပြောပါတယ်။

ဘီဘီစီ - အေအိုင်ဒီအက်စ်ရောဂါ ရန်ပုံငွေ အခက်အခဲရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top